နေပြည်တော်  ၂   စက်တင်ဘာ 

အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ (High Level Working Group - HLWG) ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ရှိအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်း အဝေးခန်းမ ၌ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ယနေ့ကျင်းပ သည့် အစည်းအဝေးသည် လာမည့် အောက်တိုဘာလကုန်တွင်စတင်ကျင်းပမည့် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး ၌ဆွေးနွေးမည့် “မြန်မာနိုင်ငံမှ ILO ပြဌာန်းချက်အမှတ် ၂၉ လိုက်နာကျင့်သုံး အကောင် အထည်ဖော်မှု”နှင့် ပတ်သက်ပြီးအချက်အလက်များရရှိနိုင်ရေးအတွက်  ဒုတိယအကြိမ်ကျင်းပ သည့် အစည်းအဝေးဖြစ်ပါကြောင်း။

ILO ၏(၃၃၇) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင်(၃၃၅) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်ပါအချက်အလက်များအပြင် (၁၀၈)ကြိမ် မြောက် ILC ကာလအတွင်းပြုလုပ်ခဲ့သည့်CAS အစည်းအဝေး၏ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ တိုးတက်အကောင်အထည်ဖော်မှုများကိုဖော်ပြနိုင်ရန်အရေးကြီးပါကြောင်း။

မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှုများ အတိုင်းအတာတစ်ခုအထိပပျောက်နေပြီဖြစ်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများတိတိကျကျဖော်ပြရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် CAS အစည်း အဝေးပါဆုံးဖြတ်ချက်များနှင့်ပတ်သက်၍လည်းအရေးယူဆောင်ရွက်မှု၊ ILO နှင့် ပူးပေါင်းဆောင်ရွက် မှု၊ NTDF အစည်းအဝေးကျင်းပနိုင်မှုနှင့်တိုးတက်မှုများ၊ အလုပ်သမား ရေးရာဥပဒေများပြင်ဆင်ရန်ကြိုးပမ်းလုပ်ဆောင်နေမှုများ၊အလုပ်သမားအဖွဲ့အစည်းများလွတ်လပ်စွာဖွဲ့စည်းလုပ်ဆောင်နိုင်သည့်အခြေအနေများနှင့် ပတ်သက်၍ အချက်အလက်များကို ကိန်းဂဏန်းအချက်အလက်များဖြင့် ဖော်ပြ သွားရန်လိုအပ်ပါကြောင်း။

HLWG အဖွဲ့ဝင်ဝန်ကြီးဌာနများ၏သဘောထားမှတ်ချက်များရယူပြီး ရေးဆွဲထားသည့် အဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာလုပ်ငန်းစီမံချက် (New Action Plan)၊အမျိုးသားအဆင့် အဓမ္မစေခိုင်းမှုဆိုင်ရာတိုင်ကြားမှုယန္တရား(National Complaint Mechanism - NCM) နှင့်ကြားကာလတွင်အဓမ္မခိုင်းစေမှုများ တိုင်ကြားဖြေရှင်းနိုင်မည့်နည်းလမ်းတို့ အကောင် အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်၍လုပ်ထုံးလုပ်နည်း များနှင့် အညီဆက်လက်ဆောင်ရွက်လျက်ရှိသည်ကိုလည်းအသိပေးလိုပါကြောင်း။

ILO ၏ 337thGB အစီရင်ခံစာတွင်ဌာနဆိုင်ရာများက  သက်ဆိုင်ရာနယ်ပယ်ကဏ္ဍ အလိုက် ကြိုးပမ်းအားထုတ်မှုများကိုနိုင်ငံတကာကယုံကြည်မှုရရှိစေရန် အချက်အလက် ပြည့်ပြည့်စုံစုံနှင့် ထိထိရောက်ရောက်ပြန်ကြားပေးပို့နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်းပြောကြားသည်။ 

ထို့နောက်အစည်းအဝေး  တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက်  ဝိုင်းဝန်းအကြံပြုဆွေးနွေးကြကြောင်း သိရသည်။

(သတင်းစဉ်)