အမေရိကန် ရွှေ့ပြောင်းထိန်းသိမ်းရေးစခန်းတွင် ဟွန်ဒူရပ် ၅၀ဝ၀ ခန့်ရှိ

၂ သြဂုတ်

 

အမေရိကန်ပြည်ထောင်စု ရွှေ့ပြောင်းထိန်းသိမ်းရေးစခန်းများတွင် ယခုလက်ရှိသောင်တင်နေသူ ဟွန်ဒူရပ် ၅၀ဝ၀ ခန့်ရှိကြောင်း ဟွန်ဒူရပ် အမျိုးသမီး အန်နာ ဂါစီရာ က ယမန်နေ့က ပြောကြားခဲ့သည်။

 

အမေရိကန် ပြည်ထောင်စု ရွှေ့ပြောင်းထိန်းသိမ်းရေးစခန်းများတွင် ဟွန်ဒူရပ် ၅၀ဝ၀ ရှိပြီး မက္ကဆီကိုနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင်လည်းရှိကြောင်း တရားမဝင် ရွှေ့ပြောင်းခြင်းကို တားမြစ်ရန် တစ်လကြာ စည်းရုံးလှုံ့ဆော်ရေးပြုလုပ်သည့် တေဂူစီဂါပါ မြို့ရှိ  အခမ်းအနားတစ်ခု ကျင်းပနေစဉ်အတွင်း အန်နာ ဂါစီရာက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ရွှေ့ပြောင်းနေထိုင်ခြင်း အန္တရာယ်နှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် စည်းရုံးလှုံ့ဆော်ခြင်း ဖြစ်သည်ဟု ၎င်းနှင့်အတူ ဒုတိယနိုင်ငံခြားရေးဝန်ကြီး နယ်လီ ဂျီရဇ် က ပြောကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ကြသည့် ဂွါတီမာလာ နှင့် အယ်ဆာဗေဒို တို့နှင့်အတူ ဟွန်ဒူရပ် နိုင်ငံတို့မှ ရွှေ့ပြောင်းသွားလာသူများ အရေအတွက် တိုးပွားလာနေကြောင်း ဖော်ပြထားသည်။

 

ရွှေ့ပြောင်းသွားလာရာ လမ်းကြောင်းပေါ်ရှိ မက္ကဆီကို နိုင်ငံသည် ရွှေ့ပြောင်းသူများ တိုးပွားလာသည့် ပြဿနာကို ဖြေရှင်းကိုင်တွယ်ရန် ဦးဆောင် လှုံ့ဆော်နေသည်။ အဆိုပါ အစိုးရမှ ဟွန်ဒူရပ်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပေါ်စေရန် စီမံကိန်းနှစ်ခုအတွက် အမေရိကန် ဒေါ်လာ သန်း ၃၀ ကို ကူညီထောက်ပံ့မည်ဟု ကနဦး ကတိပြုခဲ့သည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို