အမျိုးသားကျောင်း ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

၁၃ ဒီဇင်ဘာ

(၁)

ရန်ကုန်တက္ကသိုလ်ကြီးသည်  ခက်ခဲကြမ်းတမ်းသော မြန်မာနိုင်ငံ နိုင်ငံရေးခရီးကြမ်းအမျိုးမျိုးကို  တစိုက် မတ်မတ် ဖြတ်သန်းရင်းဖြင့် တက္ကသိုလ် အသွင်သဏ္ဌာန် ကို တဖြည်းဖြည်းချင်း ရုပ်လုံးဖော်ခဲ့ရခြင်းဖြစ်သည်။ ထိုသို့ ခေတ်ကာလအမျိုးမျိုးကို ကြိုးစားအားထုတ် ဖြတ်သန်းရင်းပင် နိုင်ငံ့လွတ်လပ်ရေးအတွက် စွန့်လွှတ် အနစ်နာခံတတ်သည့် အာဇာနည်များ၊ သူရဲကောင်းများ၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် စွမ်းစွမ်းတမံ အားထုတ်တတ်သည့် လူစွမ်းကောင်းများ၊ မြန်မာ့လူ့အဖွဲ့အစည်းသာမက ကမ္ဘာကပါ အသိအမှတ်ပြုရသည့် အတွေးအခေါ် အမြော်အမြင်ပြည့်ဝသည့်    ခေါင်းဆောင်များစွာကို မွေးထုတ်ပေးနိုင်သည့် စွမ်းရည်လည်း ရှိခဲ့ပေသည်။   သည်နယ်မြေ၊ သည်ဝန်းကျင်တွင် ကျောင်းသားဘဝ၊ ဆရာဘဝတို့ဖြင့် ဆယ်စုနှစ် နှစ်စုနီးပါးကြာ ကျင်လည်ခဲ့ရသည့် စာရေးသူအနေဖြင့် ယခုကဲ့သို့ ရန်ကုန် တက္ကသိုလ်ကြီး၏     ရာပြည့်အမှတ်တရအချိန်တွင် တက္ကသိုလ်ကြီးနှင့်ပတ်သက်သည့်   အကြောင်းအရာ  တစ်စုံတစ်ခုကို ရေးသားချင်စိတ်၊     မျှဝေခံစားလိုစိတ်  တကယ်ပင် ဖြစ်လာမိ၏။

(၂)

အမှန်တွင် စာရေးသူသည် ရန်ကုန်တက္ကသိုလ်ကြီး တွင် ပညာဆည်းပူးခွင့်ရခဲ့သူမဟုတ်ပေ။ ရန်ကုန်စီးပွား ရေးတက္ကသိုလ်တွင် ဘောဂဗေဒဘာသာရပ် အထူးပြုလေ့လာခဲ့သူ တစ်ယောက်သာဖြစ်သည်။ ရုတ်တရက် စဉ်းစားပါက စီးပွားရေးတက္ကသိုလ်မှ ဘောဂဗေဒအထူးပြု ကျောင်းသားတစ်ယောက်အနေဖြင့် ရန်ကုန် တက္ကသိုလ်နှင့် ပတ်သက်ဆက်နွှယ်မှု များများစားစား မရှိဟု ထင်နိုင်ဖွယ်ရှိ၏။  တကယ့်လက်တွေ့တွင် ထိုသို့မဟုတ်။ စာရေးသူအပါအဝင် စီးပွားရေးတက္ကသိုလ် ဘောဂဗေဒအထူးပြု ကျောင်းသားများသည် ရန်ကုန်တက္ကသိုလ်ကြီးနှင့် လွန်ခဲ့ပြီးသော အတိတ်ကာလများကလည်း ဆက်စပ်မှုရှိခဲ့သကဲ့သို့ မဝေးသေးသည့် အတိတ် ကာလများကလည်း ဆက်စပ်မှု ရှိခဲ့ဖူးသည်။  

ထိုအကြောင်းများ စဉ်းစားမိ၊ လေ့လာမိသောအခါ အမိစီးပွားရေးတက္ကသိုလ်    အဆောက်အအုံကြီး အကြောင်း၊  မိခင်ဘာသာရပ်  ဘောဂဗေဒအကြောင်းတို့ ခေါင်းထဲရောက်လာသည်။ ရန်ကုန်စီးပွားရေး တက္ကသိုလ် အဆောက်အအုံသည် ရန်ကုန်တက္ကသိုလ်နယ်မြေထဲ၌ ရန်ကုန်တက္ကသိုလ် လူမှုရေးသိပ္ပံ အဆောက်အအုံအဖြစ် ဘွဲ့နှင်းသဘင် အဆောက်အအုံကြီးနှင့် ဘေးချင်းယှဉ်လျက် လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်းက ရှိနေခဲ့ သည့် အဆောက်အအုံဖြစ်သည်။

အတိတ်ကို ပြန်ကြည့်မိသည်။ ရန်ကုန်တက္ကသိုလ် နယ်မြေသည် ၁၉၂၀ ပြည့်နှစ်မှ စတင်ခဲ့ပြီး  ရန်ကုန် တက္ကသိုလ်ဘွဲ့နှင်းသဘင်အဆောက်အအုံကိုမူ ၁၉၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် စတင်အုတ်မြစ်ချတည် ဆောက်ခဲ့သည်။ ၁၉၃၁ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့၏။ ယခု ရန်ကုန်စီးပွားရေးတက္ကသိုလ် ဖွင့်လှစ်ထားသည့် အဆောက်အအုံကို ၁၉၅၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၅၈ ခုနှစ် ဇွန်လတွင် ပြီးစီးခဲ့သည်။ ထိုအချိန်က လူမှုရေး သိပ္ပံမဟာဌာနကို ထားရှိသောကြောင့် လူမှုရေးသိပ္ပံ အဆောက်အအုံဟု ခေါ်ခဲ့ကြပြီး  ၁၉၆၄ ခုနှစ် ပညာရေး စနစ်သစ်အရ စီးပွားရေးတက္ကသိုလ် ထူထောင်ခွင့်ရသောအခါ အဆိုပါအဆောက်အအုံသည် စီးပွားရေးတက္ကသိုလ် ဖြစ်လာသည်။ ယခု ၂၀၂၀ ပြည့်နှစ်မှစ၍ နောက်ပြန် ရေတွက်ပါက ဘွဲ့နှင်းသဘင်အဆောက်အအုံသည် နှစ်ပေါင်း ၈၉ နှစ်နှင့် ရန်ကုန် စီးပွားရေးတက္ကသိုလ် အဆောက်အအုံမှာ နှစ်ပေါင်း  ၆၂ နှစ်ပင် ရှိခဲ့ပြီ။ ဤသို့ဆိုလျှင် သာယာလှပသည့် အင်းလျားကန်၏ မလှမ်းမကမ်း၌ နှစ်ပေါင်းများစွာ အတူရှိခဲ့ ကြသော ထိုအဆောက်အအုံကြီးများသည်    ငယ်ပေါင်း ကြီးဖော်များဟု ဆိုရလောက်မည် ထင်သည်။ 

(၃)

ထိုအချိန်က {မုံရွာစီးပွားရေးတက္ကသိုလ်(၁၉၉၈)နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ် (၂၀၀၀)တို့ကို မထူထောင် သေးပါ။} ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တစ်နိုင်ငံလုံးမှ လာရောက်ကြသည့် စီးပွားရေးဘာသာရပ် (ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းအင်း) အထူးပြု ကျောင်းသားများ တက်ရောက်သင်ကြားခဲ့ကြသည်။ ပထမနှစ်နှင့် ဒုတိယ နှစ်သင်တန်းတို့ကို စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေတွင် တက်ရောက်ကြရပြီး ဒုတိယနှစ် အောင်မြင်ပြီးချိန်တွင် တတိယနှစ်နှင့်   နောက်ဆုံးနှစ်သင်တန်းများကို ရန်ကုန် တက္ကသိုလ်   ဘွဲ့နှင်းသဘင်ခန်းမကြီးနံဘေးရှိ အီကို-ပင်မ (မိန်းအီကို) အဆောက်အအုံကြီးတွင် တက်ရောက်ကြရသည်။ မိန်းအီကိုသို့ ရောက်ရှိချိန်တွင် တက္ကသိုလ် ရောက်စ မနူးမနပ်အရွယ်များ မဟုတ်တော့ဘဲ အီကိုကျောင်းတော်သူ ကျောင်းတော်သားကြီးများ ဖြစ်ကုန်ကြပြီ။ သင်ယူစရာပညာ ရပ်များစွာ၊  ခင်မင်စရာအပေါင်းအသင်း များစွာ၊ တွေ့ကြုံခံ စားရမည့် အဖြစ်အပျက်များစွာ ရှိနေကြလေပြီ။  

ထိုကာလများအတွင်း အဓိပတိလမ်း၊ သစ်ပုပ်ပင်၊ အာရ်စီ၊ ဂျပ်ဆင်စသည်ဖြင့်   ရန်ကုန်တက္ကသိုလ်နယ်မြေ တစ်ခွင်သည် အီကိုကျောင်းတော်သူ ကျောင်းတော်သားများ နေ့စဉ်ကျင်လည်လှုပ်ရှားခဲ့ကြရသည့်နေရာများဖြစ်သည်။ ဘွဲ့နှင်းသဘင်ကို ဦးတည်လိုက်၊ ကျောပေးလိုက်ဖြင့် အဓိပတိလမ်းမကြီးတစ်လျှောက် ခြေရာများထပ်အောင် အပြန်ပြန်အလှန်လှန် လျှောက်ခဲ့ကြဖူး၏။ ဘွဲ့နှင်းသဘင် အဆောက်အအုံရှေ့၊ ကားလမ်းတစ်ဖက်ရှိ  ခုံတန်းလျား များတွင်ထိုင်၍ နောက်ပြောင်ကျီစယ်ခဲ့ကြဖူး၏။   သစ်ပုပ် ပင်ခြေရင်းတွင် ခြေပစ်လက်ပစ်ထိုင်၍ အပန်းဖြေခဲ့ဖူး၏။  ဂျပ်ဆင်ရှေ့ရှိမြက်ခင်းပြင်မှ ကောင်းကင်ပြင်ကို အဓိပ္ပာယ်မဲ့ မော့ကြည်ခဲ့ဖူး၏။  အာရ်စီထဲတွင်လည်း ခြေရာများစွာ ရှာခဲ့ဖူး၏။ အတန်းပြီးချိန်၊ အတန်းနားချိန်၊ ထမင်းစားချိန်၊  စာမေးပွဲဝေးနေချိန်၊ စာမေးပွဲနီးနေချိန် သူငယ်ချင်း တစ်သိုက် တိုင်ပင်မထားဘဲ  ဦးချစ်ဆိုင်၊ ဦးယမ်းဘီလူး ဆိုင်တို့တွင်လည်း ထိုင်ခဲ့ဖူးသည်။ ဝိဇ္ဇာခန်းမ၊ သိပ္ပံခန်းမ၊ တက္ကသိုလ်စာကြည့်တိုက်၊ စစ်ကိုင်းလမ်း၊ ပုဂံလမ်းနေရာစုံ အကြောင်းမရှိအကြောင်းရှာ၍ ဖိနပ်ပါးအောင် လျှောက် သွားတတ်ကြသေး၏။ 

အကယ်၍သာ    အာရ်စီတို့၊ ဂျပ်ဆင်တို့၊ သစ်ပုပ်ပင်တို့၊ ဘွဲ့နှင်းသဘင်တို့ စကားပြောတတ်ခဲ့ပါလျှင် အီကိုကျောင်း တော်သူ ကျောင်းတော်သားများ ရန်ကုန်တက္ကသိုလ်ကြီး၏ ရင်ခွင်ထဲတွင် ပျော်ရွှင်ကြည်နူးခဲ့ကြသည့်အကြောင်းကို အသေးစိတ်ပင် ပြောပြနိုင်လိမ့်မည်ထင်သည်။ အီကို နှလုံးသားများ၏ မျက်ရည်စများ၊ ပျော်ရွှင်ကြည်နူးမှု ပုံရိပ်များ သည်နယ်မြေ၊ သည်ဝန်းကျင်တွင် ရှိနေဆဲ၊  အငွေ့ အသက်တွေ မြင်နေရဆဲဟုဆိုပါလျှင် အီကိုကျောင်းသူ ကျောင်းသားများနှင့်     ရန်ကုန်တက္ကသိုလ်တို့ကြားရှိ သံယောဇဉ်ပမာဏကို မှန်းဆမိလောက်ပါလိမ့်မည်။ 

(၄)

စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့သည် ရုပ်ပိုင်းဆိုင်ရာဝန်းကျင်တို့နှင့်သာ  ဆက်စပ်ပတ်သက်၊ ရင်းနှီးကျွမ်းဝင်ခဲ့သည်မဟုတ်ပေ။ တက္ကသိုလ်၏ ဝိညာဉ် ဟုခေါ်ရမည့် ပညာရပ်၊ ဘာသာရပ်ဆိုင်ရာနှင့် ပတ်သက်၍လည်း အခြေခံကျကျ ဆက်စပ်မှုရှိခဲ့၏။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စီးပွားရေးတက္ကသိုလ်ကို ဖြစ်တည်စေခဲ့သည့် ဘောဂဗေဒဘာသာရပ် သင်ကြားမှုသည် ရန်ကုန်တက္ကသိုလ်ကြီးမှ စတင်ခဲ့ခြင်းဖြစ်ပေသည်။ ဤသည်မှာပင်  ရန်ကုန်တက္ကသိုလ်ကြီးနှင့် ဘောဂဗေဒ ဘာသာရပ်တို့၏ အစပျိုးသံယောဇဉ်ကြိုးတစ်မျှင် ဖြစ်ခဲ့လေသည်။ 

၁၉၂၀ ပြည့်နှစ်တွင် ကောလိပ်စနစ်(Collegiate System)ဖြင့် စတင်ဖွင့်လှစ်ခဲ့သော ရန်ကုန်တက္ကသိုလ် နယ်မြေတွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ သဘာဝတ္ထဗေဒ၊ ရာဇဝင်၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ အရှေ့တိုင်းဘာသာရပ်များ နှင့် ဥပဒေဘာသာရပ်များ သင်ကြားပို့ချခဲ့ပြီး  ဘောဂဗေဒ ဘာသာရပ်ကို သင်ကြားပို့ချနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ တက္ကသိုလ် ဖွင့်လှစ်ပြီး    သုံးနှစ်ကြာမှသာ  မြို့ပြအင်ဂျင်နီယာ၊ သစ်တောပညာ၊ ဘူမိဗေဒ၊ ပထဝီဝင်၊ ဆေးပညာ ဘာသာ ရပ်တို့နှင့်အတူ   ဘောဂဗေဒဘာသာရပ်ကို  တိုးချဲ့ သင်ကြားပေးနိုင်ခဲ့သည်။    ထို့ကြောင့် ဘောဂဗေဒ ဘာသာရပ်ကို  ၁၉၂၃-၁၉၂၄ ခုနှစ်ရောက်မှ သင်ကြားနိုင် သည်ဟု ဆိုရပေမည်။

ဘောဂဗေဒဘာသာရပ်ကို ဝိဇ္ဇာပညာရပ်တွင် အခြားဘာသာရပ်များနှင့် ပူးတွဲပို့ချသင်ကြားပေးရန် ပညာရေးအဖွဲ့က သတ်မှတ်ခဲ့၏။   ဘောဂဗေဒဘာသာရပ် သင်ကြားနိုင်ရေးအတွက် Marshall ၏ Elements of Economics of Industry၊  Wickstead ၏ Alphabet of Economics Science၊ Chapman ၏ Outlines of Economics၊ Bawlay ၏ Elementary Manual of Statistics ၊ Todd ၏ Mechanism of Exchange Report of Committee on Land Revenue Burma, Vol:1 Books for reference and partial reading၊ Marshall ၏ Principles of Economics: Industry & Trade၊ Robertson  ၏ Money  ဖတ်စာအုပ်များ ပြဋ္ဌာန်း ခဲ့ကြသည်ဟုလည်း သိရသည်။ 

(၅)

ရန်ကုန်တက္ကသိုလ်ထူထောင်ခါစ ပါမောက္ခရာထူးနေရာများရှိသော်လည်း   ပညာရေး၊  ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များအတွက်  ပါမောက္ခများ ခန့်ထားခဲ့ခြင်းမရှိဟု သိရသည်။  ၁၉၂၃-၁၉၂၄ ခုနှစ်တွင်   ဘောဂဗေဒဌာန ဌာနမှူးမှာ ပါမောက္ခ အိတ်ချ် အက်စ် ဂျေဗွန် (H.S.Jevons) ဖြစ်ပြီး လက်ထောက်ကထိက အနေဖြင့်   အီး အိတ်ချ် ဆော်လမွန် (E.H.Solomon)  နှင့် နည်းပြ  R.C.Dube တို့က တာဝန်ထမ်းဆောင်ခဲ့ သည်ဟု University Calendar (၁၉၂၃-၁၉၂၄)အရ မှတ်သားရသည်။    ရန်ကုန်တက္ကသိုလ်သည် အများ ပြည်သူပညာ ဗဟုသုတ တိုးပွားစေရန် ပညာရှင်များ၏ ဟောပြောပွဲများ ပြုလုပ်စီစဉ်ပေးခြင်း၊ အခြေခံ ဆရာ ဆရာမများအတွက် သင်တန်းများပေးခြင်းတို့ကို လုပ် ဆောင်ခဲ့ရာ အခြားဌာနများနည်းတူ ဘောဂဗေဒဌာနက လည်း လုပ်ဆောင်ခဲ့သည်။  ၁၉၂၉ ခုနှစ်တွင်  ဘောဂ ဗေဒဌာန ပါမောက္ခ အိတ်ချ် အက်စ် ဂျေဗွန်က  Money: Its history  and modern forms အကြောင်းအရာကို   သုံးကြိမ်ဟောပြောပို့ချပေးခဲ့သည်ဟု သိရှိခဲ့ရပါသည်။  ၁၉၃၀ ပြည့်နှစ်တွင် ဘောဂဗေဒဌာန၏ ပါမောက္ခမှာ  အီး အိတ်ချ်  ဆော်လမွန် (E.H. Solomon) ဖြစ်လာ ခဲ့သည်။   

ဂျပ်ဆင်ကောလိပ်တွင်မူ  ဂျေ အာရ် အန်းဒရပ်စ် (J.R Andrus)  ရောက်လာမှသာ ဘောဂဗေဒဌာနကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ဥပစာတန်းကျောင်းသားများကို ဘောဂဗေဒဘာသာရပ်ကို စတင်သင်ကြားပို့ချနိုင်ခဲ့ သည်။ ကျောင်းသား၂၈ ဦးရှိသော ဥပစာတန်းတွင် အိုင်စီအက် အရာရှိဂျေ အက်စ် ဖာနီဗယ်လ်(J.S Furnivall) က ကျေးလက်စီးပွားရေးဘာသာရပ်ကို သင်ကြားခဲ့သည်။  မြန်မာအမျိုးသားဦးတင်အုန်း(ဘီအက်စ်စီ)သည်လည်း ဂျပ်ဆင်ကောလိပ်ဘောဂဗေဒဌာန၌ စတင်အမှုထမ်းခဲ့ကြောင်း လေ့လာသိရှိရသည်။     

(၆)

ရန်ကုန်တက္ကသိုလ်တွင် ဘောဂဗေဒဌာနသည် အခြားဌာနများနည်းတူ  သုတေသန လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ကြသည်။  ပါမောက္ခ အီး အိတ်ချ် ဆော်လ မွန်  (E.H.Solomon) က  ၁၉၂၈ ခုနှစ်တွင်  “အိန္ဒိယ အင်ပါယာအတွင်း ရေနံလုပ်ငန်းများ ကာကွယ်ထိန်းသိမ်း ရေး”၊ “မြန်မာ့ဆန်စပါး ရောင်းဝယ်ရေး အနာဂတ်” နှင့်  “အိန္ဒိယအင်ပါယာအတွင်း ပို့ကုန်၊ အကောက်ခွန်များ” စာတမ်းတို့ကို လည်းကောင်း၊ ၁၉၂၉ခုနှစ်တွင်  “ဗဟိုနှင့် ပြည်နယ်ဘဏ္ဍာရေး” စာတမ်းကိုလည်းကောင်း ပြုစု၍ ပုံနှိပ်ထုတ်ဝေခဲ့သည်။

၁၉၃၂ ခုနှစ်တွင် ပါမောက္ခ အေအယ်လ် ဂေါ်ဒွန်မက်ကေ က “အိန္ဒိယနှင့်မြန်မာနိုင်ငံသို့ ဗြိတိသျှငွေပင်ငွေရင်း တင်ပို့မှုနှင့် အိုးအိမ်ညီလာခံမှတ်တမ်း”နှင့်   ပါမောက္ခ အီး အိတ်ချ် ဆော်လမွန်က “ဂျာမန်နိုင်ငံခြားရေးဝါဒ၏ စီးပွားရေးအခြေခံမူများနှင့် အိန္ဒိယအကောက်ခွန်များ” စာတမ်းတို့ကို ရေးသားခဲ့သည်။ ထို့အပြင် မြန်မာအမျိုးသား ဦးတင်အုန်း၏  “ထိုင်းနိုင်ငံသုံး ငွေကြေးဖလှယ်ခြင်း” စာတမ်းနှင့်  “မြန်မာနိုင်ငံအပေါ်  အော်တာဝါ အကျိုး သက်ရောက်မှု” စာတမ်းတို့ကို  ၁၉၃၂ ခုနှစ် ဇူလိုင်လ ထုတ်   တိုင်းမ်မဂ္ဂဇင်းတွင်   ထည့်သွင်းဖော်ပြခြင်းခံခဲ့ရ ကြောင်း သိရှိခဲ့ရသည်။  ၁၉၃၄  ခုနှစ်တွင် ပါမောက္ခ အေအယ်လ်ဂေါ်ဒွန်မက်ကေက လုပ်ငန်းအဖွဲ့အစည်းနှင့်  ကူးသန်းရောင်းဝယ်ရေးအတွဲ-၂ ကို ပြုစု၍ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင် ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း တွေ့ရှိမှတ်သား ခဲ့ရသည်။ ၁၉၃၉ ခုနှစ်တွင် “မြန်မာနိုင်ငံ ကျေးလက်ပြုပြင် ရေး”စာတမ်းကို ဂျပ်ဆင်ကောလိပ်မှ ပါမောက္ခအန်းဒရပ်စ် သည် ဒေါက်တာဦးသာဆိုင်၊ ဦးဘရှင် (နောင်တွင်   ဇေယျ ကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ဖြစ်လာသူ) တို့နှင့်အတူ ရေးသားထုတ်ဝေခဲ့သည်။

 ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဒုတိယ ကမ္ဘာစစ်မီး ကူးစက်လာသောကြောင့်   ရန်ကုန်တက္ကသိုလ် ရှိသင်တန်းများကို ခေတ္တရပ်နားခဲ့သည်။ ၁၉၄၄ ခုနှစ်    ဒုတိယကမ္ဘာစစ်မီး တောက်လောင်နေဆဲကာလ ဂျပန် ခေတ် ရန်ကုန်တက္ကသိုလ်များ  ဖွင့်လှစ်ချိန်တွင် ဘောဂ ဗေဒဘာသာကို  ဆရာကြီးဦးထွန်းသင်  သင်ကြားပေးခဲ့ ကြောင်း  မှတ်တမ်းတွင်  ဖတ်ရှုရသည်။  ၁၉၄၅ ခုနှစ် ဂျပန်တို့စစ်ရှုံးပြီးနောက်   မြန်မာနိုင်ငံသို့  ဗြိတိသျှတို့ ပြန်လည်ဝင်ရောက်လာချိန်တွင်  စပ်ကူးမပ်ကူးကာလ ကြားဖြတ်တက္ကသိုလ်(Interim University) တည်ထောင် ဖွင့်လှစ်ရန်စီစဉ်ခဲ့ကြသည်။   သို့သော်   ထိုတက္ကသိုလ် အကောင်အထည်မဖော်သေးသည့်အချိန်တွင် ၁၉၄၅ ခုနှစ်       ဖေဖော်ဝါရီလတွင်      အရေးပေါ်တက္ကသိုလ် (ပလာတာကောလိပ်ဟု ခေါ်ခဲ့ကြသည်)  ကို မဂိုလမ်း (ယခုရွှေဘုံသာလမ်း) တွင် ယာယီဖွင့်လှစ်ခဲ့ကြပြန်သည်။  ထိုအရေးပေါ်ကောလိပ်တွင်လည်း  ဘောဂဗေဒဘာသာရပ်ကို ဆရာကြီး  ဦးထွန်းသင်နှင့်  ဆရာစောမက္ကသေးတို့ သင်ကြားပေးခဲ့ကြသည်။ ၁၉၄၆  ခုနှစ်တွင်  ကြားဖြတ် တက္ကသိုလ်ကို စနစ်တကျဖွင့်လှစ်ခဲ့ပြီး နောက်တွင်လည်း ဘောဂဗေဒဘာသာရပ်နှင့်   ပတ်သက်၍   ဆရာကြီး  ဦးထွန်းသင်ကပင် ပို့ချပေးခဲ့ပါသည်။    

(၇)

၁၉၄၈  ခုနှစ်   မြန်မာနိုင်ငံလွတ်လပ်ရေးရသော   အခါ ဘောဂဗေဒဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်မှာ သာမက အခြားသောမြို့များရှိ တက္ကသိုလ်၊ ကောလိပ်များ တွင်လည်း သင်ကြားပို့ချပေးခဲ့ရာ ကျောင်းသား ကျောင်းသူ များ စိတ်ဝင်စားမှုများစွာရှိသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်၊ ပုသိမ်ကောလိပ်၊     မြစ်ကြီးနား     ဥပစာကောလိပ်၊ တောင်ကြီး ဥပစာကောလိပ်နှင့် မကွေး ဥပစာကောလိပ် တို့သို့ ဘောဂဗေဒဆရာများစေလွှတ်၍ သင်ကြားပေး ခဲ့ကြသည်။ ထိုသို့ဘောဂဗေဒဘာသာရပ်ကို စိတ်ဝင်စား မှုများစွာနှင့် နယ်ပယ်ကျယ်ပြန့်လာပြီးနောက် ၁၉၅၅ ခုနှစ်တွင် ဝါဏိဇ္ဇဗေဒ၊ ၁၉၅၆ ခုနှစ်တွင် စာရင်းအင်းပညာ ဌာနတို့ကိုပါ ဆင့်ပွားခွဲထုတ်ဖွင့်လှစ်ခဲ့ကြသည်။ 

  ၁၉၆၄ ခုနှစ် စနစ်သစ်ပညာရေးအရ တက္ကသိုလ် နှင့်ကောလိပ်များကို     ပြန်လည်ဖွဲ့စည်းသောအခါ   အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ကြီးအဖြစ် စီးပွားရေး တက္ကသိုလ်ကို ထူထောင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ပရဝဏ် အတွင်းရှိ လူမှုရေးသိပ္ပံအဆောက်အအုံ (Social Science Building) တွင် နိုဝင်ဘာလ ၂ ရက်နေ့မှစ၍ သင်တန်းများ ဖွင့်လှစ်ခဲ့သည်။    ဤသို့ဖြင့်    ယခင်ရန်ကုန်တက္ကသိုလ် လူမှုရေးသိပ္ပံအဆောက်အအုံကြီးသည်လည်း  ရန်ကုန် စီးပွားရေးတက္ကသိုလ်အဆောက်အအုံကြီး    ဖြစ်လာခဲ့ရာ ရန်ကုန်တက္ကသိုလ်ကြီးကို    မြန်မာနိုင်ငံတွင်    စီးပွားရေး တက္ကသိုလ်ဖြစ်လာစေသည့်   အရင်းအမြစ်     ဘာသာရပ် ဘောဂဗေဒမျိုးစေ့ချရာ၊  ဘာသာရပ်မျိုးခွဲများကို   ပြုစု ပျိုးထောင်ပေးရာ            ဇာတိချက်မြှုပ်မွေးရပ်ဟုလည်း ခေါ်ဆိုရပေမည်။ 

(၈)

ရန်ကုန်တက္ကသိုလ်ကြီး၏ ၁၉၂၃-၁၉၂၄ ပညာသင် နှစ်မှအစပြုခဲ့သည့်  ဘောဂဗေဒဘာသာရပ်  သင်ကြားပို့ချ မျှဝေမှုသည် မြန်မာ့မြေပေါ်တွင် ဆက်လက်ဖွံ့ဖြိုးစည်ပင်ခဲ့သည်။  ထူးချွန်ထက်မြက်သည့်   မြန်မာနိုင်ငံသား  ဘောဂ ဗေဒသမားလူငယ်များ  ပေါ်ထွန်းခဲ့၏။ ထိုအခြေအနေများ သည်   နိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိပြီးနောက်   နိုင်ငံ့စီးပွားရေး  ပြန်လည်တည်ဆောက်မှုအတွက်  အင်အား များစွာဖြစ်စေခဲ့သည်ဟု  ကောက်ချက်ချရပေမည်။  ဒေါက်တာထွန်းသင်၊ ဒေါက်တာလှမြင့်၊ ဒေါက်တာထွန်းဝေ၊ ဦးသာထို၊ ဒေါက်တာအေးလှိုင်၊ ဒေါက်တာခင်ညိုညို၊ ဒေါက်တာဘိုလေး၊   ဒေါက်တာမောင်ရှိန်၊  ဦးချမ်းအေး (စာရေးဆရာကြီး မောင်စူးစမ်း)၊ ဒေါက်တာသန်းညွန့်၊   ဦးမြတ်သိန်း၊  ဒေါက်တာရော်နယ်ဖင်လေး၊  ဒေါက်တာ မျိုးညွန့်၊  ဒေါက်တာဦးမြင့်   စသည်ဖြင့်    ရန်ကုန်တက္ကသိုလ် က မွေးထုတ်ပေးခဲ့သည့် ဘောဂဗေဒသမားများစွာတို့မှာ ထူးချွန်သောပညာရှင်များ၊         ကျွမ်းကျင်သူများအဖြစ် ပြည်တွင်းမှာသာမက၊ နိုင်ငံတကာအဖွဲ့အစည်း နယ်ပယ်စုံ တွင်  လူသိများထင်ရှားခဲ့ကြသည်။  စီးပွားရေးတက္ကသိုလ်တွင် ဘောဂဗေဒကျောင်းသား  ကျောင်းသူများကို ကျွမ်းကျင်မှုရှိစွာ စိတ်စေတနာအပြည့်ဖြင့် ပညာမျှဝေ၊ သင်ကြားပို့ချပေးခဲ့သည့် ရန်ကုန်တက္ကသိုလ်ထွက် ဘောဂ ဗေဒဆရာကြီး ဆရာမကြီးများလည်းရှိသည်။  

စာရေးသူလက်လှမ်းမမီသည့် အခြားသောဆရာကြီး ဆရာမကြီးများလည်း ရှိပါသေးသည်။ (ပိုမိုပြည့်စုံစွာ သိရှိသူများ ဖြည့်စွက်ပေးစေလိုပါသည်)။ ရန်ကုန် တက္ကသိုလ် စတင်ထူထောင်ချိန်မှစ၍ လွတ်လပ်ရေးတိုက်ပွဲ ကာလများကို  ဖြတ်ကျော်၍ လွတ်လပ်ရေးရချိန်အထိ၊  ထိုအချိန်မှ စနစ်သစ်ပညာရေး စတင်ချိန် ၁၉၆၄ ခုနှစ်အထိ ကာလတစ်လျှောက်  ရန်ကုန်တက္ကသိုလ်က မွေးထုတ်ပေး လိုက်သည့်  ထူးချွန်သော ဘောဂဗေဒ  လူ့စွမ်းအားအရင်း အမြစ်များ၊ တစ်နည်းဆိုသော်  ဘောဂဗေဒပညာရှင်များ၏ စွမ်းဆောင်ရည်များသည်  မျိုးဆက်သစ်ဘောဂဗေဒသမား များအတွက်    လေးစားအတုယူ    အားကျဖွယ်ရာများစွာ ဖြစ်ခဲ့ရပါသည်။

(၉)

ထိုအထဲတွင်  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ် နိုင်ငံတကာ အဖွဲ့အစည်းများ၌    ထင်ရှားသော ဒေါက်တာထွန်းသင်၊ ဒေါက်တာထွန်းဝေတို့ကဲ့သို့ ကမ္ဘာက လေးစားအသိအမှတ်ပြုရသည့်  မြန်မာနိုင်ငံသား  ဘောဂ ဗေဒပညာရှင်တစ်ဦးလည်း ရှိခဲ့ပေသည်။  ထိုသူမှာ  နိုင်ငံ တကာဘောဂဗေဒနယ်ပယ်တွင် H. Myint ဟု လူသိများ သော ဆရာကြီး  ဒေါက်တာလှမြင့်ဖြစ်သည်။ ဘောဂဗေဒကို ခုံမင်နှစ်သက်စွာလေ့လာသူ မြန်မာနိုင်ငံသားများ ဂုဏ်ယူ ရသည့်သူ ဖြစ်သည်။ ဆရာကြီးသည်  ရန်ကုန်တက္ကသိုလ်တွင် ဘောဂဗေဒဌာနမှူး၊ ပါမောက္ခတာဝန်၊ ပါမောက္ခချုပ်တာဝန် တို့   ထမ်းဆောင်ခဲ့ပြီးနောက် ဘောဂဗေဒအတွေးအခေါ် တို့ဖြင့် မြန်မာနိုင်ငံနှင့်  ကမ္ဘာကိုပါ အကျိုးပြုခဲ့သည့်သူဖြစ်သည်။ ထို့ကြောင့် ဆရာကြီးနှင့်ပတ်သက်သည့် အကြောင်းများကို   စိတ်ဝင်တစား   ဖတ်ရှုလေ့လာခဲ့မိသည်။  အားကျ ဂုဏ်ယူဖွယ်ရာများစွာတွေ့ရ၏။ 

ဆရာကြီးကို ၁၉၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်နေ့တွင် ပုသိမ်မြို့၌   မွေးဖွားခဲ့ပြီး    ၁၀  တန်းအောင်သည်အထိ ပုသိမ်အမျိုးသားအထက်တန်းကျောင်းတွင်  ပညာသင်ယူ ခဲ့သည်။ ၁၉၃၆ ခုနှစ် ဒုတိယကျောင်းသားသပိတ်ဖြစ်ပွား ချိန်တွင် ရန်ကုန်တက္ကသိုလ်   ဥပစာတန်း၌   ပညာသင်ယူ နေပြီဖြစ်သည်။  ၁၉၃၇-၃၈ ခုနှစ်တွင်   တက္ကသိုလ်သမဂ္ဂက ထုတ်ဝေသည့်  အိုးဝေမဂ္ဂဇင်း၌   အင်္ဂလိပ်စာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ B.A (Hons)   ဘွဲ့ကို   ပထမအဆင့်ဖြင့်   အောင်မြင်ခဲ့ပြီး အင်္ဂလန်နိုင်ငံသို့ ပညာတော်သင် စေလွှတ်ခြင်းခံရသည်။ ၁၉၄၃   ခုနှစ်တွင်   အင်္ဂလန်နိုင်ငံ    London   School   of Economics  မှ  ဘောဂဗေဒ ပါရဂူဘွဲ့ရရှိခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင်             ဘောဂဗေဒပါမောက္ခအဖြစ် လည်းကောင်း၊    ၁၉၄၇    ခုနှစ်တွင်    မြန်မာအစိုးရ၏ စီးပွားရေးအကြံပေးတာဝန်ကိုလည်းကောင်း ထမ်းဆောင်လျက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲသည့် နိုင်ငံ့စီးပွားရေးပြန်လည်ထူထောင်ရေး ဆိုရန်တိုဗီလာ  နှစ်နှစ်စီမံကိန်း ရေးဆွဲမှုတွင်လည်း ပါဝင်ခဲ့သည်။  ၁၉၄၇ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ကာ  ၁၉၅၀ ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံသို့ သွားရောက်၍ အောက်စ်ဖို့ဒ်တက္ကသိုလ်၌   ၁၉၅ဝ ပြည့်နှစ်မှ ၁၉၆၅ ခုနှစ်အထိ  ကထိကအဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံများ၏      ဘောဂဗေဒဘာသာရပ်ကို   သင်ကြားပို့ချပေးခဲ့သည်။  

၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရက ဆရာကြီးကို မြန်မာနိုင်ငံသို့    ပြန်လည်ဖိတ်ခေါ်ခဲ့ကာ   ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်အဖြစ်  ခန့်အပ်ခဲ့သဖြင့် ၁၉၅၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ဆောင်ရွက်ပြီးနောက်  အင်္ဂလန် နိုင်ငံသို့  ပြန်လည်သွားရောက်ခဲ့ပါသည်။ ၁၉၆၅ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ London School of Economics ၌ ဘောဂဗေဒပါမောက္ခအဖြစ် တာဝန်ယူခဲ့ပြီးနောက် ဘောဂဗေဒမဟာဌာနမှူး(Dean of Economics)ရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။ ထို့ပြင်  ၁၉၈၆ ခုနှစ်တွင် အငြိမ်စားဂုဏ်ထူးဆောင်ပါမောက္ခ၊ ၁၉၈၆-၁၉၉၀ ပြည့်နှစ်များတွင် ကမ္ဘာ့ဘဏ်နှင့် ဒေသန္တရဖွံ့ဖြိုးရေးဘဏ် များ၌ စီးပွားရေးအတိုင်ပင်ခံအဖြစ်လည်း ဆောင်ရွက်ခဲ့ ပါသေးသည်။  

(၁၀)

ဆရာကြီး ရေးသားပြုစုထုတ်ဝေခဲ့သောစာအုပ်  များတွင်    Theories   of   Welfare   Economics (ပါရဂူဘွဲ့ယူကျမ်း) (၁၉၄၈)၊“An Interpretation of Economic Backwardness” (၁၉၅၄)၊ “Gains from International   Trade    and     Backward Countries”(၁၉၅၄-၅၅)၊“The Classical Theory of International Trade and the Underdeveloped Countries”(၁၉၅၈)၊ The Economics of Developing Countries(၁၉၆၄)၊ “Economic Theory and the Underdeveloped Countries”  (၁၉၆၅)၊ “Dualism and the Internal Integration of Underdeveloped Economies”(၁၉၇၀)၊  Economic Theory and the Underdeveloped Countries (၁၉၇၁)၊  South-east Asia’s Economy, Development Policies in the 1970s (၁၉၇၂)၊  “Adam Smith’s Theory of International Trade in the Perspective of Economic Develop-ment”(၁၉၇၇)   နှင့်   ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပါမောက္ခ  Deepak Lal  နှင့် တွဲဖက်ရေးသားသည့်  The Political Economy of Poverty, Equity and Growth (၁၉၉၆) ပါဝင်သည်။ 

ဆရာကြီးဒေါက်တာလှမြင့်သည် နိုင်ငံတကာ ကုန်သွယ်ရေးနှင့်  ဖွံ့ဖြိုးမှုဘာသာရပ်များတွင်  H.Myint ဟူသောအမည်ဖြင့် ထင်ရှားသူလည်းဖြစ်သည်။ ဆရာကြီး ၏   နှစ်ပေါင်း  ၅၀  ကျော်ကာလအတွင်း  ဘောဂဗေဒ အတွေးအခေါ်   ဖော်ထုတ်အောင်မြင်မှုများနှင့်ပတ်သက်၍   နိုင်ငံတကာစီးပွားရေးပညာရှင်တို့က    From  Classical Economics to Development Economics: Essays in Honor of H.Myint, Macmillan, London  1994 စာအုပ်တွင်        ဂုဏ်ပြုမှတ်တမ်းတင်ဖော်ပြခဲ့ကြသည်။  ဆရာကြီးသည် အသက် ၉၇ နှစ်အရွယ်    ၂၀၁၇ ခုနှစ် မတ်လ  ၉ ရက်နေ့တွင်  ထိုင်းနိုင်ငံ   ဗန်ကောက်မြို့၌ ကွယ်လွန်ခဲ့လေသည်။ 

(၁၁)

ရန်ကုန်တက္ကသိုလ်ကြီး နှစ်(၁၀၀)သက်တမ်းရှိချိန်၌ ၎င်း၏ရင်ခွင်တွင် အစပျိုးဖြစ်ထွန်းခဲ့သည့်  စာရေးသူတို့ ၏   မိခင်ဘာသာရပ်    ဘောဂဗေဒ   မြန်မာပြည်ရောက် သက်တမ်းသည်လည်း ၉၆ နှစ်ခန့်ရှိလေပြီ။   လွန်ခဲ့သည့် ၂၅ နှစ်ကာလ  (၁၉၉၅ခုနှစ်)   စာရေးသူ   ဂုဏ်ထူးတန်း ကျောင်းသားဘဝက    ရန်ကုန်တက္ကသိုလ်ကြီး   စိန်ရတု အမှတ်တရအချိန်နှင့် ကြုံကြိုက်ခဲ့၏။ စီးပွားရေးတက္ကသိုလ် အသုံးချဘောဂဗေဒဌာန   ပါမောက္ခ/   ဌာနမှူးဖြစ်သည့် မာလာဆောင်အဆောင်မှူး  ဆရာမကြီးဒေါ်ခင်သိန်းရီ၏ မာလာဆောင်တွင် ပန်းချီဆရာ၊ ကာတွန်းဆရာတချို့နှင့် ဝိုင်းကူလုပ်ပေးရင်း ရန်ကုန်တက္ကသိုလ်စိန်ရတုပွဲတွင် ပါဝင် အားဖြည့်ခွင့်ရခဲ့၏။ ယခု ရန်ကုန်တက္ကသိုလ်ကြီးနှစ် (၁၀၀)  ပြည့်ချိန်တွင်   စာရေးသူမှာ ရန်ကုန်မြို့၏ အဝေးမှာ ရောက်နေခဲ့ပြီ။ ထိုအခြေအနေထဲမှာပင် ကိုဗစ်-၁၉ ကြောင့်  ရန်ကုန်မြို့ကြီးနှင့်    လုံးဝအလှမ်းဝေးသွားတော့သည်။  မည်သို့ပင်ဖြစ်စေ    စာရေးသူတို့   ခုံမင်နှစ်သက်စွာ လေ့လာခဲ့၊ လေ့လာဆဲ ဘောဂဗေဒဘာသာရပ်သင်ကြားမှု အစပျိုးခဲ့သည့်   ဇာတိမြေ   ရန်ကုန်တက္ကသိုလ်ကြီး၏ သက်တမ်း ရာပြည့်ကာလ ယခုအချိန်တွင်လည်း အမှတ် တရအနေဖြင့် တတ်နိုင်သည့်စွမ်းအားဖြင့် ရေးသားမျှဝေပါဝင်အားဖြည့်ခဲ့လေပြီ။  

(၁၂)

ရန်ကုန်တက္ကသိုလ်၏ သမိုင်းအစဉ်အလာကြီးမားမှုကို ဦးညွှတ်ဂုဏ်ပြုပါ၏။  မိခင်ဘာသာရပ် ဘောဂဗေဒ၏ လူသားအကျိုးပြု   အတွေးအခေါ်များ၏တန်ဖိုးကိုလည်း  အလေးအမြတ်ထား ဂုဏ်ယူရပါ၏။ ဆရာကြီး ဒေါက်တာ လှမြင့်ကဲ့သို့ ကမ္ဘာသိ မြန်မာနိုင်ငံသား ဘောဂဗေဒပညာ ရှင်အပါအဝင်  အမိမြန်မာနိုင်ငံနှင့် ကမ္ဘာကို အကျိုးပြုခဲ့၊ အကျိုးပြုဆဲ၊ အကျိုးပြုလတ္တံ့သော   ပြည်တွင်း၊ ပြည်ပမှ ဘောဂဗေဒပညာရှင်၊ ကျွမ်းကျင်သူ၊ သုတေသီများအားလုံး ကိုလည်း အမြဲလေးစားအားကျ ဂုဏ်ယူလျက်ရှိနေမည်သာ။     ။

စောနိုင် (အသုံးချဘောဂဗေဒ)

ကိုးကား-

 (၁) ရန်ကုန်တက္ကသိုလ် ၇၅ နှစ်ခရီး အစီရင်ခံစာ( ၁၉၉၅)   

 (၂) မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ်(၂၀၁၈)

(၃) တက္ကသိုလ်ခင်မောင်ဇော်“ကိုလိုနီခေတ်  ကောလိပ်ကျောင်းသမိုင်းနှင့်ကောလိပ် ရေးရာဆောင်းပါးများ”

(၄) ဒေါက်တာကျော်ဝင်း “ကံ့ကော်မြေမှ ရာပြည့်ရန်ကုန်တက္ကသိုလ်”

 (၅) နေတိုးမောင်မောင် “ဘောဂဗေဒ သမိုင်းအစ”(ဆောင်းပါး)

 (၇) ရန်ကုန်တက္ကသိုလ်ဝက်ဘ်ဆိုက်

 (၈) ဒေါက်တာအောင်ဇော် “ ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင်( ၁၉၁၄-၁၉၇၀)”

 (၉) မြန်မာနိုင်ငံ ဘောဂဗေဒအသင်း  ဖေ့စ်ဘွတ်စာမျက်နှာ