အမျိုးသားစိတ်ဓာတ်နှင့် မျက်မှောက်ခေတ်တာဝန်

နေပြည်တော် ၂ ဒီဇင်ဘာ

 

၁၉ ရာစု နှောင်းပိုင်းကာလ တိုင်းတစ်ပါး၏ ကျူးကျော်မှုကို တတိယ အကြိမ်မြောက် ခုခံမှုများ ရှုံးနိမ့်ခဲ့ရအပြီးတွင် မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့တို့၏ သိမ်းပိုက်ခံလိုက်ရသည်။ သှူကျွန်ဘဝ ကျရောက်ခဲ့ရသည်ဟု စာပေမှတ်တမ်းများတွင် သုံးနှုန်းသည်။ နယ်ချဲ့တို့၏ ကျူးကျော်စစ်ကို မြန်မာတို့၏ ခုခံမှုက အစည်းပြေနေသည့် ခုခံမှုများသာဖြစ်သည်။ စည်းလုံးညီညွတ်မှုတို့ ဖြေလျော့ နေချိန်၊ ဗဟိုအုပ်ချုပ်ရေးမှာလည်း အတွင်းပြဿနာတို့ဖြင့် လုံးထွေးနေရသည့်အချိန်တွင် ပြင်ပမှ ကျူးကျော်လာသည့် ရန်သူကို မတွန်းလှန်နိ်ုင်တော့ဘဲ အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။

 

သို့တိုင် တစ်နိုင်ငံလုံးရှိ မြန်မာပြည်သူတို့မှာ အရှုံးကို အလွယ်တကူဖြင့်လက်ခံတတ်သူများ မဟုတ်ခဲ့။ ခေါင်းဆောင်အသီးသီးတို့၏ ဦးဆောင်မှုများဖြင့် ဒေသအသီးသီးမှာ တော်လှန်ပုန်ကန်မှု အများအပြား ပေါ်ပေါက်ခဲ့ရာ အင်ပါယာအစိုးရက အင်အားအမြောက်အမြား အသုံးပြုပြီး ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့သည်။ မြန်မာ့ဦးစွန်းကို ချိုးနှိမ်၍ မြန်မာ့လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကိုပါ နင်းခြေခဲ့ရာ “စာဇင်တောင် ဒူးချလို့၊ပလူးရ ပြေးကြို့ခါခါ၊ ခွေးသို့ပမာ”ဟု အချုပ်တန်းဆရာဖေ ရေးဖွဲ့ခဲ့သည့်အတိုင်း ပုလိပ်ဆာဂျင်အဆင့်လောက်ကိုပင် လက်အုပ်ချီ ဒူးထောက်ကာ ဘုရားထူး ခဲ့ရသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ နယ်ချဲ့သံဖနောင့်အောက်တွင် အမျိုးသားရေး စိတ်ဓာတ်တို့ ကြေမွခဲ့ရခြင်းပင်တည်း။

 

အင်ပါယာအုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ်အနည်းငယ်ကြာပြီး သည့်နောက် ယာယီငုပ်လျှိုးနေခဲ့ ရသည့် အမျိုးသားရေးစိတ်ဓာတ်တို့ ပြန်လည် နိုးထလာသည်။ ၂၀ ရာစု ဆန်းစကာလ မြန်မာ မျိုးဆက်သစ်တို့ကအင်ပါယာ အရှင်သခင်တို့ကို ပညာရေးမျက်နှာစာမှ အန်တုဖက်ပြိုင်ကာ နယ်ချဲ့ ဆန့်ကျင်ရေးစိတ်ဓာတ်များ ရှင်သန်လာစေရန် တစ်မျိုးသားလုံးကိုနှိုးဆော်ခဲ့ခြင်းပင်ဖြစ်သည်။ နယ်ချဲ့တို့၏ ပညာရေးကို ကျွန်ပညာရေးဟု တစ်နိုင်ငံလုံးကို သိစေခဲ့ပြီး အမျိုးသားပညာရေးစနစ်ကိုပါ ထူထောင်ပြသခဲ့သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ်တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့)တွင် ဆင်နွှဲခဲ့ကြသော တက္ကသိုလ်သပိတ်ကြီးသည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားရေး စိတ်ဓာတ်တို့ကို တပ်လှန့်နှိုးဆော်ခဲ့သည့် အရေးတော်ပုံကြီးတစ်ရပ်ဟု ဆိုအပ်သည်။

 

၁၉၂၀ ပြည့်နှစ် တက္ကသိုလ်သပိတ်ကြီးကအစပြုကာ အနာဂတ်တွင် တောင်သူလယ်သမား၊ အလုပ်သမားတို့၏ တော်လှန်ရေးများ၊ အရေးတော်ပုံများ ဆင့်ကဲပေါ်ပေါက်လာပြီး နိုင်ငံ၏လွတ်လပ်ရေးဆီသို့ ဦးတည်ချီတက်နိုင်ခဲ့ကြခြင်း ဖြစ်သည့်အလျောက် အမျိုးသားရေး စိတ်ဓာတ်ကို ပြန်လည်ဖော်ဆောင်ပေးနိုင်ခဲ့သည့် အမျိုးသားအောင်ပွဲနေ့ အဖြစ် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

 

သတိပြုအပ်သည်မှာ အမျိုးသားရေးစိတ်ဓာတ်ကို လူမျိုးရေးအစွန်း ရောက်ဝါဒနှင့်မရော ထွေးဖို့ပင်ဖြစ်သည်။ မိမိနေထိုင်ရာ တိုင်းပြည်ကို ချစ်ရန်၊ မိမိတို့၏စာပေကို မြတ်နိုးရန်၊ မိမိတို့၏ဘာသာစကားကို လေးစားရန်အတွက် မိမိတို့၏ ဘိုးဘေး အမျိုးသားရေးခေါင်းဆောင်ကြီး များက တိုက်တွန်းညွှန်ပြခဲ့ကြခြင်းဖြစ်ပြီး စစ်မှန်သော၊ မွန်မြတ်သော အမျိုးသားရေး စိတ်ဓာတ်ဖြင့်သာ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ်သော လူမျိုးဘဝကို အရယူခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ ၉၈ နှစ်ပြည့်မြောက်ပြီဖြစ်သည့် အမျိုးသားအောင်ပွဲနေ့အခါသမယတွင်မူ အမျိုးသားရေး စိတ်ဓာတ်ကို အရင်းတည်ကာ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ပူးပေါင်းပါဝင်တည်ဆောက်ရေး၊တိုင်းရင်း သားအားလုံး ဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟူသော မျက်မှောက်ကာလ သမိုင်းပေး တာဝန် များကို အမျိုးသားရေးတာဝန်များအဖြစ် ကျေပွန်အောင်ထမ်းဆောင်ကြရပါမည့်အကြောင်း။ ။

 

မြန်မာ့အလင်း