အလုပ်အကိုင်အခွင့်အလမ်းနှင့် အလုပ်သမားအခွင့်အရေး

၉  ဧပြီ

 

ပြောင်းလဲချိန်တန်ပြီဟူသော ကြွေးကြော်သံကို အားရပါးရထောက်ခံ မဲပေးခဲ့ကြသော မြန်မာပြည်သူတို့၏ မျှော်လင့်ချက်ကြီးတစ်ခုမှာ နေ့စဉ်လူမှု စီးပွားအကျပ်အတည်းများ ပြေလျော့ရေးဖြစ်သည်။ အလွန်အမင်း ကျပ်တည်းနေသော အခြေခံစားဝတ်နေရေး ပြဿနာများ ချောင်လည်မှု အတော်အသင့်ရှိလျှင်ပင် နေပျော်ပါပြီဟူသော ပြည်သူအရေအတွက်မှာ မြန်မာနိုင်ငံအတွင်း၌ မနည်းမနော ရှိချေ၏။

 

ဆင်းရဲမွဲတေမှုနွံအတွင်းသို့ နစ်သည်ထက်နစ် မြုပ်သည်ထက်မြုပ်လာခဲ့သော မြန်မာပြည်သူအများစုမှာ စီးပွားရေးကျဆင်း ယုတ်လျော့မှု အခက်အခဲမှသည် နေ့စဉ်စားဝတ်နေရေး အခက်အခဲဆီသို့ ရောက်ရှိလာခဲ့သည်။ မြို့ပြ၊ ကျေးလက်ဒေသများမှ လူငယ်အမြောက်အမြားသည် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ စသည့်နိုင်ငံများသို့ ရရာအလုပ်၊ ရရာလစာဖြင့် သွားရောက်လုပ်ကိုင်နေကြရသည်။

 

ယခုအခါ ကိုရီးယား၊ ဥရောပနှင့် အမေရိကန်နိုင်ငံတို့အထိ ခြေဆန့်လုပ်ကိုင်နေကြပြီ။ အလုပ်မရွေးနိုင်၊ မိမိဘဝရပ်တည်နိုင်ပြီဆိုရုံမျှနှင့် အိမ်မှာကျန်ခဲ့သော မိသားစုများကို အထိုက်အလျောက် ထောက်ပံ့နိုင်သည်ဆိုလျှင်ပင် လုပ်ရကျိုးနပ်ပြီဟု ဆိုကြသည်။ သည်လိုထဲမှာ ဖိနှိပ်မှုအမျိုးမျိုး၊ လိမ်လည်လှည့်ဖျားမှု အမျိုးမျိုးတို့နှင့်လည်း ရင်ဆိုင်နေကြရသည်။ ပြည်သူတို့၏ အခြေခံစီးပွားရေး၊ လူမှုရေးပြဿနာများ၏ ထွက်ပေါက်တစ်ခုမှာကား အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားများပြားလာအောင် မြှင့်တင်ပေးခြင်း ဖြစ်ပါသည်။ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းတို့သာမက ပြည်ပအလုပ်အကိုင် အခွင့်အလမ်း များကိုပါ စနစ်တကျရှာဖွေ ပြင်ဆင်ပေးခြင်းတို့ လိုအပ်ပါမည်။

 

ထို့ပြင် ပြည်တွင်းပြည်ပ အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်ပေးနိုင်ရန်လည်း လိုပါမည်။ အလုပ်သမားအခွင့်အရေး ကာကွယ်သည်ဆိုရာ၌ စည်းကမ်းဥပဒေတို့နှင့်အညီ အကာအကွယ်ပေးရန် ဖြစ်ပါသည်။ ဥပဒေများ စိစစ်သုံးသပ်၍ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ပြဋ္ဌာန်းခြင်း စသည့်ဆောင်ရွက်မှုများ ဖြစ်ပါသည်။ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားများပြားလာရေးကို အခြေခံအဖြစ် ရည်မှန်းရခြင်းဖြစ်သည့်အတွက် လုပ်ငန်းရှင်တို့၏ အခွင့်အရေး၊ လုပ်ငန်းရှင်တို့၏ လုပ်ပိုင်ခွင့်မူဘောင်တို့ကိုလည်း ဥပဒေနှင့်အညီ စနစ်တကျရေးဆွဲကာ လိုက်နာဆောင်ရွက်ဖို့ လိုပါမည်။

 

အလုပ်ရှင်နှင့် အလုပ်သမားအကြား ပေါ်ပေါက်လာသည့် ပြဿနာများကို သမာသမတ် ကျစွာဖြင့် ဥပဒေစည်းမျဉ်းတို့နှင့်အညီ ဖြေရှင်းပေးရန်လည်း လိုအပ်မည် ဖြစ်ပါသည်။ အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရ သုံးပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ပါသည်။ ပြည်ပထွက် အလုပ်လုပ်ကြရသော အလုပ်သမား များကိုလည်း နိုင်ငံကူးလက်မှတ် ရရှိရေးမှအစ မတရားဖိနှိပ်မှုများမှ အကာအကွယ်ပေးရေး၊ ရသင့်ရထိုက်သော ခံစားခွင့်များ ရရှိရေးစသည်ဖြင့် အစိုးရက ကူညီပေးရန် လိုအပ်ပါမည်။

 

အချုပ်ဆိုရလျှင် နိုင်ငံသူ နိုင်ငံသားတို့၏ နေ့စဉ် လူမှုစီးပွားဘဝများ ပြေလည်ချောင်လည်ရေးက လွန်စွာအရေးကြီးပါသည်။ ထိုသို့ ပြေလည်မှုရရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း များပြားအောင် ဖန်တီးပေးရန်နှင့် အလုပ်သမားတို့၏ အခြေခံအခွင့်အရေးများကို ကာကွယ်ပေးရန်တို့သည်လည်း မဖြစ်မနေ စီစဉ်ဆောင်ရွက်ပေးရန် လိုပါသည်။

 

ယခုဖော်ပြခဲ့သော ပြဿနာများနှင့် ထိုပြဿနာတို့ကို ဖြေရှင်းနေပြီ ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနတစ်ခုအနေဖြင့် အစွမ်းကုန် ကြိုးပမ်းအားထုတ် နေကြောင်းတို့ကို “အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန” ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် တွေ့ဆုံမေးမြန်း ဖြေကြားချက်များအရ သတင်းစာမှတစ်ဆင့် သိရပါသည်။

 

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ကြိုးပမ်းနေဆဲကာလတွင် ပြည်သူလူထု၏ လက်ငင်း ပြဿနာဖြစ်သော အလုပ်အကိုင် အခွင့်အလမ်းနှင့် အလုပ်သမားအခွင့်အရေး ကာကွယ်ပေးရေးတို့ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ပါစေကြောင်း ဆုတောင်းရင်း ပြည်သူ့အစိုးရကို ထောက်ခံအားပေးလိုက်ပါသည်။ ။

 

ကြေးမုံ (အယ်ဒီတာ့အာဘော်)