အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်အား ဘဲလ်ဖတ်စ်တက္ကသိုလ်၏ အဓိပတိသစ်အဖြစ်ခန့်အပ်

ဘဲလ်ဖတ်စ် ၄ ဇန်နဝါရီ

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်အား ဒီဇင်ဘာ ၂ ရက်တွင် ဘဲလ်ဖတ်စ်မြို့ ကွင်းစ်တက္ကသိုလ်၏ အဓိပတိသစ်အဖြစ် ခန့်အပ် ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

 

ဟီလာရီကလင်တန်သည် ကွင်းစ်တက္ကသိုလ်သက်တမ်းငါးနှစ်ရှိ အဓိပတိအဖြစ် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း အိုင်ယာလန်မြောက်ပိုင်းရှိ ယင်းတက္ကသိုလ်မှ ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြသည်။

 

ကွင်းစ်တက္ကသိုလ်၏ အဓိပတိဖြစ်လာရခြင်းမှာ ထူးမြတ်သည့် အခွင့်အရေး ဖြစ်ကြောင်းနှင့် ယင်းတက္ကသိုလ်နှင့် မိမိတို့အကြား လွန်ခဲ့သည့်နှစ်များအတွင်း ခိုင်မာသည့် ဆက်ဆံရေးမှ တစ်ဆင့်ကြီးမားသည့် တွယ်တာမှု ဖြစ်ထွန်းစေခဲ့ကြောင်း ဖြစ်ကြောင်း ဟီလာရီကလင်တန် ထုတ်ပြန်ကြေညာချက်၌ ဖော်ပြသည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီသည် ၂၀၁၆ ခုနှစ်တွင် ကျင်းပသည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ယှဉ်ပြိုင် အရွေးခံရာ၌ ရှုံးနိမ့်ခဲ့သည်။

 

ဟီလာရီကလင်တန်သည် ကွင်းစ်တက္ကသိုလ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် လက်ခံရရှိခဲ့သည်။

ကိုးကား- အေအက်ဖ်ပီ

ဘာသာပြန် - ဇော်ဝင်း