အလှူခံပုံးထားပေးခြင်းမရှိသလို ယာဉ်ရပ်နားခွင့် မကောက်ခံတဲ့ မကွေး မြသလွန်ဘုရားမှာ ဘုရားဖူးတွေနဲ့ ပြည့်လျှံ

မကွေး ၁ ဖေဖော်ဝါရီ

 

မကွေးမြို့၏ သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြသည့် ညအိပ်ဘုရားဖူး ခရီးသည်များ ကိုယ်စိတ်နှလုံးချမ်းမြေစွာ အိပ်စက်နားခိုနိုင်သော အဆောင်(၂၀)ကျော်ကို အခကြေးငွေ ကောက်ခံခြင်းမရှိဘဲ ဘုရားဖူးများ၏ လှူဒါန်းသော သဒ္ဓါကြေးများဖြင့်သာ လက်ခံသည်ဟု မြသလွန်ဘုရား  ဘဏ္ဍာတော်ထိန်းသိမ်းရေး ဂေါပက အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

 

"ကျွန်တော်တို့က နံပါတ်(၁) ဘုရားမျက်နှာကြည့်တယ်။ နံပါတ်(၂) ဘုရားဖူးပြည်သူတွေရဲ့ မျက်နှာကြည့်တယ်။ မြသလွန် ဘုရားကြီးရဲ့ အစဉ်အဆက် ဘုရားဂေါပကလူကြီးများရဲ့ မူဝါဒအတိုင်း ဆက်လက် ထိန်းသိမ်းဆောင်ရွက်တယ်"ဟု ၎င်းက ပြောသည်။

 

ယခင် အစဉ်အဆက်ဆက် ဂေါပကလူကြီးများလက်ထက်မှ ယနေ့အချိန်ထိ မြသလွန်ဘုရားကုန်းမြေပေါ်ရှိ တည်းခိုနိုင်သော သုဘောဂ၊ ဦးမောင်မောင်၊ ရွှေသဉ္ဇာ၊ မြသဉ္ဇာနှင့် ဦးမြိုင်ကြီး အစရှိသည့် ဓမ္မာရုံများ၌ ဘုရားဖူးလာသူ(၈)ဦးမှ (၈၀) ကျော်အထိ တည်းခိုနိုင်သည်။ ထို့အပြင် ဘုရားဖူး မော်တော်ယာဉ်များကိုလည်း ဘုရားကုန်းမြေပေါ်တွင် ယာဉ်ရှုပ်ထွေးမှု မဖြစ်စေရန် Light Truck ကားအထက် သီးသန့် ယာဉ်ရပ်နားကွင်း ဆောင်ရွက်ပေးထားပြီး ကားရပ်နားကွင်းမှ မြသလွန်ဘုရားဖူးမြော်ရန် နိဗ္ဗာန်ကူးတံတားဖြင့် အဆင်ပြေစွာ သွားလာနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

 

မကွေးမြို့မှ ဒေသခံတစ်ဦးက " မကွေးမြို့ရဲ့ ကျက်သရေအရှိဆုံး ထိန်းသိမ်းစောင့်ရှောက်မှု တစ်ခုဖြစ်ပါတယ်။ ယခင် ဘုရားဂေါပကတွေ လက်ထက်ကတည်းက အစဉ်အလာကို ယခုဘုရားဂေါပက အဖွဲ့တွေကလည်း လိုက်နာထိန်းသိမ်း ကြတယ်" ဟု ပြောကြားခဲ့သည်။

 

မကွေးမြို့ မြသလွန်ဘုရား၏ အဓိကထူးခြားချက်သည်  ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကိုသာ ပူဇော်ခွင့်ပြုခြင်း၊ ဘုရားဖူးများ လှူဒါန်းလိုပါက ပြေစာ၊ အလှူခံပုံးများထားရှိပေးခြင်း၊ ယာဉ်ရပ်နားခ၊ တည်းခိုခ လုံးဝကောက်ခံမှု မပြုလုပ်ခြင်း၊ သူတောင်းစားမရှိခြင်း၊ ဈေးသည်များ သတ်မှတ်နေရာမှ ကျော်လွန်ရောင်းချခွင့်မရှိခြင်း၊ ကျေးငှက်တိရစ္ဆာန် ရောင်းချခွင့် မရှိခြင်းတို့ ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာတော်ထိန်းသိမ်းရေး ဂေါပကအဖွဲ့ဝင် ဦးဟန်က " ပညာပေါ်မှာ အသိတင်ပြီး ဘာသာရေးကပေးတဲ့ အသိတရားဖြစ်တယ်။ ယခင်ဂေါပကလူကြီးတွေ လက်ထက်က ပြောခဲ့တာရှိတယ်။ မင်းတို့ ဂေါပကလုပ်ရင် ဘုရားပေါ်မှာ လေရှူရမယ်။ ရေသောက်ရမယ်။ ကျန်တာ ကိုယ့်စရိတ်နဲ့ ကိုယ်လုပ်ကြဆိုတာကို အားလုံးက လိုက်နာကြတယ်။ ဘုရားပေါ်မှာ ကျေးငှက်တွေလာရောင်းတယ်။ ခြင်းထဲထည့်ထားပြီး အစာမကျွေးဘူး။ ကုသိုလ်ဖြစ် ငှက်လွှတ်တဲ့အခါ ငှက်က မပျံနိုင်တော့ဘူး။ စွန်က သုတ်၊ ကျီးကထိုးနဲ့ မြင်ရတာ စိတ်မချမ်းသာဘူး။ သူတောင်းစားတွေကလည်း ရှေ့ကပိတ်တောင်း တော့ ဘုရားဖူးတွေ စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ ဒါကြောင့် တားမြစ်တာဖြစ်တယ်" ဟု ပြောကြားခဲ့သည်။

 

ရှမ်းပြည်နယ်မှ ဘုရားဖူးလာသည့် မိသားစုအဖွဲ့က" မြသလွန်ဘုရားမှာ ဘုရားဖူးရတာ၊ တည်းခိုရတာ စိတ်ချမ်းသာရတယ်။ မန်းရွှေစက်တော်လို တည်းခိုခ၊ ယာဉ်ရပ်နားခ မရှိဘူး။ ရေချိုးတာ၊ ကျန်းမာရေးသွားတာလောက်ပဲ ပိုက်ဆံကုန်တယ်။ ရွှေစက်တော်၊ မင်းဘူးနဂါးပွက်တောင်၊ စက်ကိန်းတဲ ခရီးစဉ်တွေ သွားပြီးပါပြီ်။ မြသလွန်ဘုရားမှာ တစ်ညတည်းပြီး မနက်ပြန်ပါမယ်။ မိသားစုတွေစုပြီး  ရွှေသင်္ကန်းကပ်လှူခဲ့ပါတယ်" ဟု ပြောကြားသည်။

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ လေ့လာလည်ပတ်ရန် စိတ်ဝင်စားစရာကောင်းသောနေရာများမှာ သမိုင်းဝင် မြသလွန်စေတီ၊ မန်းရွှေစက်တော်ဘုရား၊ ပုံတောင်၊ ပုံညာဒေသ(ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာရေးလုပ်ငန်း)၊ တန့်ကြည့်တောင်စေတီ၊ မင်းဘူးနဂါးပွက်တောင်နှင့် တန်ခိုးကြီးဘုရားများ၊ အောက်ကျောင်းတော်ရာ၊ စန္ဒကူးကျောင်းတော်ရာဘုရား၊ စလင်းရုပ်စုံ ကျောင်းတော်ကြီးနှင့် ဝက်သည်းကန်၊ ဗိဿနိုးမြို့ဟောင်းနှင့် မြင်းကွန်းမြို့ဟောင်း၊ လွတ်လပ်ရေးဖခင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာဇာတိ နတ်မောက်မြို့၊ ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားနှင့် သမိုင်းဝင် ဘုရားများ၊ မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်၊ ယောဒေသနှင့် ရေစကြိုမြို့နယ် ပခန်းမြို့ဟောင်း တို့ဖြစ်သည်။

 

အဆိုပါ သမိုင်းဝင် အထင်ကရ နေရာများသို့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလေ့လာသူများအပြင် ကမ္ဘာလှည့် ခရီးသွားများလည်း လေ့လာဖူးမြော်ကြလျက်ရှိကြောင်း သိရှိရသည်။

 

ဟံသာလင်း