အမိမြေအတွက် အကောင်းဆုံးကြိုးစားကြပါစို့

ရေချမ်း(မန်း)

မြောက်ဖျား ကချင်ပြည်နယ်မှ ညီအစ်မနှစ်ယောက် မေခနဲ့မလိခပေါင်းဆုံပြီး ဧရာဝတီဟာ မြန်မာ့မြေကို တောတောင်တွေကြားကနေ လွင်ပြင်တွေကိုကျော်ပြီး ဧရာဝတီမြစ်ဝကျွန်းအရောက်မှာ မုတ္တမပင်လယ်ကွေ့ ထဲကိုစီးဝင်သွားတယ်။ ဧရာရဲ့ညီနောင်ဖြစ်တဲ့ ချင်းတွင်းကလည်း သူ့ရဲ့အနောက်ဘက်ကနေ ကွေ့ကာ ဝိုက်ကာနဲ့ မြင်းခြံနဲ့ ပခုက္ကူမြို့အကြားမှာလာဆုံတယ်။ ဧရာ၊ ချင်းတွင်းနဲ့ ညီနောင်တွေဖြစ်တဲ့ သံလွင်၊ စစ်တောင်းတို့ကလည်း မြန်မာ့မြေကို ခြေခင်း၊ လက်ခင်း ရှုခင်းသာအောင် ဆောင်လို့နေပါတယ်။

 

ဧရာဝတီမြစ်ဟာ မိုင်ပေါင်း ၁၃၅၀ အရှည်ရှိတာမို့ မြန်မာရဲ့ အသက်သွေးကြောကြီးဖြစ်သလို သူ့ရဲ့ရေဆင်း ဧရိယာ (ရေဝေရေလဲနယ်) ကတော့ စတုရန်းမိုင်ပေါင်း ၁၅၈၇၀ဝ ရှိလို့ မြန်မာတွေ ထမင်းဝဖို့ ဖန်တီးပေးထား သလိုပါပဲ။ ပြီးတော့ မူးချောင်း၊ မုန်းချောင်း၊ ရွှေလီ၊ ဒုဋ္ဌဝတီတို့ကလည်း ဧရာနဲ့ချင်းတွင်းတို့ကို အားဖြည့်ရင်း မြန်မာ့ဂုဏ်၊ မြန်မာ့တန်ဖိုးကို မြှင့်လို့နေပါတယ်။

 

အာရှတိုက်ကြီးရဲ့တောင်ဘက် အင်ဒိုချိုင်းနား ကျွန်းဆွယ်မှာ ကပ္ပလီပင်လယ်နဲ့ မုတ္တမတို့ကို ခြေခင်းပြီး ဟိမဝန္တာတောင်တန်းကြီးရဲ့အစွယ်အဖျား တောင်မြင့်တန်းကြီးကိုမှေးခိုနေတဲ့ မြန်မာ့မြေပုံဟာ နတ်မိမယ်လေး တစ်ပါး အောင်သပြေအိုးကိုကိုင်ပြီး သွယ်သွယ်လေးရပ်နေပုံနဲ့ ဆင်တူလို့ မြန်မာ့မြေရဲ့ ပကတိအလှဟာ ယဉ်လှပါတယ်။

 

မြန်မာတို့ရဲ့ ရှေးမြို့တော်ဟောင်း ပုဂံပြည်မှာ ထွန်းလင်းခဲ့တဲ့ ဗုဒ္ဓဘာသာ သာသနာ့အရှိန်အဝါကို ယခုတိုင် လက်ညှိုးထိုးမလွဲ ဖူးတွေ့ရတဲ့ အာနန္ဒာ၊ ရွှေစည်းခုံ၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ သဗ္ဗညုစေတီပုထိုးကြီးတွေက ဧရာအရှေ့မှာ သက်သေပြနေသလို အနောက်ဘက်ကမ်း မှာရှိတဲ့ တန့်ကျည်တောင်ကလည်း ပုဂံအလှကို ပိုပြီး ထင်ရှားသက်ဝင်စေပါတယ်။

 

မြန်မာ့မြေကနေ အဖိုးတန် ကျောက်မျက်များစွာထွက်သလို သတ္တုတွေရဲ့ ဘုရင်ဖြစ်တဲ့ ရွှေလည်းထွက်တယ်။ မိုးကုတ်မြေက ပတ္တမြားနာမည်ကြီးသလို ဖားကန့်က ကျောက်စိမ်း၊ မြိတ်ကျွန်းစုကထွက်တဲ့ ပုလဲတို့ဟာလည်း ကမ္ဘာမှာ နာမည်ကြီးပြန်ပါတယ်။

 

မြန်မာနိုင်ငံဟာ လူတို့ရဲ့ဖြစ်တည်မှု ကမ္ဘာ့သမိုင်းနဲ့ နှိုင်းယှဉ်ရင်လည်း ကျောက်ဆည်ဒေသ၊ တကောင်းဒေသ တို့မှာတွေ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေက ရှေးကျတဲ့ကမ္ဘာ့လူသားတွေ မြန်မာမှာအထင်အရှားရှိနေပုံကို တွေ့ရပါတယ်။ သဘာဝတရားနဲ့ စစ်မှန်ငြိမ်းချမ်းတဲ့ ဗုဒ္ဓရဲ့ဓမ္မအမွေ တရားတော်တွေကို ပေစာ၊ ကျောက်စာနဲ့ စာပေကျမ်းဂန်တွေအဖြစ် အထင်အရှားရှိနေတဲ့ နေရာဟာလည်းမြန်မာပါပဲ။ ထေရဝါဒဗုဒ္ဓဘာသာ သံဃာတော်များနဲ့ သာသနာအစစ်အမှန် ကိန်းတည်တဲ့ နေရာဌာနဟာလည်းမြန်မာပါလို့ အခိုင်အမာ ပြောနိုင်ပါတယ်။

 

ရိုးရာယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းစဉ်လာ သဘာဝအလှအပတွေနဲ့ပတ်သက်လို့ စာရေးသူတို့နိုင်ငံမှာ ပြောမဆုံးပါ။ ရှမ်းပြည်နယ် အင်းလေးဒေသက အင်းသားတွေရဲ့ ရေပေါ်အိမ်၊ ရေပေါ်စိုက်ခင်းနဲ့ ထူးခြားတဲ့ ခြေထောက်နဲ့ လှေလှော်ခတ်ဟန်၊ အင်းလေးဒေသ ရိုးရာအဝတ်အစားနဲ့ အမှတ်တရပစ္စည်းတွေကလည်း စွဲမက်စရာဖြစ်နေပြန်ပါတယ်။ အင်းတော်ကြီးဒေသနဲ့ ပဲခူးတိုင်းဒေသကြီးက မိုးယွန်းကြီးဘေးမဲ့တော၊ မန္တလေးမြို့အနီး အမရပူရက တောင်သမန်အင်း၊ စဉ့်ကိုင်အနီးက စွန်ရဲကြီးအင်းတို့ဟာလည်း ဆောင်းခို ငှက်တွေရှိတာမို့ စိတ်ဝင်စားစရာအဖြစ် နာမည်ကြီးလို့ နေပြန်ပါတယ်။

 

ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ လေ့လာစရာ ရင်သပ်ရှုမောစရာ သဘာဝသယံဇာတ အရင်းအမြစ်အခြေခံတဲ့ သစ်တော ကြိုးဝိုင်းတွေ၊ ဆင်စခန်းတွေ၊ ရေတံခွန်နဲ့ ရေပူစမ်းတွေ၊ အပန်းဖြေကမ်းခြေတွေ အစုံရှိလို့နေပြန်တယ်။ မြန်မာနိုင်ငံရဲ့ အလှအပ၊ မြန်မာရဲ့ စိတ်ဝင်စားစရာတွေက ရေးပြ၊ ဖော်ပြလို့ မဆုံးနိုင်အောင်ပါပဲ။ မြန်မာ့မြေရဲ့ အလှပုံရိပ်တွေကို ယခုလို အင်တာနက်ခေတ်မှာ အွန်လိုင်းကနေ ရှာကြည့်ရင်လည်း မဆုံးနိုင်အောင်ပါ။

 

ကျွန်တော် တင်ပြချင်တာက ချစ်စရာမြန်မာ့မြေ၊ ဂုဏ်ယူဖွယ်မြန်မာ့မြေကို ဖန်တီးပေးခဲ့တဲ၊့ လွတ်လပ်တဲ့နိုင်ငံ အဖြစ် ရပ်တည်ခွင့်ပေးခဲ့တဲ့၊ မြန်မာနိုင်ငံကို တည်ထောင်ခဲ့တဲ့ ရှေးမင်းတွေ၊ စစ်သူရဲကောင်းကြီးတွေနဲ့ ဘိုးဘေး ဘီဘင်တွေရဲ့ ကျေးဇူးတရားဟာ ကြီးမားတယ်ဆိုတာပါ။ ဒီလိုကြီးမားသလို ကမ္ဘာမှာမြန်မာတည်မြဲဖို့၊ မြန်မာ့အချုပ် အခြာခိုင်မြဲဖို့၊ မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ဆိုတာ ယနေ့ ဒီပြည်မှာနေ၊ ဒီမြေကရေကိုသောက်၊ ဒီပြည်ကထွက်တဲ့ ဆန်စပါးသီးနှံတွေကို စားနေကြတဲ့ မြန်မာပြည်သား အားလုံးမှာ တာဝန်ကိုယ်စီရှိပါတယ်။

 

ခေတ်တွေပြောင်းခဲ့ပြီ 

ယနေ့ ၂၁ ရာစုခေတ်မှာ ကမ္ဘာကြီးဟာ အရာရာလျင်မြန်သော အဟုန်နဲ့ ပြောင်းလဲတိုးတက်ခဲ့ပါပြီ။ ဖုန်းလေးတစ်လုံးရှိရုံနဲ့ ကမ္ဘာကြီးရဲ့ဖြစ်တည်ပုံ၊ ကမ္ဘာနဲ့ နိုင်ငံတကာ ဘက်စုံမြင်ကွင်းတွေ၊ ခေတ်မီတိုးတက် နေတဲ့ နည်းပညာနဲ့နည်းစနစ်တွေ၊ ဆန်းသစ်တီထွင်မှုတွေအပါအဝင် ကမ္ဘာအရပ်ရပ်ဒေသအစုံက ပထဝီဝင် အချက် အလက်တွေနဲ့ ယဉ်ကျေးမှုအစုံစုံကို ရုပ်ပုံ၊ စာသားတွေနဲ့ အချိန်တိုင်းမှာ လေ့လာကြည့်ရှုလို့ ရနေပါပြီ။

 

နိုင်ငံတစ်ခုရဲ့တန်ဖိုး 

လူနေမှုအဆင့်မြင့်မားခြင်း၊ တိုင်းပြည်ရဲ့အမျိုးသား ထုတ်ကုန်ပမာဏနဲ့ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေမြင့်မားခြင်း၊ နိုင်ငံမှာရှိတဲ့လူတွေရဲ့ ပျမ်းမျှသက်တမ်းနဲ့ ကျန်းမာရေး အဆင့်အတန်းကောင်းခြင်း၊ နိုင်ငံသားများ လုံခြုံစိတ်ချစွာနေထိုင်နိုင်ခြင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းခြင်းတို့ဟာ အဲဒီနိုင်ငံရဲ့တန်ဖိုးလို့ စာရေးသူကတော့ ယူဆပါတယ်။

 

စည်းကမ်းလိုက်နာမှုနဲ့အလုပ် 

နိုင်ငံတစ်ခု ဘက်စုံတိုးတက်ဖို့ဆိုတာ အဲဒီနိုင်ငံမှာ ရှိတဲ့လူတွေရဲ့ စည်းကမ်းလိုက်နာမှုနဲ့ အလုပ်လုပ်နိုင်စွမ်း အပေါ်မှာလည်း အဓိကမူတည်နေတယ်လို့ ယူဆပါတယ်။ တစ်ဦးချင်းစည်းကမ်းနဲ့ ရပ်ရွာစည်းကမ်း၊ နိုင်ငံစည်းကမ်းတွေကို လိုက်နာကြခြင်းဟာ လူတွေရဲ့စိတ်ဓာတ် အရည် အသွေး၊ ကိုယ်ရည်ကိုယ်သွေးတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ပါ။

 

အသိအမြင်ကျယ်ပါမှ 

 နိုင်ငံတစ်နိုင်ငံ ဘက်စုံတိုးတက်ဖို့ဆိုတာ နိုင်ငံသူနိုင်ငံသားတွေ စည်းကမ်းရှိဖို့၊ အလုပ်လုပ်ဖို့လိုပါမယ်။ ဒါ့အပြင် ပညာရေးစနစ်လည်းကောင်းမွန်ရမယ်။ ဒါမှလည်းအသိအမြင်ကျယ်မယ်၊ အသိအမြင်ကျယ်ပါမှလည်း စိတ်ဓာတ်ကောင်းတွေ မွေးဖွားပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ မိမိတို့နိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှု အမွေတွေကိုချစ်ပြီး တန်ဖိုးထားတတ်ရကောင်းမှန်းသိကာ ဘယ်လို ထိန်းသိမ်းကာကွယ်မလဲ၊ ဘယ်လို တိုးတက်အောင်လုပ်မလဲ၊ နိုင်ငံတကာမှာ ဘာတွေဘယ်လို တိုးတက်နေသလဲ၊ ဘယ်လိုခြေလှမ်းနဲ့ သွားနေတာလဲဆိုတာ သိအောင် လေ့လာကြရပါမယ်။

 

ခြေလှမ်းကျဲနိုင်မှ တော်ကာကျမယ်  

ဂျပန်ဟာဆိုရင် စစ်ရှုံးနိုင်ငံပြာပုံဘဝကနေ အသစ်ပြန်စခဲ့ရတယ်။ စင်ကာပူဆိုရင်လည်း ဘာသယံဇာတမျှ မရှိပေမယ့် စည်းကမ်းကောင်းတာ၊ တိုးတက်တဲ့အမြင်ရှိတာ၊ စီမံခန့်ခွဲမှုကောင်းတာတွေနဲ့ နိုင်ငံသားတွေ အလုပ်ကြိုးစား နေတာရယ်ကြောင့် ကမ္ဘာ့ဆိပ်ကမ်းကောင်းနိုင်ငံအဖြစ် ဝင်ငွေများစွာရနေသလို နည်းပညာ မြင့်တဲ့ ထုတ်ကုန်အသေးစားတွေ များစွာထုတ်လုပ်တင်ပို့နိုင်လို့ ကမ္ဘာမှာ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ် ကျော်ကြား နေတာ လက်တွေ့ပါပဲ။

 

အသုံးချတတ်မှ ဟန်ချက်ညီပါမှ သုံးချတတ်မှ ဟန်ချက်ညီပါမှ မိမိတို့နိုင်ငံရဲ့ ရေမြေသယံဇာတ အားသာချက် တွေကို အသုံးချတတ်ပါမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အထောက်အကူရမယ်။ ကဏ္ဍစုံတာဝန်ရှိသူတွေက ဘက်ပေါင်းစုံကနေ မြင့်မားတဲ့အသိကောင်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းကောင်းနဲ့ ဟန်ချက်ညီ တည်ဆောက်ကြပါမှလည်း တိုးတက်လာမှာ မလွဲဧကန်ပါ။ သူတစ်လူငါတစ်မင်း စိတ်၊ အပြစ်ပြောတတ်တဲ့စိတ်၊ အဆိုးမြင်ဝေဖန်ရေး စိတ်တွေနဲ့တော့ အလုပ်မဖြစ်တော့ပါဘူး။ မြန်မာတိုးတက်ဖို့ မြန်မာတွေ အသိအမြင်ကျယ်ဖို့နဲ့ ဟန်ချက်ညီဖို့ မဖြစ်မနေကို လိုအပ်နေပါပြီ။ ခေတ်ဟောင်းက စနစ်ဟောင်းတွေ ဖယ်သင့်တာ ဖယ်ရမယ်၊ မကောင်းတဲ့ အရိုးစွဲနေတာတွေ ဖျက်တန်ဖျက်ရမယ်၊ မျက်ကန်းမျိုးချစ်စိတ်တွေ ဖျောက် သင့်တာဖျောက်ရပါမယ်။ လမ်းဘေးမှာနေရတာတွေ၊ အိုးမဲ့ အိမ်မဲ့ဖြစ်နေတဲ့ဘဝတွေ နည်းဖို့လည်း လိုနေပါပြီ။ ဝဝစား၊ ဝေးဝေးနေပြီး ကိုယ်နဲ့မဆိုင်သလိုနေတတ်တာမျိုးတွေက နိုင်ငံကြီးသားစိတ် ကင်းမဲ့ရာ ကျလွန်းပါတယ်။

 

အလှအပတွေပေါင်းဆုံတဲ့မြေ 

မြန်မာ့ရေမြေဟာ တန်ဖိုးတွေ အနန္တရှိတာ အားလုံးအသိပါ။ သမိုင်းကောင်းခဲ့တာတွေလည်း အထင်အရှားပါ။ ရေခံမြေခံ ကောင်းပေမယ့် စိတ်အခံ၊ စိတ်အကြံတွေမကောင်းရင် ဘာမှလုပ်လို့မရပါဘူး၊ တိုးတက်ဖို့လည်း မမြင်ပါဘူး။ နိုင်ငံသားတွေ စာဖတ်ရမယ်၊ စာတတ်ရမယ်၊ အမြင်ကျယ်ရမယ်၊ စည်းကမ်းကောင်းပြီး စိတ်ဓာတ်မြင့်မားရမယ်။ အလုပ်ကိုချစ်ပြီး အလုပ်ဂုဏ်နဲ့နိုင်ငံကို တည်ဆောက် ကြဖို့လိုပါတယ်။ လမ်းပေါ်မှာ ပရမ်းပတာကွမ်းတံတွေးထွေး၊ စည်းကမ်းမဲ့အမှိုက်ပစ်၊ ဓာတ်တိုင်ကမီးလုံး ရိုက်ခွဲဆိုတဲ့ အကျင့်ပျက်တွေရယ်၊ လူမမြင်ရင် လမ်းဘေးပန်းပင်၊ မြက်ခင်းတွေပေါ် အညစ်အကြေးစွန့်တတ်တဲ့ အပြုအမူမျိုးတွေ၊ ရေချိုးခန်းဘေစင်ခွက်နဲ့ သန့်စင်ခန်းထဲမှာ ကွမ်းတံတွေးထွေး၊ ဆေးလိပ်တိုပစ်ချတဲ့ အကျင့်စရိုက်တွေ ရှိနေသေးလို့ ကတော့ မြန်မာ့အလှကို အရုပ်ဆိုးအကျည်းတန်နေဦးမှာပါ။

 

မြန်မာကိုချစ်ရအောင် 

စာရေးသူတို့ မြန်မာတွေမှာ ဘာသာရေးကပေးတဲ့ အခြေခံကောင်းတွေနဲ့ ဓမ္မအမွေကောင်းတွေလည်း လမ်းညွှန်အခိုင်အမာရှိပြီးဖြစ်လို့ ယဉ်ကျေးကြသူတွေ ဖြစ်ကြပါမယ်။ ဒါကြောင့်- 

- ယဉ်ကျေးလိမ္မာခြင်း၊ ကိုယ်ချင်းစာတရားရှိခြင်း။ 

- လုံ့လထြွကမှုရှိခြင်း။ 

- စည်းကမ်းလိုက်နာခြင်းနှင့် စည်းကမ်းကိုတန်ဖိုး ထားတတ်ခြင်း။

 - ခေတ်အမြင် ခေတ်အတွေးရှိခြင်း။ 

- အချင်းချင်းကူညီရိုင်းပင်း လက်တွဲခေါ်လိုစိတ် ရှိခြင်း။

 - လူအများစိတ်ဓာတ်ကောင်းပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း။

 - စည်းကမ်း၊ စိတ်ဓာတ်ကောင်းသူများဖြစ်လာ စေရန် နည်းလမ်းသစ်များကြံဆ၍ ကျယ်ကျယ် ပြန့်ပြန့် အကောင်အထည်ဖော်ခြင်း။

 - မျက်စိပိတ်၊ နားပိတ်မနေဘဲ နိုင်ငံတကာ တိုးတက်မှုများမှ မိမိနိုင်ငံအတွက် သင့်လျော် မည်ကို သင်ခန်းစာယူ အသုံးချခြင်း။

 - ပညာရေးနှင့် စာရိတ္တတွဲကာ ယခုအချိန်မှစ၍ မြန်မာ့လူကောင်း၊ လူတော်များဖြစ်လာစေရန် အင်တိုက် အားတိုက် ဆောင်ရွက်ခြင်းစတဲ့ အလေ့အကျင့်ကောင်း၊ အပြုအမူကောင်းတွေနဲ့ မြန်မာကိုချစ်တတ် စေချင်ပါတယ်။

 

တန်ဖိုးရှိသော မြေတွင် တန်ဖိုးရှိသော လူသားများအဖြစ် ကိုယ့်ပြည် ကိုယ့်မြေအကျိုးကို သယ်ပိုးကြစေလို  သယ်ပိုးကြစေလိုပါတယ်။ ဒါတွေက ကျွန်တော့်ရဲ့အမြင်ကို ဖော်ပြရခြင်းသာ ဖြစ်ပါတယ်။ ပညာရှင်များ၊ စေတနာရှင်များ၊ စွမ်းဆောင်ရှင်များနဲ့ လုပ်အားရှင်များရဲ့ ကောင်းတဲ့အကြံဉာဏ်များ၊ လုပ်ရပ်များနဲ့ လည်းကောင်း၊ အပြုမြင်စိတ်နဲ့ အလုပ်ကောင်းများကို စံနမူနာယူရင်းလည်းကောင်း ကျန်အများစုကလည်း မြန်မာကိုချစ်ကာ မြန်မာပြည် တိုးတက်လာစေရေး အကောင်းဆုံးကြိုးစားကြပါစို့ဟု ဆန္ဒပြုလိုက်ရပါတယ်။ ။