အမျိုးသား အပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၈

အမျိုးသား အပင်မျိုးသစ်အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ၏ စတုတ္ထ အကြိမ် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား အပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် စိုက်ပျိုး ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည့် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ပြဋ္ဌာန်းရေးဆွဲ ခြင်းနှင့် လိုအပ်သလို ပြုစုပြင်ဆင်ခြင်းများ ‌ဆောင်ရွက်ခဲ့ရာ အပင်မျိုးသစ် အကာအကွယ် ပေးရေး ဥပဒေကို အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ် အကာအကွယ် ပေးရေး ကွန်ဗင်းရှင်းမှ လက်ခံသည့် ဥပဒေတစ်ခုအနေဖြင့် ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ ဥပဒေ အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့်နည်း ပညာကော်မတီနှင့် ဆပ်ကော် မတီများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လည်း ဆက်လက်ထုတ်ပြန်ပြီး စဉ်ဆက် မပြတ် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းကြောင့် အပင်မျိုးသစ်များကိုမျိုးမွေးမြူရေး လုပ်ငန်း များမှ စတင်လျှောက်ထားလာကြကြောင်း။ 

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် မျိုးကောင်း၊ မျိုးသန့်သုံးစွဲ စိုက်ပျိုးနိုင်ရေးတွင်  အခြေခံအကျဆုံး ဖြစ်ခြင်းကြောင့် နိုင်ငံတော်အတွက် လိုအပ်နေ သည့်  မျိုးစေ့ဥပဒေကို ယခု အတိုင်းအတာတစ်ခုထိ ထိရောက်စွာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း၊ မျိုးကောင်းနှင့် မျိုးသန့်မျိုးစေ့ လုပ်ငန်းဖွံ့ဖြိုးတိုး တက် ရေးအတွက် မျိုးစေ့ ဥပဒေအပြင် မျိုးကောင်းများ မွေးမြူရေးသုတေသန လုပ်ငန်းများ ထွန်းကား လာစေရေးအတွက် အထောက်အကူ ဖြစ်စေမည့် အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကိုလည်း ရေးဆွဲပြဋ္ဌာန်းရခြင်း ဖြစ်ကြောင်း၊ ဤဥပဒေနှစ်မျိုးကို လေ့လာ သုံးသပ်ပါက မျိုးစေ့ဥပဒေသည် တောင်သူလယ်သမားအကျိုးစီးပွားကို ဗဟိုပြု၍ ရေးဆွဲထားပြီး အပင်မျိုးသစ် ကာကွယ်ရေး ဥပဒေသည် စွန့်ဦးတီထွင်မှု ပြုလုပ်သည့် သုတေသီပညာရှင်၏ ဉာဏစွမ်းရည်နှင့် ရင်းနှီးမြှုပ်နှံသူ၏ အခွင့်အရေးကို ကာကွယ်ပေးရန် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ဤအပင်မျိုးသစ်ကာကွယ်ရေး ဥပဒေ တွင် တောင်သူလယ်သမားများအတွက် အခွင့်အရေးကိုလည်း ထည့်သွင်းရေးဆွဲထား သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်းနှင့် ဤဥပဒေများကို တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။

ယခုအခါ အပင်မျိုးမွေးမြူသူများက ၎င်းတို့မွေးမြူ ထုတ်လုပ်ထားသည့် အပင်မျိုးသစ် များကို အပင်မျိုးသစ်အကာအကွယ်ပေးရေး ဥပဒေအောက်တွင် ကာကွယ်ခွင့်ယူရန် လာရောက် လျှောက်ထားလျက်ရှိရာ သီးနှံမျိုးစုံ၏ အပင်မျိုးသစ် (၄၅)မျိုး ရှိနေပြီ ဖြစ်ကြောင်း၊ ယခုလျှောက်ထားလာသည့်အပင်မျိုးအသစ်များကို ဥပဒေပါ အပင်မျိုးသစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိ နည်းပညာကော်မတီ ကစိစစ်သုံးသပ်ပြီးဖြစ်၍ အပင်မျိုးသစ်အားကာကွယ်နိုင်ခွင့်အတွက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေးကို အစည်းအဝေးတက်ရောက်လာသည့် ဗဟိုကော်မတီ အဖွဲ့အဝင်များ အားလုံးအနေဖြင့် ဝိုင်းဝန်းဆွေးနွေးသွားကြရန် ပြောကြားသည်။    

ထို့နောက်အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေးဆိုင်ရာဗဟိုကော်မတီ အတွင်းရေးမှူး ဒေါက်တာနိုင်ကြည်ဝင်းက အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့် အခွင့်အရေး ရရှိရန် ကာကွယ်ခွင့် လျှောက်ထားလာသည့် အပင်မျိုးသစ်(၆)မျိုး နှင့် ပတ်သက်၍ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး စစ်ဆေးတွေ့ရှိချက်များကိုတင်ပြဆွေးနွေးရာ ဗဟိုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်