အလုပ်သမားဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများ ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်     မေ ၂၈

 

အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ထောက်ပံ့ ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးစီးဌာန၊ အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်း သား/သမီး ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သကဲ့သို့ ပညာရေးသည်လည်း နိုင်ငံ၏ အနာဂတ်ဖြစ်သည့်အတွက် ပညာတတ်လူငယ်များ ဖြစ်လာစေရန် ကျောင်းနေအရွယ်ကလေးတိုင်း ပညာ သင်ကြားနိုင်ရေး၊ အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ရခြင်းများ မရှိစေရေး နှင့် တန်းစဉ်ကူးပြောင်းမှုတွင် အရေအတွက်သာမက အရည်အချင်းပါ လျော့နည်းမသွားစေရေး ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိကိုယ်ကို၊ လူမှုပတ်ဝန်းကျင်ကို၊ နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် စိတ်ရောကိုယ်ပါ ကြံ့ခိုင်ကောင်းမွန် သည့် လူကောင်းလူတော် နိုင်ငံ့သားကောင်းများကို မွေးထုတ်ပေးနိုင်ရေးအတွက် မိမိတို့သား/သမီးများကို မဖြစ်မနေ ကျောင်းအပ်ခြင်းဖြင့် မိဘဝတ္တရားကျေပွန်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဗလငါးတန် နှင့်ပြည့်စုံသော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ကြရန်လိုကြောင်း၊ မိမိတို့၏ ကလေးများ ပညာရည်ထူးချွန် မှုရှိစေရန် ပညာတတ်များဖြစ်စေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးရမည် ဖြစ်ပါကြောင်း။

 

ဌာနအကြီးအကဲများ၊ ဝန်ထမ်းမိဘများအနေဖြင့် မိမိတို့၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံအတွက် အားကိုးအားထားပြုထိုက်သည့် လူငယ်များဖြစ်လာစေရေး၊ နိုင်ငံတော်၏ ပုခုံးပြောင်း တာဝန်များကို လက်ဆင့်ကမ်းရယူမည့် အနာဂတ်၏ ခေါင်းဆောင်များ ဖြစ်လာစေရေး၊ ပညာတတ် လူသားအရင်းအမြစ်များ မွေးထုတ်ပေး နိုင်ရေးနှင့် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွန်မြတ်သောစေတနာဖြင့် တက်ညီ၊ လက်ညီ ကြိုးပမ်းဆောင်ရွက် သွားကြရန် ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြား မည့် ဝန်ထမ်းများ၏ သား၊ သမီးများဖြစ်သော တက္ကသိုလ်တက်ရောက်သူ (၁၅၀)၊ အထက်တန်း တက်ရောက်သူ (၁၉၀)၊ အလယ်တန်းတက်ရောက်သူ (၁၉၇)ဦးနှင့် မူလတန်း တက်ရောက်သူ (၅၆၉) ဦးဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁,၁၀၆)ဦးအတွက် ပညာသင် ထောက်ပံ့ကြေး စုစုပေါင်း ငွေကျပ် ၁၇,၂၂၂,၀၀၀/-ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဝန်ထမ်းသား/သမီး ကျောင်းသား၊ ကျောင်းသူများက လက်ခံ ရယူခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)