အမေရိကန်သမ္မတ၏ စစ်ရေးဆိုင်ရာ ဆုံးဖြတ်ပိုင်ခွင့်ကို ကန့်သတ်ရန် အောက်လွှတ်တော် ဆုံးဖြတ်

ဝါရှင်တန် ၁၃  ဇန်နဝါရီ

အီရန်အပေါ် နောက်ထပ်စစ်ရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ပိုင်ခွင့်ကို ကန့်သတ်ရန် ရည်ရွယ်သည့် ဆုံးဖြတ်ချက်တစ်ခု အမေရိကန်အောက်လွှတ်တော်က ချမှတ်လိုက်ကြောင်း သိရသည်။

ဒီမိုကရက်တစ်အမတ်အများစု လွှမ်းမိုးသည့် အောက်လွှတ်တော်က အဆိုပါဆုံးဖြတ်ချက်အပေါ် မဲပေးခဲ့ကြသည်။ အီရန်ထိပ်တန်းတပ်မှူး ကာဆမ်ဆိုလန်းမန်းနီကို အမေရိကန်က နှိမ်နင်းခဲ့ပြီးနောက် ထိုသို့မဲပေးမှု ဖြစ်လာခဲ့သည်။ သမ္မတထရမ့်သည် လွှတ်တော်နှင့် တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်ရန် အမိန့်ပေးခဲ့ကြောင်း၊ ထရမ့်၏ လုပ်ရပ်များသည် နိုင်ငံကို စစ်မက်အန္တရာယ်အတွင်းသို့ ကျရောက်စေနိုင်ကြောင်း အတိုက်အခံ ဒီမိုကရက်တစ်များက စွပ်စွဲခဲ့ကြသည်။

လွှတ်တော်က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်၌ သမ္မတထရမ့်က လွှတ်တော်၏ ခွင့်ပြုချက်မရရှိဘဲ အီရန်အပေါ် စစ်ရေးအရတိုက်ခိုက်မှုများ လုပ်ဆောင်ခွင့်မရှိကြောင်း တားမြစ်ထားသည်။ အဆိုပါဆုံးဖြတ်ချက်ကြောင့် ရီပတ်ဘလစ်ကန်အများစုရှိသည့် အထက်လွှတ်တော်၌ အငြင်းပွားဖွယ် ဖြစ်လာနိုင်ပြီး အထက်လွှတ်တော်က ခွင့်ပြုခဲ့ပါကလည်း သမ္မတထရမ့်က ဗီတိုအာဏာဖြင့် ပယ်ချနိုင်ဖွယ်ရှိကြောင်း အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။

အင်န်အိတ်ချ်ကေ