အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး(ဗိုလ်ချုပ်ကြီးဟောင်း) နှင့် တွေ့ဆုံမေးမြန်းခြင်း

ယမင်းမြတ်အေး

 

ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင် ဆယ်ကျော်သက်လူငယ်တစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ယနေ့ အသက် ၉၀ အရွယ်၌လည်း ဒီမိုကရေစီ အရေးတော်ပုံတွင် ထိပ်ဆုံးမှ တက်တက်ကြွကြွပါဝင်နေသူ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးတင်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။ ဦးတင်ဦးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီးတစ်ဦးလည်း ဖြစ်ပါသည်။

 

မေး။ ။ ဘဘက တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်း ဖြစ်တယ်။ နောက်ဗိုလ်ချုပ်ကိုလည်း ကိုယ်တိုင်တွေ့ခဲ့ကြုံခဲ့ရတယ်ဆိုတော့ ဘယ်လိုဘယ်ပုံစံ စပြီးတွေ့ကြတယ်ဆိုတာ ပြောပေးပါဦး။

 

ဖြေ။ ။ တွေ့တာလား။ အမလေး။ အဲဒီတုန်းက ရိုးရိုးသာမန်တပ်သားပဲ ရှိသေးတယ်။ အဲဒီတုန်းက သူက ကာကွယ်ရေးခေါင်းဆောင်ပေါ့။

 

ဒါပေမယ့် အင်မတန်မှပဲ ဩဇာအရှိန်အဝါကြီးမားတဲ့ တပ်မတော်ရဲ့အကြီး အကဲပေါ့လေ။ ပြည်သူလူထုအပေါ်မှာလည်း ဩဇာညောင်းသလို ပြည်သူရဲ့အင်မတန်ချစ်ခင် လေးစားမှုကိုခံရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပြီ။ ဒီတုန်းကလည်း ကျွန်တော်နဲ့အလှမ်းသိပ်ဝေးပါတယ်။ ဟိုတုန်းကတော့ ကာကွယ် ရေးဝန်ကြီးကို စစ်ဝန်ကြီးခေါ်တာပေါ့။ 

 

ကာကွယ်ရေးဦးစီးချုပ်ကိုတော့ စစ်သေနာပတိလို့ ခေါ်တယ်။ စစ်သေနာပတိချုပ်ကတော့ ဒေါက်တာဘမော် ပေါ့။ ဗိုလ်ချုပ်ကတော့ စစ်ဝန်ကြီးလို့ခေါ်တယ်။ အဲဒီတော့မှ ကျွန်တော်တို့က စစ်ထဲကိုဝင်ခဲ့တာ။ တပ်သားပေါ့။ ဟိုတုန်းက တပ်သား၊ တပ်သားကြီး အဲလို ခေါ်တယ်။ တစ်ပွင့်ဆိုရင် တပ်သားပေါ့။ နှစ်ပွင့်ဆိုရင်တော့ တပ်သားကြီး၊ သုံးပွင့်ဆိုရင်တော့ တပ်သားကျော်ပေါ့။ အဲဒီလိုခေါ်ဝေါ်ကြတယ်။ ဒါပေမယ့် ဒါက ဂျပန်အခေါ်အဝေါ်ပါပဲ။ ကျွန်တော်တို့က သင်တန်းတက်ပြီးတော့ ဗိုလ်သင်တန်းကျောင်းဖြေတာပေါ့ဗျာ။ ဗိုလ်သင်တန်းကျောင်း ပထမဖြေတော့ အင်တာဗျူးတွေ ဘာတွေလုပ်တော့၊ လုပ်တော့လည်း စစ်ဝန်ကြီးရုံးမှာပဲ လုပ်တာပါပဲ။ မေးတဲ့ ပုဂ္ဂိုလ်ကတော့ အဲဒီတုန်းက ဗိုလ်မှူးဇေယျပေါ့။ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်ပေါ့။ တောထဲမှာ ကျသွားတာ။ နောက်တော့ ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီဝင်၊ ဗိုလ်သင်တန်းကျောင်းဖြေတော့ ကျောင်းပြီးစပေါ့။ တပ်ထဲရောက်လာပြီးတော့ ရန်ကုန်မှာ စစ်ဝန်ကြီးရုံးမှာ လေ့ကျင့်ရေးတပ်က ဘယ်မှာလဲဆိုတော့ ပဒုမ္မာ ကွင်းထဲမှာပေါ့။ အဲဒီကွင်းကလည်း တော်တော်ကြီးကျယ်ခမ်းနားတဲ့ ကွင်းပါပဲ။ ကျွန်တော်တို့ အဲဒီမှာပြဇာတ်ရုံတွေရော၊ ဈေးဆိုင်တွေရောရှိတယ်။ အဲဒီလိုနဲ့ ကျွန်တော်တ ဗိုလ်သင်တန်းကျောင်းသွားဖြေရတယ်။ တတိယပတ် ဗိုလ်သင်တန်းကျောင်းပေါ့။ အဲဒီ တတိယပတ်ဗိုလ်သင်တန်းကျောင်းက ပထမ ဗိုလ်သင်တန်းကျောင်း၊ ဒုတိယပတ် ဗိုလ်သင်တန်းကျောင်းတွေနဲ့ မတူဘူး။ ကျောင်းသားလူငယ်တွေ တော်တော်များများ ပါလာကြတယ်။ ပညာတတ်လေးတွေ ပါလာကြတယ်။ နောက်ပြီးတော့ တပ်ထဲက ကျွန်တော်တို့ ကောလိပ်ကျောင်းသင်ဖူးတဲ့ သူတွေဘာတွေ အကုန်လုံးပါတော့ တော်တော်လေးကို ပညာတတ်လေးတွေ ပါလာတာပေါ့။

 

ကျောင်းတက်တဲ့အချိန်ကျတော့ ကျောင်းမှာအလေ့အထရှိတာက ကျောင်းအုပ်ကြီးကစနေနေ့ကျလို့ရှိရင် သူကစိတ်ဓာတ်စစ်ဆင်ရေး ပြောတယ်ပေါ့နော်။ လွတ်လပ်ရေးရပြီဆိုတော့ ဗမာ့တပ်မတော်က တော်လှန်ရေး တပ်မတော်ဖြစ်သွားပြီဆိုတော့ ဂျပန်ဘက်က အကြံပေးအရာရှိချုပ်တွေနဲ့ လုပ်ကြတာပေါ့။ ဒါပေမယ့်လို့ တပ်အကြီးအကဲကတော့ ဗိုလ်ချုပ်ပေါ့။ ကျောင်းမှာလာပြီးတော့ ကြည့်တဲ့အခါကျတော့ အထူးသဖြင့်ကတော့ စနေနေ့ စိတ်ဓာတ်ရေးရာနဲ့ ပတ်သက်ပြီး စကားပြောတဲ့အခါ ကျောင်းအုပ်ကြီးပြောတဲ့ အခါလည်း ရှိတယ်။ စစ်အကြံပေးပုဂ္ဂိုလ် သူကဂျပန်၊ သူပြောတာလည်းရှိတယ်။ ကျွန်တော်တို့ရဲ့ တပ်မှူးပေါ့။ နောက်တစ်ခါတလေ ဗိုလ်ချုပ်အောင်ဆန်းကလာပြီး စကားပြောဖူးတယ်။ ခဏခဏလာ စကားမပြောပေမယ့် ဗိုလ်သင်တန်းကျောင်းနဲ့ ပတ်သက်တာကိုတော့ ဗိုလ်ချုပ်အောင်ဆန်းက စိတ်ပါဝင်စားပါတယ်။ နောင်ထူထောင်မယ့် တပ်တွေမှာ တပ်မှူးတွေဖြစ်လာမယ့် သူတွေကိုး။ ဒါကြောင့် လာလာကြည့်တယ်။ သူလာကြည့်တဲ့အခါ ကျွန်တော်တို့သင်ထားတဲ့စာတွေ၊ ပညာတွေကိုပြရတယ်။ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာက အစပေါ့။ ဗိုလ်ချုပ်ကလာစစ်တာ၊ အဝေးက မြင်ရတာပေါ့ဗျာ။ ခပ်လှမ်းလှမ်းကတောင် မဟုတ်ဘူး။ အဲဒီမှာ ဂျပန်အကြံပေးအရာရှိတွေ ဘာတွေလည်း ခြံရံပြီး ပါလာတာပေါ့။ အဲဒီအထဲမှာ ဂျပန်ပြန် ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တွေလည်း ပါကြတာပေါ့။ ကျွန်တော်တို့ အကုန်လုံးကိုမသိဘူး။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကိုတော့ သိတယ်။

 

ဗိုလ်ချုပ်က စစ်ဝတ်စစ်စားနဲ့ အင်မတန်ခန့်ညားပါတယ်။ ဟိုတုန်းက စစ်ဦးထုပ်ပေါ့နော်။ ဒါပေမယ့် ဗမာ့တပ်မတော်က သီးခြားဆိုတော့ အဝါပတ် ကလေးပါပြီးတော့ ထိပ်မှာတော့ သတ္တုနဲ့လုပ်ထားတဲ့ ကဒေါင်းရုပ်ပေါ့။ ကဒေါင်း ရုပ်ဆိုတာက အခုလိုခွပ်ဒေါင်းပုံမဟုတ်ဘူး။ တစ်ဆက်တည်း တစ်ပေါင်းတည်း တည့်တည့်ဖြစ်နေတဲ့ ကဒေါင်းခေါ်မှာပေါ့။ နောက်ပြီးတော့ သူတံဆိပ်ကတော့ ဟိုတုန်းကပြောင်းလိုက်ပြီပေါ့နော်။ ပြောင်းလိုက်တော့ Silver plate three stars ပေါ့။ အောက်ကအခံက တံဆိပ်က အင်မတန်လှပတဲ့ အစိမ်းရောင်နုနု။ အင်မတန် အသားကောင်းတဲ့ ပိုးသားပြင်ပေါ်မှာ ချုပ်ထားတာပေါ့။ ငွေပြားပေါ်မှာ အပွင့်သုံးပွင့်နဲ့ ဒီဘက်မှာတော့ထိုးထားတဲ့ ကဒေါင်းရုပ်ပေါ့။ နောက်ပြီးတော့ စစ်သားတစ်ယောက်ရဲ့ အဆောင်အယောင် အကုန်လုံးပါတာပေါ့ဗျာ။ ဓားပါတယ်။ မြင်းစီးဖိနပ်ပေါ့။ သူလာတဲ့အခါတော့ကားနဲ့ လာတာများပါတယ်။ အလံတွေနဲ့ပေါ့။ အလံက အဝါရောင်၊ ဗိုလ်မှူးအဆင့် တွေကတော့ အလံနီ။ အရာရှိ ငယ်အဆင့်တွေကတော့ အလံပြာပေါ့။ အဲလိုလာတာ။ ခန့်ခန့်ညားညားလာကြတာ။ အခြံအရံနဲ့ပေါ့။ လျှောက်ကြည့်ကြတယ်။ ကျောင်းကိုစစ်ပြီးရင် ရိပ်သာမှာခဏနားပြီးတော့ ပြန်သွားတာမျိုး။ အဲလို ဟာမျိုးပဲ မြင်ဖူးတာပါ။

 

မေး။ ။ နောက်ပိုင်းမှာ နီးနီးကပ်ကပ် မြင်ဖူးတာမျိုးတွေ ရှိရင်ပြောပြပါဦး။

 

ဖြေ။ ။ အင်း ဘယ်နေရာမှာ နီးနီးကပ်ကပ်မြင်ဖူးလဲဆိုတော့ ၁၉၄၄ ခုနှစ် ဗိုလ်သင်တန်းကျောင်းတက်တဲ့အခါ။ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁ ရက်မှာ မြန်မာနိုင်ငံက အတုအယောင် လွတ်လပ်ရေး (ရွှေရည်စိမ်လွတ်လပ်ရေး) ရတယ်။ အဲဒီလို အတုအယောင်ရတဲ့ နှစ်ပတ်လည်နေ့မှာ ကျွန်တော်တို့အခု ကန်တော်မင်ကြီးပေါ့။ အဲဒီတုန်းကတော့ အခုလို အဆောက်အအုံတွေ ဘာတွေ သိပ်မရှိဘူး။ တောင်ကုန်းလေးတွေ၊ မြက်ခင်းလေးတွေနဲ့ ကွင်းပြင်ကြီးပေါ့။ အဲဒီမှာ ပြဇာတ်ရုံရှိတယ်။ ပထမ မြိုင်ပြဇာတ်ရုံ၊ နောက်သူနဲ့မရှေးမနှောင်း ပေါ်လာတာကတော့ နေသူရိန်ပေါ့။ အဲဒီရှေ့မှာ ကွင်းပြင်ကြီးရှိတယ်။ အခုလို သစ်ပင်တွေ ဘာတွေနဲ့မရှုပ်ဘူး။ အဲဒါစစ်ရေးပြကွင်းပေါ့။ အဲဒီကိုလာရတယ်။ လာတော့ ကားနဲ့လာတယ်။ စစ်ဝန်ကြီးရုံးမှာ ဆင်းရတယ်။

 

အဲဒီကနေပြီးတော့ စစ်ချီသီချင်းတွေနဲ့ ကျွန်တော်တို့အစောကြီး ချီတက်လာတာပေါ့။ ၁၉၄၃ ခုနှစ်ကရတဲ့ လွတ်လပ်ရေးတစ်နှစ်ပြည့်တဲ့ ၁၉၄၄ ခုနှစ် ဩဂုတ်လ ၁ ရက် လွတ်လပ်ရေးနေ့ အခမ်းအနား။ စစ်ရေးပြ အခမ်းအနားပေါ့။ အဲဒီတုန်းက စစ်ရေးပြအခမ်းအနားဆိုတာက အခုခေတ်လို ချီတက်တာမျိုး မဟုတ်ဘူး။ တပ်မှူးလာတဲ့အခါ ညီညီညာညာ တန်းစီပြီးတော့ သေနတ်မြှောက် အလေးပြုရတာ။ ကျွန်တော်တို့ ဒါဂုဏ်ပြုတာပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ တတိယပတ် ဗိုလ်သင်တန်းကျောင်းက အဲဒီဩဂုတ်လဆိုတော့ ကျောင်းတက်တုန်းက ဧပြီလကုန် သင်္ကြန်ပြီးလောက်ကတက်တော့ တော်တော်လေးအသားကျသွားတော့ ဗိုလ်လောင်းနံ့လေးတော့ ရနေပြီပေါ့ဗျာ၊ အဝတ်အစားကလည်း အပြင်ထွက်တဲ့အခါ ဝတ်ဖို့ထုတ်ပေးထားတာ ရှိတယ်။ ကြယ်နဲ့ပေါ့လေ။ ဒါဆိုရင် ဗိုလ်လောင်းကျောင်းသားဆိုတာ သိသာတယ်။ ပြီးတော့မှ သူနဲ့ပတ်သက်တဲ့ နာမည်။ နံပါတ်။ ထင်ထင်ရှားရှားပေါ့။ အင်္ကျီကကျတော့ ဗိုလ်လောင်းအင်္ကျီ၊ ဗိုလ်လောင်းဘောင်းဘီနဲ့ပေါ့။ ဖိနပ်ကလည်း အခုလိုပြောင်လက်နေတာတော့ မဟုတ်ဘူးပေါ့ဗျာ။ ရိုးရိုးသားရေကို ချုပ်ထားတဲ့ ဖိနပ်ပဲ။ ဒါပေမယ့် ကောင်းပါတယ်။ သေနတ်တွေ ဘာတွေထမ်းပြီးလာရတာပေါ့။ အားလုံးပေါင်းဆိုရင် ကျွန်တော်မှတ်မိသလောက် တပ်ခွဲတစ်ခွဲလုံးလာတာဗျ။ လူ ၁၅၀ လောက် လာကြတာ၊ သင်တန်းဆင်း တာတော့ ၂၀၀ ကျော်တယ်။ အဲဒီသင်တန်းက လူအများဆုံးပဲ။ သွားကြတာပေါ့။

 

အလေးပြုစင်ရှေ့က စောင့်နေတဲ့အခါ စစ်သေနာပတိကြွလာပြီဆိုပြီး ကားနဲ့ဝင်လာတယ်။ ဝင်လာတဲ့အခါကျတော့ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းလာတာ မြင်ဖူးတယ်။ စစ်ဝတ်စုံအပြည့်နဲ့ပေါ့။ ဓားပါပါတယ်။ Top Boot နဲ့၊ ဘာနဲ့လာတဲ့ အခါကျတော့ ခန့်ညားတာပေါ့ဗျာ။ အခြံအရံတွေနဲ့။ ဘယ်လို ခြံရံလဲဆိုတော့ မှတ်မိသလောက် ဗိုလ်ရန်အောင်တို့၊ ဗိုလ်ဇေယျတို့၊ ဗိုလ်ချုပ်ကျော်ဇောတို့၊ ဗိုလ်မှူးဇေယျတို့၊ ဗိုလ်မှူးရန်နိုင်တို့၊ ရဲဘော်သုံးကျိပ်ဝင်တွေပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ မဟုတ်ဘူး။ ဒီအထဲမှာ အကုန်လုံးဗိုလ်မှူး မဖြစ်ဘူး။ တချို့ ဗိုလ်ကြီးတွေဖြစ်တယ်။ ကျွန်တော်တို့က အကုန်လုံးကို သိလည်းမသိဘူး။ သိသာထင်ရှားတာကတော့ ဗိုလ်ရန်အောင်က မုတ်ဆိတ်ကြီးနဲ့ ဘေးမှာ အဆောင်အယောင်တွေနဲ့ လာတော့ ထင်ရှားတယ်ပေါ့။ ဗိုလ်ချုပ်ကျော်ဇောကတော့ ရိုးရိုးပါပဲ။ သူကတော့ လေးလိုင်း၊ တစ်ပွင့်ပေါ့။ လေးလိုင်း နှစ်ပွင့်က ဒုဗိုလ်မှူးပေါ့။ လေးလိုင်းသုံးပွင့်ကတော့ ဗိုလ်မှူးကြီးပေါ့။ ဗိုလ်ချုပ်ကတော့ Gold Plate အပြည့်ပေါ့။ နောက်တော့ သူစင်ပေါ်တက်တယ်။ စင်ဆိုတာကလည်း အခုလို စင်ကြီးတွေ ဘာတွေမဟုတ်ပါဘူး။ မြေကို မြှင့်တင်ပြီးတော့၊ မြင့်အောင်လုပ်ထားပြီးတော့ လှေကားထစ်လေး ဘာလေးနဲ့လုပ်ထားတဲ့ စင်မြင့်မှာ သူအလေးပြုခံတယ်။ အဲဒီအချိန်မှာ ကျွန်တော်က တပ်စု(၁)ကဆိုတော့ ရှေ့ဆုံးတန်းကပေါ့။ သိပ်မလှမ်းဘူး။ မြင်ရတာ။ အနီးကပ်မြင်ရတော့ သူကအသားလတ်တယ်ဗျ၊ တည်ကြည်တယ်ပေါ့ဗျာ။ စစ်သေနာပတိဆိုတော့ စစ်သေနာပတိ အဆောင်အယောင်နဲ့ အင်မတန်မျက်နှာထားတည်တယ်။

 

ခန့်ခန့်ညားညားနဲ့၊ ခပ်တောင့်တောင့်နဲ့ သွားတာလာတာကိုက စစ်ရိပ်စစ်သွေးနဲ့။ ဝတ်စားထားတာလည်း ဂျာမန်ဂျင်နရယ်တွေ ဝတ်ထားတာမျိုးပဲ။ ဟိုတုန်းက ဂျပန်ကလည်း ဒီအဝတ်အစားပဲလေ။ ကျူးနစ်တွေ ဘာတွေ ကလည်း အကောင်းစားတွေပေါ့လေ။

 

မေး။ ။ အဲဒီလို အလေးပြုခံပြီးတဲ့ အခါမိန့်ခွန်းပြောသေးလား။ ဗိုလ်ချုပ်က အဲဒီမှာ ဘာတွေများ ပြောပါသလဲ။

 

ဖြေ။ ။ မိန့်ခွန်းကတော့ သူအရှည်ကြီးမပြောဘူး။ မနှစ်က လွတ်လပ်ရေးရခဲ့တယ်။ ဒါပေမယ့်လည်း စစ်မှန်တဲ့ လွတ်လပ်ရေးရအောင် လုပ်ရဦးမယ်။ ကျောင်းသားတွေနဲ့ ပတ်သက်ပြီးတော့ ကြိုးစားကြလို့ပြောတယ်။ စစ်မြေပြင်မှာ သွားပြီတော့ တွန်းလှန်တဲ့အခါမှာ မင်းတို့အချင်းချင်းပဲ အသက်ပေး ကာကွယ်စောင့်ရှောက်ရင်း တိုင်းပြည်ကို ကာကွယ်ရမယ်ပေါ့။ ဆရာဝန် ဆိုတာလည်း မရှိဘူး။ ဆေးဆိုတာလည်းမရှိဘူး။ ကိုယ့်ဟာကိုယ် ပြုစုရမယ်။ ကိုယ့်ဟာ ကိုယ်ကာကွယ်ရမယ်။ နောက်ပြီး အထူးသဖြင့် ရဲဘော်တွေအပေါ်မှာ နမူနာကောင်းပြနိုင်ရမယ်။ သူပြောတဲ့ စကားတစ်ခွန်းရှိတယ်။ ဒါကတော့ ပြောလေ့ပြောထပါ။ ခဏခဏကို ပြောတယ်။ “ငါ့တပ်မတော်မှာ ဘယ်ခါ ကြည့်ကြည့် စစ်သည်ဆိုးမရှိဘူး။ အရာရှိဆိုးပဲရှိတယ်”လို့၊ ခဏခဏကို ပြောတာ။ အဓိပ္ပာယ်ကတော့ မင်းတို့ဟာ အရာရှိဖြစ်မယ့်သူတွေ၊ အဲဒီသူတွေက အရာရှိကောင်းဖြစ်ပြီးတော့ မင်းတို့အောက်က စစ်သည်တော်တွေကို ကောင်းအောင်လုပ်ကြဖို့၊ ဒါကိုသူက အဓိပ္ပာယ်ပေါ်အောင် ငါ့တပ်မတော်မှာ စစ်သည်ဆိုးဆိုတာမရှိဘူး။ အရာရှိဆိုးဆိုတာ ရှိလာနိုင်တယ်လို့ ပြောလေ့ ရှိတယ်။ တိုတိုတုတ်တုတ်ပဲပြောတာပဲ။ ပြောပြီးတော့ ဟိုတုန်းက သေနတ်မြှောက် အလေးပြုတယ် ဆိုတာက အခုလို မြှောက်ပြီးတော့ ပြုတာမဟုတ်ဘူး။ ဓားနဲ့ဘာနဲ့အကျအန၊ သေနတ်မြှောက်အလေးပြုတဲ့နေရာမှာ သူ့မျက်နှာ မျက်လုံးနှစ်လုံးနဲ့ သူ့မျက်လုံးတည့်တည့်ကို ကြည့်ရတယ်။ သူကလည်းပြန် ကြည့်တယ်။ ဟိုတုန်းက အလေးပြုတာ အခုလို လျှောက်သွားပြီး လက်ကလေးတင်ပြီး အသာလေးပြုတာမျိုး မဟုတ်ဘူး။ စစ်သားတစ်ယောက်ချင်း၊ တစ်ယောက်ချင်းအကြည့်ကို ကြည့်ပြီးတော့ သွားတာ။ ကျန်တဲ့ရဲဘော် စစ်သားတွေကလည်း သူ့ကိုလိုက်ကြည့်ရတယ်။ တွေ့ဖူးမှာပေါ့။ တစ်ခါတလေ တရုတ်စစ်သားတွေ ဘာတွေ အလေးပြုရင် မျက်နှာလိုက်ကြည့်တာမျိုး။ အဲဒီတော့ အဲဒီတုန်းက ဗိုလ်ချုပ်ကို သေချာမြင်ရတာပေါ့။ အနီးကပ်မြင်ဖူးရုံပဲ။ စကားမပြောဖူးသေးဘူး။ ဒါတို့ရဲ စစ်ဝန်ကြီး။ ဒါတို့ရဲ့စစ်သေနာပတိဆိုပြီးတော့ပေါ့လေ။ မင်္ဂလာဒုံကျောင်းကို လာလာစစ်တာကတော့ အဝေးကပဲ လှမ်းမြင်ရတာပါ။

 

တစ်ခါတော့ ဘယ်လိုဖြစ်လဲဆိုတော့ ကျောင်းမှာ ဂျပန်နိုင်ငံမှာ မင်းမျိုးမင်းနွယ်ထဲက စစ်ဗိုလ်တစ်ယောက်က ဗိုလ်သင်တန်းကျောင်းကိုလာမယ်။ ကြည့်မယ်ဆိုတော့ အဲဒီတုန်းက ပင်ပန်းတယ်ဗျ။ သူ့ရှေ့မှာ ကျွန်တော်တို့က စစ်ရေးပြတာတွေလုပ်ရမှာ။ သင်ထားတာတွေကို ပြန်လုပ်ပြရတာပေါ့။ ကျွန်တော်တို့ကို သင်တန်းပေးတယ်ဆိုတာလည်း ထူးချွန်တဲ့သင်တန်းမှူးတွေက လာသင်တာကိုးဗျ။ စစ်မြေပြင် အတွေ့အကြုံရှိတဲ့ တပ်မှူးတွေ၊ ဂျပန်က စစ်ကျောင်းမှာ တော်တဲ့သူတွေက လာသင်တာကိုး၊ လာသင်တော့ အကောင်း ဆုံးဖြစ်အောင် ပြရမယ်ဆိုတော့ ပင်ပန်းတာပေါ့။ ကျွန်တော်တို့ကတော့ ရင်ဆိုင်တိုက်ပွဲဆိုတာကို ပြရတယ်။ ရင်ဆိုင်တိုက်ပွဲဆိုတာက ကုန်းအနိမ့်ကွင်းမှာ ဟိုဘက်က ရန်သူနဲ့၊ ဒီဘက်ကကိုယ်နဲ့တွေ့ရတဲ့ စစ်ရေးပြပေါ့။ တစ်ဖက်က တစ်ယောက်ကို နောက်တစ်ဖက်က တစ်ယောက်က မိမိတို့ စစ်ပညာနဲ့ ချဉ်းကပ်ပြီးတော့ တစ်ယောက်ကို တစ်ယောက်ကို လှံစွပ်ထိုးတိုက်တာပေါ့။ အဲဒါကိုပြရတာ။ ဒါကို ဆိုကိုဆင် လို့ခေါ်တယ်။ ကျန်တဲ့သူတွေကလည်း သူတို့နဲ့သက်ဆိုင်တဲ့ စစ်ရေးလေ့ကျင့်ခန်းတွေကိုပြရတယ်။ ဥပမာ ညတိုက်ပွဲလိုဟာမျိုး။ အဝတ်အစားတွေနဲ့ တိုက်ပြရတာ တို့ဘာတို့။ သူ့ကဏ္ဍနဲ့ သူပေါ့ဗျာ။ အဲဒီလိုပြရတယ်။ ကွင်းကြီးထဲမှာပြရတာ။ ကျွန်တော်တို့က ရင်ဆိုင်တိုက်ပွဲကို ပြရတော့ နည်းနည်းတော့ နီးတာပေါ့။ အဲဒီအခါမှာလည်း မြင်ဖူးတယ်။

 

ဒါက ဟိုတုန်းကမြင်ဖူးတာထက် နည်းနည်းဝေးတယ်။ သို့သော်လည်း မှန်းလို့တော့ရနေတယ်။ ဗိုလ်ချုပ်ဆိုတာ။ အဲဒီတုန်းကလည်းဗျာ ဂျပန်မင်းမျိုးမင်းနွယ် လာကြည့်တာဆိုတော့ ကျွန်တော်တို့ ကျောင်းသားတွေမှာ ပင်ပန်း လိုက်တာ။ စစ်ရေးပြလို့ ပင်ပန်းတာတင်မကဘူး၊ ဘုရင်မျိုး ဘုရင်နွယ် လာမယ်ဆိုတော့ ဘုရင်မျိုး၊ ဘုရင်နွယ်ကို ကြိုဆိုဖို့ဟာက သိပ်ပင်ပန်းတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လာမယ့် ကားဆိုက်မယ့်နေရာ၊ ကြည့်မယ့်နေရာတွေ အားလုံးကို မြေကြီးတွေကို ပြန်ညှိရတယ်။ ကျောင်းသားတွေက။ ညှိလို့ညီသွားရင် တစ်ခါပြန်ထုရတယ်။ လုပ်ကိုင်ပြီးတော့ အဲဒီအပေါ်မှာ မျဉ်းလေးတားပေးထားတယ်။ အဲဒီအပေါ်မှာ အနုဆုံး သဲအဖြူလေးတွေကို ဘုရားကြီးတို့ ဘာတို့ဘက်က သွားပြီးတော့ ကားနဲ့သယ်လာပြီးတော့ သဲဖြူလေးတွေကို ဆန်ခါနဲ့ချပြီးတော့ အဲဒီအပေါ်မှာ ဖြူးရတယ်။ ကြည့်လိုက်ရင် ဖွေးနေတာပေါ့။ သဲဖြူခင်း၊ ရာဇမတ်ကာ ဆိုတာမျိုးပေါ့။ သူက မင်းမျိုးမင်းနွယ်၊ ဘုရင်ရဲ့ညီဆိုလား။ ထားပါတော့။ အဲလိုလာတာဆိုတော့ ကိုယ့်ဘက်က အကောင်းဆုံးကြိုဆိုရမယ် ဆိုပြီးတော့ ကြိုရတာပေါ့ဗျာ။ အဲဒီမှာ တွေ့ဖူးလိုက်တယ်ပေါ့။ အဲဒီအချိန်မှာတော့ သူကတော့ ဗမာ့တပ်မတော်ရဲ့ ကိုယ်စားပြု စစ်သေနာပတိဆိုတော့ ဂျပန်ဘုရင့် ဆွေတော်မျိုးတော်နဲ့ တန်းတူညီတူပဲ လျှောက်လာကြတာ။ အဲဒီမှာ တစ်ခါ တွေ့လိုက်ရတယ်။

 

မေး။ ။ နောက်ပိုင်းရော ထပ်တွေ့သေးရဲ့လား ဘဘ။

 

ဖြေ။ ။ တွေ့တယ်။ အဲဒါပြီးတော့ ကျွန်တော်လည်း အရာရှိဖြစ်လာတယ်။ နောက်ပိုင်း ကျွန်တော် မန္တလေးသွားတယ်။ ဗိုလ်ဗထူးတို့နဲ့ တွေ့ရတယ်။ သူတို့ ကိစ္စဝိစ္စတွေ ပြီးပြီလားတော့မသိဘူး။ ကျွန်တော်လည်း မသိနိုင်ဘူးလေ။ ဗိုလ်မှူးလှဟန်က ဒီကလေးတွေကို ပြန်ခေါ်သွားဖို့ ပြောတယ်။ ပြောရဦးမယ်။ ဗိုလ်ဗထူးကတော့ ပိန်ပိန်သွယ်သွယ်။ စိတ်ဓာတ် အင်မတန် ပြင်းထန်တယ်။ ငယ်သားတွေအပေါ်မှာ ကြင်နာတယ်။ သူက ကျွန်တော်တို့ ရောက်သွားတဲ့အခါကျတော့ မှတ်မိသေးတယ်။ ကလေးတွေပေါ့နော်။ ဗိုလ်သင်တန်း ကျောင်းကဆင်းလာတဲ့ အခါကျတော့ လာရတာလည်း ပင်ပန်းတယ်ဆိုတော့ ဒီကလေးတွေ ကောင်းကောင်းမွန်မွန် ကျွေးပါမွေးပါဆိုတော့ မန္တလေးမှာကျမှ ကျွန်တော်တို့ ကောင်းကောင်းစားရတာ။ အဲဒီတော့မှ ငါးဟင်းတို့၊ ပုစွန်တို့၊ ဘာတို့ ဟင်းကောင်းစားရတာ။ တစ်လမ်းလုံးမှာတော့ မြေပဲကြော်ရယ်၊ ထန်းလျက်ရယ်၊ ကြံသကာရယ်၊ ထမင်းရယ်ပေါ့ဗျာ။ အဲဒါပဲထည်လဲ စားရတာ၊ ဆန်တော့ ပေါပါတယ်။

 

အဲဒီတုန်းက ဆန်ကလည်း အပြင်သိပ်မရောင်းရတော့ ထမင်းကတော့ ရှိတယ်။ ဟင်းဆိုတာကတော့ သိပ်မရှိဘူးလေ။ ကျွန်တော်တို့က ပျဉ်းမနား အထိတော့ ရထားနဲ့လာလို့ရတယ်။ ပျဉ်းမနား ဒီဘက်ကိုကျတော့ ရထားက တွန်းလာရတာ။ ရထားက မီးပေါင်ကျတော့ တွန်းရတာပေါ့။ မီးပေါင် လေးတက်လာပြီဆိုရင် ပြန်တက်၊ မီးပေါင်ကျသွားရင် ပြန်ဆင်းပြီးတွန်း ရတယ်။ ယုံတောင်ယုံမယ် မထင်ဘူး။ ရထားကို စီးရတယ်မရှိဘူး။ တွန်းရတာ။ သစ်သားတုံးအစိမ်းတွေနဲ့ မီးသွေးထည့်တော့ သူက မီးပေါင်ကျတော့ ရထားကမထွက်ဘူး။ ဒါကြောင့် တွန်းရတာ။ တွန်းရင်းနဲ့မီးပေါင်က တက်လာတော့ အရှိန်ပြန် ရလာရော၊ တစ်ခါပြန်တက်ပေါ့။ နောက် တစ်မိုင် နှစ်မိုင်လောက်ကျသွားရင် မီးပေါင်ကျသွားပြန်ရော၊ တစ်ခါပြန်ခုန်ဆင်းပေါ့။ အဲဒီလိုနဲ့ ပဲခူးပြန်လာရတာပေါ့။ ပဲခူးပြန်လာတော့ ရွှေတောင်ရိုးစခန်းမှာ နေရတယ်။ ကျွန်တော်က စခန်းမှူးရုံးမှာနေတယ်။ ကျွန်တော့် စခန်းမှူးက ရဲဘော်သုံးကျိပ် ဗိုလ်ကြီးဗလပေါ့။ ကျွန်တော်တို့နဲ့ အတူနေရတယ်။ ကျွန်တော်တို့က တပ်ထဲမှာပဲ နေရတယ်။ ရံဖန်ရံခါ လာစစ်တာကတော့ ဗိုလ်ဇေယျက လာစစ်တယ်။

 


ဒါပေမယ့်လို့ မတ်လအလယ်လောက်ကျတော့ ကျွန်တော်တို့ တပ်မှူးက ကျွန်တော့်ကို လာပြောတယ်။ တောထဲသွားရမယ်ပေါ့။ အဆင်သင့်ပြင်ထားပေါ့။ မင်းနဲ့အတူ တပ်စိတ်တစ်စိတ်ပါမယ်ပေါ့။ ပြောရမယ့် အချိန်ကျမှ ပြောမယ်ပေါ့။ အဆင်သင့်လုပ်ထားဆိုတော့ ဘာမှန်းတော့မသိဘူး။ လုပ်ထားဆိုတော့လည်း လုပ်ထားတာပါ။ အဲဒီနေ့က အဲလိုပြောပြီးတော့ လေးငါးရက် လောက်ကြာတော့ အဲဒီမှာပွဲလုပ်မယ်၊ ဗိုလ်ချုပ်အောင်ဆန်းလာမယ်။ ထမင်းစားပွဲကျင်းပမယ်။ အဲဒီတုန်းက မတ်လအလယ်လောက်ပေါ့။ ရက်တော့ မမှတ်မိဘူး။ ဒါပေမယ့် ဖက်ဆစ်တော်လှန်ရေးက မတ်လ ၂၇ ရက်ဆိုတော့ မှန်းကြည့်ရတာပေါ့။ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းလာမယ်။ ရဲဘော်တွေနဲ့အတူ ထမင်းစားမယ်။ ညဘက်မှာအိုက်တင်သောင်း အငြိမ့်ကမယ်။ မာယာသောင်း လို့လည်းခေါ်တယ် သူ့ကို။ မင်းသမီးကနာမည်ကြီး ပဲခူးက။ အဲဒီအငြိမ့် ကမယ်တဲ့။ ဆိုတော့ အရာရှိငယ်တွေ အကုန်လုံးလာရမယ်ပေါ့။ ထမင်းစားဖို့ဆိုတော့ သွားကြရတာပေါ့။ သွားတော့ ကံအားလျော်စွာပဲ၊ ဗိုလ်ချုပ်က သူ့ရဲ့တောင်းဆိုချက်ပဲဆိုပါတော့ဗျာ၊ တပ်မှူးငယ်လေးတွေ၊ ကျောင်းဆင်း ဗိုလ်လောင်းလေးတွေနဲ့ တွေ့ချင်တယ် ထင်ပါတယ်။ စီစဉ်တော့ ဓနိတဲကြီးထဲမှာ ထမင်းစားပွဲလုပ်တာပေါ့။ ပျဉ်တွေ ဘာတွေတောင်မရှိပါဘူး။ ဝါးခြမ် တွေနဲ့ ခွဲခွဲပြီးလုပ်ထားတာ။ ထိုင်ရတာလည်း ဝါးတန်းပေါ့။ သူကလည်း အဲလိုပဲ တစ်ဖက်ကထိုင် ရတာပေါ့။ ထိုင်ရတဲ့ အခါကျတော့ ကံအားလျော်စွာပဲ ကျွန်တော်နဲ့တည့်တည့် လာကျတယ်။ အဲဒီမှာ အသေအချာမြင်ဖူးလိုက်တယ်။ စကားပြောဖူးလိုက်တယ်။ 

 

(ဆက်လက်ဖော်ပြပါမည်)

 

၂၀၁၆ ခုနှစ်တွင် ခေတ်ပြတိုက်စာပေမှ ထုတ်ဝေသော ယမင်းမြတ်အေး တွေ့ဆုံမေးမြန်းသည့် ကိုယ်တွေ့ဗိုလ်ချုပ်အောင်ဆန်း၊ စာအုပ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး(ဗိုလ်ချုပ်ကြီးဟောင်း)နှင့် တွေ့ဆုံမေးမြန်းခြင်းကို စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။