အလုပ်သမားကြီးများအား ဂုဏ်ပြုကြိုဆို

၁ မေ

 

ယနေ့သည် ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့။ ထိုနေ့သည် အတိုင်းတိုင်းအပြည်ပြည်မှ နိုင်ငံ့အကျိုးပြု အလုပ်သမားကြီးများအား ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ထားသော နေ့တစ်နေ့ဖြစ်သည်။ အလုပ်သမားကြီးများသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသူများဖြစ်၍ ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်သူများဖြစ်သည်။

 

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရာတွင် အလုပ်သမား ကြီးများမှာ တစ်တပ်တစ်အား ပါဝင်ကြိုးပမ်းဆောင်ရွက်နေကြသလို နိုင်ငံတော်အစိုးရကလည်း အလုပ်သမား ကြီးများ အခန်းကဏ္ဍမြှင့်တင်ရေးကို လူမှုရေးတရားမျှတမှု၊ အလုပ်ရှင်နှင့် အလုပ်သမား မိတ်ဖက်အဖွဲ့အစည်း အသီးသီးတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ပေးလျက်ရှိသည်။

 

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာရေးသည် လုပ်ငန်းခွင်ကောင်းမွန်မှုအပေါ် အမှီသဟဲ ပြုသောကြောင့် စက်ရုံ၊ အလုပ်ရုံများတွင်အလုပ်သမားခန့်ထားရေး သဘောတူစာချုပ်များ ချုပ်ဆိုဆောင်ရွက် ရေး၊ အလုပ်သမားဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ရေးနှင့် အလုပ်သမားရေးရာ ပြဿနာများ လျော့နည်းကျဆင်းရေးကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမားများ ဆက်ဆံရေးကောင်းမွန်ပြီး အပြန်အလှန် လေးစားယုံကြည်မှုနှင့် စည်းလုံးညီညွတ်စွာ လုပ်ကိုင်နိုင်မှသာ ကုန်ထုတ်စွမ်းအားတိုးတက်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

 

အလုပ်သမားများအတွက် သတ်မှတ်ပြဋ္ဌာန်းထားသော အလုပ်သမားဥပဒေများကို နိုင်ငံတကာစံနှုန်း၊ ဒေသဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များနှင့် လိုက်လျောညီထွေဖြစ်စေရန် တည်ဆဲဥပဒေများကိုပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် သုံးသပ်ညှိနှိုင်း ပြင်ဆင်နိုင်ခဲ့သည်။ ထို့အပြင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းသည့် လုပ်ငန်းခွင် ကျန်းမာရေးဥပဒေ၊ နိုင်ငံခြားသား အလုပ်သမားဥပဒေတို့မှာ မပြဋ္ဌာန်းရသေးသဖြင့် အဆိုပါ ဥပဒေပြဋ္ဌာန်းနိုင်ရေးကို ဆောင်ရွက်နေသည်ဟုသိရသည်။

 

ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး၊ အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရေးတို့ကို ဆက်သွယ် ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်တွင်းအလုပ်သမားများ၏ လုပ်ခလစာတိုးမြှင့်ရရှိရေးကိုလည်း ပြုပြင်ပြောင်းလဲ ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းထားသည့် လူမှုဖူလုံရေးဥပဒေအရ အလုပ်သမားများအတွက် လူမှုအကာအကွယ်ပေးနိုင်စေရန် အလုပ်သမားအာမခံစနစ် ခြောက်မျိုးကို ပြဋ္ဌာန်းနိုင်ခဲ့သည်။ ယင်းတို့အနက် အာမခံစနစ်သုံးမျိုးကို ဆောင်ရွက်ရာ၌ အလုပ်သမားများအတွက် လူမှုအကာအကွယ်နှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု သိရသည်။

 

ပြင်ဆင်ပြဋ္ဌာန်းထားသော အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ လွတ်လပ်စွာဆောင်ရွက်ခွင့် ရှိသော အဖွဲ့အစည်းများလည်း ယနေ့ပေါ်ပေါက်နေပြီဖြစ်သည်။ ထိုအဖွဲ့အစည်းများသည် အဖွဲ့အစည်းဝင် အလုပ်သမားများ၏ အကျိုးစီးပွားအတွက် ဖော်ဆောင်ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန် ဖွဲ့စည်းထားခြင်းမဟုတ်သည်ကို သတိမူရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အလုပ်သမားများ၏ စွမ်းအားများကို ရယူဆောင်ရွက်ရာတွင် အလုပ်သမားများ၏ အကျိုးစီးပွားကိုနိုင်ငံတော်က ရှေးရှုဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ အလုပ်သမား ကြီးများကလည်း ကုန်ထုတ်စွမ်းအားမြင့်မားရေး၊ အရည်အသွေး ပြည့်မီရေးတို့ကို အလေးထားဆောင်ရွက် လျက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဖြစ်ထွန်းရေးတွင် အားကြိုးမာန်တက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။ ။