အမှီအခိုကင်းမှ လွတ်လပ်မည်

နေပြည်တော် ၂၆ ဒီဇင်ဘာ

 

တစ်ပါးသူ၏ ကျွန်ဘဝမှာ နေရသည်ဆိုခြင်းမှာ မည်သို့မှ မကောင်း။ ဤသည်က အထူးတလည် ရှင်းပြစရာလိုအံ့မထင်။ ကျွန်ဘဝကို ဖြတ်သန်းရသည့် မြန်မာပြည်သူလူထု၏ ခံစားချက် နာကြည်းချက်တို့ကို ယနေ့ခေတ် လူငယ်တို့အဖို့ အပြည့်အဝ သဘောပေါက်ကောင်းမှ ပေါက်မည်ဖြစ်သော်လည်း စာနာစိတ်ဖြင့် နားလည်နိုင်ပါမည်။

 

ထို့ကြောင့်ပင် မြန်မာပြည်သူလူထုကြီးသည် တက်ကြွနိုးကြားသော ပညာတတ်လူငယ်၊ နိုင်ငံရေးခေါင်းဆောင်တို့၏ ဦးဆောင် ဦးရွက်ပြုမှုအောက်က တညီတညွတ်တည်း လိုက်ပါစွန့်စားခဲ့ကြခြင်း ဖြစ်၏။

 

အားလုံး၏ ပန်းတိုင်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရရေး၊ တိုင်းရင်းသားပြည်သူတို့ တန်းတူညီမျှ အခွင့်အရေးတူ ရရှိရေး။ ယင်းကလွဲ၍ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားမျှော်မှန်းချက်မပါ။

 

ပြည်သူလူထုအများစုမှာ ဆင်းရဲသားလူမွဲများ ဖြစ်ကြသည့် အားလျော်စွာ နယ်ချဲ့အရင်းရှင်စနစ် ဆန့်ကျင်ရေး၊ လူလူချင်း တန်းတူညီမျှရေးတို့ကို တောင့်တကြသည်မှာ မဆန်း။

 

အဲသည်ခေတ်အခါက လူထု၏ ကြွေးကြော်သံမှာ သူ့ကျွန်ဘဝက လွတ်မြောက်ရေး၊ နယ်ချဲ့အရင်းရှင် ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး။

 

ဤနေရာ၌ လွတ်လပ်ရေးဟူသည့် အဓိပ္ပာယ်တွင် အမှီအခိုကင်းခြင်းဟူသည့် အနက်ပါ၏။ ပြည်သူတို့သည် အခြားသူကို မှီခိုနေရသည့်ဘဝကို စက်ဆုပ်နေကြပြီ။ အထူးသဖြင့် ကိုယ့်ကိုကုပ်သွေးစုပ် ခြယ်လှယ် အမြတ်ထုတ်မည့်သူများကို မှီခိုနေရသည့် ဘဝက လွတ်မြောက်လိုလှပြီ။

 

သူတစ်ပါးကို မှီခိုနေရသရွေ့ သူတစ်ပါး၏ ဩဇာနှင့် လွှမ်းမိုးမှုက မလွတ်ကင်းနိုင်။ သူတစ်ပါးကို အားထားနေရသရွေ့ မိမိ၏ကိုယ်ပိုင် အဆုံးအဖြတ် ကိုယ်ပိုင်အယူအဆနှင့် မရပ်တည်နိုင်။ မှီခိုနေရသူ၏ မျက်နှာကိုကြည့်ပြီး သူများအလိုကျ မဟုတ်သည့်တိုင် သူများမျက်နှာ ညိုလေမလားဟူ၍ စိုးရိမ်နေရသည့် ဘဝကို မလိုလား။

 

အမှီအခိုကင်းကင်းနှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကာ ကိုယ့်ကြမ္မာကိုယ့်ဘာသာ ဖန်တီးနိုင်သည့် ဘဝမျိုးကိုလိုချင်သည့် စိတ်ဓာတ်အားမာန်တို့ဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ပြည်သူတို့ အသက်ပေးခဲ့ကြ၊ စွန့်လွှတ်စွန့်စားခဲ့ကြ၊ အနစ်နာခံခဲ့ကြခြင်းဖြစ်သည်။ အနည်းစုသော လူတစ်စုကလွဲ၍ တို့ကိုယ်ကျိုး လုံးလုံး မပါ နောင်လာနောက်သား ကောင်းစားဖို့ရာဟူသည်မှာ အသံ ကောင်းဟစ်ကြွေးကြော်ခဲ့ရုံမျှ ကြွေးကြော်ခဲ့သည်မဟုတ်ပါ။

 

ယနေ့ လွတ်လပ်ရေးရခဲ့သည်မှာ အနှစ် ခုနစ်ဆယ်ကျော်ခဲ့ပြီ။ မကြာမတင်မှာပင် ခုနစ်ဆယ့်တစ်နှစ်ပြည့် လွတ်လပ်ရေးအောင်ပွဲ နေ့ကို ကျင်းပကြတော့မည်။

 

သို့သော်လည်း ယနေ့ထက်တိုင် မြန်မာနိုင်ငံသည် အမှန်တကယ် အမှီခိုကင်းသည့် နိုင်ငံမဖြစ်သေး။ အမှန်တကယ် ဒီမိုကရေစီ အပြည့်အဝရရှိနေသည့် နိုင်ငံမဖြစ်သေး။ အမှန်တကယ် ငြိမ်းချမ်းသည့်နိုင်ငံ မဖြစ်သေး။ နိုင်ငံသားတို့အကြား အမှန်တကယ် တန်းတူ ညီမျှမှု မရှိသေး။

 

သည်လိုအခြေအနေက ရုန်းထွက်နိုင်ကြပြီး ငြိမ်းချမ်းသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် များစွာ အလုပ်လုပ်ကြရဦးမည်ဟု ယုံကြည်ပါသည်။

 

အမြော်အမြင်ကြီးသော ခေါင်းဆောင်များ၏ ဦးဆောင်မှု၊ လက်တွေ့ အကောင်အထည်ဖော်မှုများနှင့် နိုးကြားတက် ပြည်သူတို့၏ ပါဝင်ဆောင်ရွက်မှုတို့အားဖြင့် အမျိုးသားလွတ်မြောက်ရေး မျှော်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်ချီတက်ရင်း လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေး တိုက်ပွဲအဆက်ဆက်တွင် ကျဆုံးခဲ့ရသော ခေါင်းဆောင်များနှင့်တကွ ပြည်သူလူထုအပေါင်းတို့၏ ကျေးဇူးကို ဆပ်နိုင်ကြပါစေသတည်း။

 

မြန်မာ့အလင်း