အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီကတစ်ဆင့် နိုင်ငံတော်အစိုးရကို တင်ပြပြီး ဆရာ ဆရာမလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်

ဦးရဲသီဟကျော်

အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ နော်မြစေးနှင့် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်က မောင်တောမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ဒေသခံများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လက်ရှိမောင်တောမြို့၏ ပညာရေးအခြေအနေ၊ ရှေ့ဆက်လုပ်ဆောင်သွားမည့် ပညာရေးမြှင့်တင်ဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့သည်-

နော်မြစေး (ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီ)

mdn

အခုလို တွေ့ဆုံပွဲတွေ ပြုလုပ်ပေးခြင်းဟာ ဆရာ ဆရာမတွေအတွက် စိတ်ဓာတ်အား မြှင့်တင်ပေးတဲ့သဘောပါ၊ ဒီတွေ့ဆုံပွဲမှာဆရာ ဆရာမတွေရဲ့ တင်ပြချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့်တွေကိုလည်း ဆက်လက်တင်ပြမယ်၊ မောင်တောမြို့ ပညာရေးမြှင့်တင်မှုအတွက် လွှတ်တော်ပိုင်းအနေနဲ့ ညှိနှိုင်းပေးတဲ့ သဘောပါ၊ ဘယ်လိုဆောင်ရွက်ပေးမလဲ၊ ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲဆိုတာတော့ ပညာရေးဝန်ကြီးဌာနနဲ့ ပြန်ညှိနှိုင်းပေးရမှာဖြစ်ပါတယ်။

ဒေါ်စိုးစိုး (အထက်န်းပြ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း)

mdn

မောင်တောမြို့ရဲ့ ပညာရေးမြှင့်တင်မှုအပိုင်းအနေနဲ့ ကျောင်းသား၊ မိဘ၊ တာဝန်ရှိသူတွေပေါင်းပြီး လုပ်ကြရမယ်လို့ထင်တယ်၊ ဒီလိုတွေ့ဆုံပွဲ လုပ်ပေးခြင်းအားဖြင့် မောင်တောမြို့ရဲ့ အခြေအနေကို အထက်က တာဝန်ရှိသူတွေလည်း သိသွားမယ်၊ ဒီလိုသိသွားပြီး လိုအပ် တာတွေ ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် တိုးတက်လာမယ်လို့ ထင်ပါတယ်၊ နောက်ပြီး ဆရာ ဆရာမတွေအတွက် ကျောင်းကားတွေ ဆောင်ရွက် ပေးနိုင်မယ်ဆိုရင် သွားလာရေး အဆင်ပြေသွားမှာ ဖြစ်ပါတယ်၊ မဖွင့်နိုင်သေးတဲ့ ကျောင်းတွေတောင် သွားလာရေးအဆင်ပြေမယ်၊ လုံခြုံရေးအဆင်ပြေမယ်ဆိုရင် ကလေးတွေ ပညာသင်ဖို့ အဆင်ပြေလာမယ်လို့ မြင်ပါတယ်၊ လက်ရှိအခြေအနေကတော့ သွားလာရတာ အဆင်မပြေဘူး၊ ဖြစ်စဉ်ပြီးတဲ့ နောက်ပိုင်းမှာ ကားခတွေ ဈေးကြီးသွားတယ်၊ School Bus  စီစဉ်ပေးမယ်ဆိုရင် ဆရာ ဆရာမတွေအတွက် သွားလာရေး အဆင်ပြေမယ်၊ လမ်းစရိတ်တွေလည်း အဆင်ပြေသွားမှာပါ။

ဦးဝေစိန်အောင် (စစ်တွေမြို့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

mdn

အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက လွှတ်တော်ပိတ်ရက်အတွင်းမှာ စစ်တွေ၊ ဘူးသီး တောင်၊ မောင်တော၊ ရသေ့တောင် ဒေသတွေမှာ ပညာရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ သွားရောက်ပြီးတော့ လုပ်ဆောင်ချင်ပါတယ်ဆိုပြီး ဥက္ကဋ္ဌ ဆီမှာ ခွင့်တောင်းတယ်၊ ခွင့်ပြုချက်ရတော့ ဇန်နဝါရီ ၆ ရက်မှာ နေပြည်တော်က စထွက်ပါတယ်၊ ၈ ရက်မှာ စစ်တွေမြို့ ပြည်နယ်၊ ခရိုင် ပညာရေးမှူးတွေ၊ ပညာရေးဝန်ထမ်း တွေနဲ့ တွေ့ဆုံခဲ့ပါတယ်၊ တွေ့ဆုံပွဲမှာ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်၊ အဲဒီနေ့မှာပဲ စစ်တွေ တက္ကသိုလ်က ပါမောက္ခချုပ်နဲ့ တာဝန်ရှိသူတွေကိုတွေ့ဆုံပြီး လိုအပ်တာတွေဆွေးနွေးပါတယ်၊ ဒါ့အပြင် စစ်တွေ မြို့ပေါ်က နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်က ဆရာ ဆရာမ တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အင်္ဂလိပ် ခေတ်ကတည်းက အထင်ကရကျောင်း ဖြစ်တဲ့ အထက(၂)ကို သွားရောက်လေ့လာခဲ့ပါတယ်။
၉ ရက်မှာ ရသေ့တောင်၊ ဘူးသီး တောင်မြို့နယ်မှာရှိတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပညာရေးဝန်ထမ်းတွေက သူတို့မြို့နယ်မှာ ပဋိပက္ခဖြစ်စဉ်တွေကြောင့် ကျောင်းတွေ ပိတ်ထားရတာတွေ၊ ပြီးတော့ ဆရာ ဆရာမ လစ်လပ်နေမှုကို ဖြည့်ဆည်းပေးဖို့ဆိုတဲ့ သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေတင်ပြပါတယ်။

ဦးရဲသီဟကျော် (ကျောင်းဆရာ၊ အမက(ခွဲ)ခူတိုင်)

mdn

အခုလို အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီကလာရောက်တွေ့ဆုံပေးတာ ကောင်းပါတယ်၊ မောင်တောမြို့နယ်မှာက ပဋိပက္ခဖြစ်စဉ်တွေကြောင့် ပညာရေးစနစ်ကို နိမ့်ကျစေပါတယ်၊ နောက်ပြီးတော့ ဆရာ ဆရာမအင်အားနဲ့ ကျောင်းသား အချိုးက မမျှတဘူး ဖြစ်နေတယ်၊ အဲဒါကြောင့် လိုအပ်နေတဲ့ ဆရာ ဆရာမတွေ ဖြည့်ဆည်းပေးဖို့ တင်ပြခဲ့ပါတယ်၊ ကျေးရွာတွေဘက်မှာ စာသင်ပေးရတာက မြို့ပေါ် ကျောင်းတွေနဲ့ မတူဘူး၊ အခက်အခဲတွေရှိတယ်၊ မိဘတွေက သူတို့ သားသမီးတွေကို ပညာရေးဘက်မှာ အားပေးတာ မရှိသလောက်ရှားတယ်၊ ကျောင်းသား ကျောင်းသူတွေကလည်း ပညာရေးဘက်မှာ စိတ်ဝင်စားမှု နည်းပါတယ်၊ နောက်ပြီးတော့ ဆရာ ဆရာမလိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ အလွန်အရေးကြီးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ နယ်ဘက်က ကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်း(ခွဲ)မှာဆိုရင် စုစုပေါင်း ဆရာ ဆရာမ သုံးယောက်ပဲရှိတဲ့အတွက်ကြောင့် ကလေးတွေ စာတတ်မြောက်ဖို့ သင်ကြားရေးအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေပါတယ်၊ အဲဒါကြောင့် ဒီနေ့ရောက်ရှိလာတဲ့ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက တာဝန်ရှိသူတွေက တစ်ဆင့် နိုင်ငံတော်အစိုးရကို တင်ပြပြီး ဆရာ ဆရာမ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့် ထားပါတယ်။

ဦးနေမျိုးနိုင်(ကျောင်းဆရာ၊ အမက(ခွဲ) ခူတိုင်)

mdn


အခုလိုမျိုး အမျိုးသားလွှတ်တော်ပညာရေးမြှင့်တင်မှု ကော်မတီက တာဝန်ရှိသူတွေ လာရောက်တွေ့ဆုံတဲ့ အတွက် ဆရာ ဆရာမတွေအနေနဲ့ ပညာရေးဘက်မှာ ပိုမိုအာရုံစိုက်ပြီး လုပ်ဆောင်လာမယ်လို့ မျှော်လင့်ပါတယ်၊ ပဋိပက္ခတွေဖြစ်နေတဲ့ အနေအထားမှာ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ အားလုံးက စိုးရိမ်ထိတ်လန့်မှုကြောင့် သင်ကြားမှု သင်ယူမှုအပိုင်းမှာ အာရုံစိုက်လို့ မရသေးပါဘူး၊ လုံခြုံမှုမရှိဘူး ဆိုတဲ့စိတ်တွေ၊ ကြောက်စိတ်တွေကြောင့် ဖြစ်ပါတယ်၊ အခုဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကုစားဖို့ဆိုရင် အချိန်ပေးရမှာပါ၊ ဇန်နဝါရီ ၅ ရက်က ဖြစ်စဉ်ကြောင့် စိုးရိမ်ထိတ်လန့်မှုကိုပိုမိုဖြစ်စေပါတယ်၊ လုံခြုံမှုရှိတယ်ဆိုတဲ့စိတ်ခံစားချက်ကို ရာနှုန်းပြည့် ယုံကြည်မှုရလာအောင် တာဝန်ရှိသူတွေ အနေနဲ့ လုပ်ဆောင်ပေးရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။

တွေ့ဆုံမေးမြန်း - အောင်ရဲလွင်- ကိုမင်း
ဓာတ်ပုံ - အောင်မင်း