အမျိုးသားစိတ်ကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်

နေပြည်တော် ၁ ဒီဇင်ဘာ

 

အမျိုးသားစိတ်ဓာတ်ဆိုသည်မှာ လူတိုင်း၊ လူတိုင်းခံယူထားကြရမည့် တစ်မျိုးသားလုံးစိတ်ဓာတ်ဖြစ်သည်။ အမျိုးသားစိတ်ဓာတ်ကို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအား ချစ်ခင်မြတ်နိုးသောစိတ်ဓာတ်ဟု သာမန်အားဖြင့် ဆိုနိုင်သည်။ ထိုထက်ပိုလျှင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၏ လွတ်လပ်မှု၊ပိုင်ဆိုင်မှုအားလုံးတို့ မဆုံးရှုံး၊ မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည့်စိတ်ဓာတ်ဟုဆိုလျှင် ပိုမိုသင့်လျော်မည်ဖြစ်သည်။

 

လွတ်လပ်ရေးမရမီကာလ၌ မိမိနိုင်ငံနှင့် လူမျိုးအတွက် ကာကွယ်စောင့်ရှောက်ရေး၊ လွတ်လပ်ရေးရပြီးကာလ၌ မိမိနိုင်ငံနှင့် မိမိလူမျိုးအတွက်ထိန်းသိမ်းစောင့်ရှောက်ရေးဟူ၍ အမျိုးသားရေးကြွေးကြော်ခဲ့ကြသည်။ မျက်မှောက်ကာလတွင်မူ အဆိုပါ ကြွေးကြော်သံများထက် ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာဖြင့် ကြွေးကြော်ကြရန် တိုက်တွန်းချင်သည်။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ကာလမှာ နယ်ချဲ့ခေတ်မဟုတ်တော့ချေ။ မိမိတို့ ညံ့ဖျင်းလျှင် ကျွန်ကဲ့သို့ဖြစ်နိုင်သည်ကို ဆိုချင်သည်။

 

အတိတ်မှ အမျိုးသားရေးစိတ်ဓာတ်သည် ကျွန်ဖြစ်မခံလိုသည့် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်ကို အခြေခံသည်။ မျက်မှောက်ကာလအမျိုးသားရေးစိတ်ဓာတ်သည် နိုင်ငံတကာအလယ်တွင် တင့်တယ်စွာ ရပ်တည်နေထိုင်နိုင် ရေးစိတ်ဓာတ်ကို အခြေခံသည်ဟု ဆိုရမည်ဖြစ်သည်။ ယနေ့ကာလတွင်အမျိုးသားစိတ်ဓာတ်တည်းဟူသော နိုင်ငံရေးအမြင်များ ကျယ်ပြန့်စွာဖြစ်ထွန်းလာသည်။ လက်ရှိအရေးသာမက မြန်မာ့နောင်ရေး၊ ကမ္ဘာ့နောင်ရေးများကိုပါ မြော်တွေးရမည့် အကြောင်းများရှိလာသည်။

 

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် မိမိအကျိုး၊ မိမိမိသားစုအကျိုး၊မိမိအသိုင်းအဝိုင်း အကျိုးတစ်ခုတည်းကိုသာကွက်၍ ရှုမြင်မရနိုင်တော့ချေ။ မိမိအကျိုး၊ မိမိ မိသားစု အသိုင်းအဝိုင်းအကျိုးမှသည် ရပ်အကျိုး၊ ရွာအကျိုး၊ တိုင်းပြည်နှင့် လူမျိုးအကျိုး၊ ကမ္ဘာအကျိုး၊ လောကအကျိုးအထိ အမျိုးသားအသိအမြင်များ ကျယ်ပြန့်နက်ရှိုင်းရပါလိမ့်မည်။ သို့မှသာ အနာဂတ်မျိုးဆက်သစ် မြန်မာလူငယ်များသည် ပြောင်းလဲလာသော ကမ္ဘာ့နိုင်ငံရေးစီးကြောင်းတွင် ရင့်သထက်ရင့်၊ တင့်သထက်တင့်လာပေလိမ့်မည်။ ကျွန်နှင့်အလားတူသော သူတစ်ပါးအောက်ကျနောက်ကျ အနှိမ်ခံရသည့်ဘဝ၊ အနိုင်ကျင့်ခံရသည့်ဘဝများမှ လွတ်မြောက်ပေလိမ့်မည်။

 

ယနေ့ မြန်မာများ မည်သည့်အခြေအနေကို ရှေးရှုနေသည်ကိုရှုမြင်နိုင်ရမည်။ သန်းနှင့်ချီသော လူငယ်အများစု မည်သည့်ခရီးလမ်းသို့ လျှောက်လှမ်းနေကြသည်ကို မှန်ကန်စွာ ရှုမြင်နိုင်စွမ်းရှိရမည်။မိမိနိုင်ငံအကျိုးနှင့် နိုင်ငံတကာအကျိုးတို့ကို ယှဉ်တွဲဖက်စပ်ရှုမြင်နိုင်ရမည်။ ရာသီဥတုစိန်ခေါ်မှု၊ ဆင်းရဲချမ်းသာကွာဟမှု၊ လူထုအားခြိမ်းခြောက်နေသော ကျန်းမာရေးမှု၊ စာရိတ္တမှု၊ မူးယစ်ဆေးဝါးမှု စသည့် လူသားများအားလုံးနှင့်သက်ဆိုင်သည့် အရေးအရာအမှုများကိုရှုမြင်နိုင်စွမ်းရှိရမည်။ ယင်းသည် မျက်မှောက်ကာလတွင် ထားရှိရမည့်အမျိုးသားစိတ်ဓာတ်ဖြစ်သည်။

 

ထိုအမျိုးသားစိတ်ဓာတ်များကိုအခြေခံပြီး ဆိုင်ရာကဏ္ဍနယ်ပယ်အလိုက် စိတ်ဝင်တစား တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းဖြင့် မိမိဘဝ၊မိမိအသိုက်အဝန်းဘဝ၊ မိမိနိုင်ငံဘဝမှသည် လူ့ဘောင်လောကကြီးတစ်ခုလုံး သာယာဝပြောအောင်၊ တိုးတက်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယင်းသည် ခေတ်သစ် အမျိုးသားရေးစိတ်ဓာတ်ဖြစ်သည်။ အမျိုးသားရေးစိတ်ဓာတ်သည် တစ်စုတစ်ဖွဲ့၏အကျိုးစီးပွားအတွက်မဟုတ်၊ ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွား၊တစ်မျိုးသားလုံး၏ အကျိုးစီးပွား၊ လူသားအားလုံး၏ အကျိုးစီးပွား အတွက်ဖြစ်သည်ကို သတိချပ်ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မကြာမီကျရောက်တော့မည့် အမျိုးသားအောင်ပွဲနေ့သည်အမျိုးသားစိတ်ဓာတ်များ စတင်သန္ဓေတည်သော အထိမ်းအမှတ်နေ့ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် သန္ဓေတည်ခဲ့သော အမျိုးသားစိတ်ဓာတ်မှသည် မြန်မာတစ်မျိုးသားလုံး၊ လူသားအားလုံး အကျိုးစီးပွားကိုရှေးရှုသော အမျိုးသားစိတ်ဓာတ်များ တိုးပွားအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ