နေပြည်တော် ၁၄ ဖေဖော်ဝါရီ
၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ ဒေသများအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေရေး ရည်ရွယ်ချက်ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း (NEP)ကို ဦးစားပေးအဆင့်များ သတ်မှတ်၍ လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီး အပြည့်အဝရရှိနိုင်ရေး ပထမဦးစားပေးအနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်းရှိ ကျေးရွာများ၊ ဒုတိယဦးစားပေးအနေဖြင့် ဓာတ်အားစနစ်နှင့် ၂ မိုင်မှ ၅ မိုင်အတွင်းရှိ ကျေးရွာများ၊ တတိယဦးစားပေးအနေဖြင့် ဓာတ်အားစနစ်နှင့် ၅ မိုင်မှ ၁၀ မိုင်အတွင်းရှိ ကျေးရွာများနှင့် နောက်ဆုံးအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၁၀ မိုင်အထက် ကျေးရွာများ စသည်ဖြင့် ဦးစားပေးအဆင့်များ သတ်မှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ပထမဦးစားပေးဖြစ်သည့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်းကျေးရွာများ လျှပ်စစ်မီး အပြည့်အဝရရှိရေး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက မြေပြင်ကွင်းဆင်းတိုင်းတာ စာရင်းပြုစုချက်များအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဓာတ်အားရရှိနိုင်မည့် ၂ မိုင်အတွင်း ကျေးရွာစုစုပေါင်း ၅၀၈၀ ရှိကြောင်း သိရသည်။
ယခုအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၉ သန်း ခန့်ရှိမည်ဟု ခန့်မှန်းပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ အိမ်ထောင်စုပေါင်း ၄ ဒသမ ၇၄ သန်း (၄၃ ဒသမ ၆၀ ရာခိုင်နှုန်းခန့်) လျှပ်စစ်မီးရရှိပြီး ဖြစ်သည့်အတွက် အိမ်ထောင်စု ၆ ဒသမ ၁၅ သန်း (၅၆ ဒသမ ၄၇ ရာခိုင်နှုန်း) လျှပ်စစ်မီးရရှိရန် လိုအပ်လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
မျိုးသူဟိန်း


