အမြဲထာဝရ မိတ်ကောင်းဆွေမွန်များ

 

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှာ ကီလိုမီတာ ၂၀၀၀ ကျော် နယ်နိမိတ်ချင်းထိစပ်နေပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာလည်း နှစ်ပေါင်းထောင်ချီနေသည့် သက်တမ်းရှိသည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ရာတွင် မြန်မာနိုင်ငံသည် ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်သကဲ့သို့ အဆိုပါအချိန်ကတည်းကပင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်တစိုက်ထောက်ခံခဲ့သည့်နိုင်ငံလည်း ဖြစ်သည်။

ပစ္စုပ္ပန်ကာလတွင် မြန်မာ - တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် သာမန်မိတ်ဆွေနိုင်ငံများမကဘဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအဆင့်မှ တက်လှမ်း၍ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်နိုင်ငံများဆက်ဆံရေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏတွင် ခမ်းနားလှပစည်ကားသိုက်မြိုက်စွာ ကျင်းပသည့် (၂၀၂၄)ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး နှစ်သစ်ဆုမွန်ကောင်းစကား ပြောကြား ရာတွင် “တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းဟူသည့် ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသည့် ခံယူချက်ဖြင့် ရပ်တည်ပေးခဲ့သည့် နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန်သည့် လမ်းကြောင်း အတိုင်း ရပ်တည်ပေးလျက်ရှိနေသည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးတို့၏ မိတ်ကောင်းဆွေမွန် ပီသမှုအတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်းကို ပြောကြား လိုပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှု နှင့် ကုန်သွယ်ရေးလွတ်လပ်မှု မူဝါဒများချမှတ်ကာ ၁၉၈၀ ပြည့် နှစ်တွင် အထူးစီးပွားရေးဇုန်ကြီးလေးခုကို အရှေ့တောင်ပိုင်း ကမ်းရိုးတန်းမြို့ကြီးများတွင် တည်ထောင်ခဲ့သည်။ ယင်းမှစ၍ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း အမြင့်မားဆုံးနိုင်ငံအဖြစ် ဆယ်စုနှစ်တစ်ခုပြီးတစ်ခု အောင်မြင်မှုများ ဆင့်ကဲရရှိကာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် တက်လှမ်းရောက်ရှိခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခေါင်းဆောင်သမ္မတရှီကျင့်ဖျင်က “ဤလောကကြီးတွင် နိုင်ငံအသီးသီးတို့ အပြန်အလှန်ဆက်သွယ်၊ အပြန်အလှန်မှီခိုသည့် အတိုင်းအတာသည် မကြုံဖူးလောက်အောင် နက်ရှိုင်းလာပါကြောင်း၊ လူသားများသည် တူညီသည့် ကမ္ဘာရွာကြီးတွင် အသက်ရှင်နေထိုင်၍ သမိုင်းနှင့်လက်တွေ့ဆုံစည်းနေသည့် တူညီသည့် အချိန်ထဲတွင် နေထိုင်ကြခြင်းကြောင့် တဖြည်းဖြည်းနှင့် ကံကြမ္မာတူ အသိုက်အဝန်းဖြစ်လာပါကြောင်း” ဟူ၍ လူသားကံကြမ္မာတူ အသိုက်အဝန်းအယူအဆကို စတင်အဆိုပြုရာတွင် ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့် မူဝါဒတို့ကို ကျင့်သုံးလျက်ရှိသလို အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံနှင့်အတူ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ချက်ကိုလည်း ခေတ်အဆက်ဆက် ခိုင်မြဲစွာကျင့်သုံးခဲ့သည်။ ထာဝရတည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းချစ်ခင်သည့် အိမ်နီးနားချင်းဆက်ဆံရေးထူထောင်မှုကိုလည်း အလေးဂရုပြု အကောင်အထည် ဖော်လျက်ရှိသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ဆက်ဆံရေးတွင် မြန်မာနိုင်ငံသည် ဘက်စုံမဟာ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်နိုင်ငံအဖြစ် ထာဝရရပ်တည်လျက်ရှိရာ လူသားကံကြမ္မာတူ အသိုက်အဝန်းအတွင်းမှ အနီးကပ်ဆုံးသောမိသားစုများအဖြစ် အနာဂတ်ကာလ တစ်လျှောက်လုံး အတူယှဉ်တွဲနေထိုင်သွားကြရမည်ဟု ယုံကြည်ပါကြောင်း။

 

မြန်မာ့အလင်း