နေပြည်တော် မတ် ၃၁
မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်ရေးဆွဲရေး နည်းပညာလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နည်းပညာ လုပ်ငန်းအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်အသင်းများမှ ကိုယ်စားလှယ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပလတ်စတစ် ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းများသည် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာတစ်ခုအဖြစ် ဦးတည်နေပါကြောင်း၊ အာဆီယံဒေသတွင် အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက် ကြေညာစာတမ်းနှင့် အာဆီယံမူဘောင်တို့ကို အတည်ပြုခဲ့ရာတွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအတွက် မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀) ကို ထုတ်ပြန်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပလတ်စတစ် စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်ကို မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) ပါ လုပ်ငန်းစဉ်များနှင့်အညီ ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားသည်။
ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ဂျပန်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (JAIF) ဖြင့် Strengthening Capacity for Marine Debris Reduction in ASEAN region through formulation of National Action Plan for ASEAN Member States and Integrated Land-to-Sea Policy Approach ဒေသတွင်းစီမံကိန်း (Phase I) ကို မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး အာဆီယံနိုင်ငံများတွင် အဏ္ဏဝါအမှိုက်သရိုက် ညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းအစီအစဉ်တွင် ပါဝင်သင့်သည့် အချက်များနှင့် ကြုံတွေ့ရသည့် အခက်အခဲ၊ စိန်ခေါ်မှုများကို ဖော်ထုတ်ခဲ့သည်။ ယခုအခါ Phase II စီမံကိန်းကို မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံများတွင် အမျိုးသားအဆင့် ပလတ်စတစ် စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်ရေးဆွဲခြင်းနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းတို့ကို ၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ် အတွင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ပလတ်စတစ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ် (National Plastic Action Plan) ရေးဆွဲရေးအတွက် National Plastic Action Plan ရေးဆွဲမည့် လုပ်ငန်းစဉ်များ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များ ကောက်ယူမည့် အစီအစဉ်နှင့် Pilot City ရွေးချယ်ရေးဆိုင်ရာ ကိစ္စများ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေးနှင့်စပ်လျဉ်း၍ ဆက်စပ်ဌာနအဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်လျှက်ရှိသည့် လက်ရှိမူဝါဒများ၊ ဥပဒေများ၊ စီမံအုပ်ချုပ်မှုအခြေအနေများ၊ အတွေ့အကြုံနှင့် ဗဟုသုတများကို မျှဝေခြင်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


