အလှမ်းမဝေးလှသည့် အပန်းဖြေကမ်းခြေ လက်ခုပ်ကုန်း

ခင်မောင်ဌေး(ပညာရေး)

စာရေးသူကား ခရီးသွား ဝါသနာထုံသူဖြစ်သည်။ မိသားတစ်စုလုံးကလည်း စိတ်တူကိုယ်တူမို့ အားလပ်ရက်ရသည်နှင့် များများ မညှိနှိုင်းလိုက်ရ။ ခရီးစဉ်တစ်ခု ဆွဲမိတော့သည်။ ခရီးသွားခြင်းကို အားပေးသော မိတ်ဆွေကလည်း များသည်။ သူတို့ကိုယ်တိုင်လည်း ခရီးထွက်ကြသူများဖြစ်၏။

မကြာသေးမီကပင် ဆရာမကြီး ရွှေကူမေနှင်းထံမှ စာအုပ်လက်ဆောင်ရခဲ့သည်။ စာအုပ်မှာ ခရီးသွားမှတ်တမ်းဖြစ်သည့် Goodbye America ဖြစ်သည်။ ဆရာမကြီးသည် စာပေလောကတွင် ဝတ္ထုတို၊ ဆောင်းပါး၊ မဂ္ဂဇင်းဝတ္ထုရှည် အက်ဆေး၊ ပင်ကိုရေးနှင့် ဘာသာပြန်စာအုပ်ပေါင်းများစွာ ရေးသားခဲ့သူဖြစ်သည်။ ယခုစာအုပ်မှာ အမေရိကမြေသို့ တစ်လကြာ ပြည်နယ် ရှစ်ပြည်နယ်သို့ ခြေဆန့်ခဲ့သည်။ စာပေဟောပြောပွဲများ၊ ဆွေးနွေးပွဲ အကြီးအသေး စုံလင်ခဲ့သည်။ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိစ်၊ နယူးယော့ခ်၊ ဝါရှင်တန်ဒီစီ၊ အမေရိကန်၊ ဘက်ဖလိုစသည့် ဒေသများ၊ သဲကန္တာရနှင့် ရေခဲနှင်း ဆောင်းနေရာများ၊ ရွက်ကြွေတောမှ အရိုးပြိုင်းပြိုင်း မေပယ်ပင်အနီးအဝေး မြင်ကွင်းများ၊ ခမ်းနားသော ပြတိုက်များ၊ ဘုရားကျောင်းများ၊ ဈေးဝယ်စင်တာကြီးများအကြောင်း လက်ကမချချင်အောင်ပင် ဖတ်ဖြစ်ခဲ့သည်။ အထူးသဖြင့် ခရီးသွား ဆောင်းပါးများမို့ ပို၍နှစ်သက်မိသည်။ ပို၍လည်းအားကျမိသည်။

မိုးကမကုန်တတ်သေး။ ဆောင်းနှင်းမြူတို့က ဝေ့သီဝဲ၍နေသည်။ ရှူရှိုက်ရသည့် လေနုအေးကြောင့် ပို၍ပင်လန်းဆန်း တက်ကြွသွား၏။ ဖွင့်ထားသည့် ကားတံခါးမှ တိုးဝင်လာသည့် လေအေးများကို အငမ်းမရ ရှူရှိုက်နေမိ၏။ မူးဝေ နောက်ကျိနေသော စိတ်နှလုံးကို ကြည်လင်လန်းဆန်းသွားစေ၏။ စာရေးသူတို့ သွားနေသည့်ခရီးမှာ တိမ်တောင် တိမ်လိပ်များကြားမှ ဝေဟင်ခရီးမဟုတ်။ အမေရိကားလည်း မဟုတ်။ ပြင်ပရပ်ခြား ခရီးလည်းမဟုတ်။ နှင်းငွေ့ဝေသီနေသည့် ရန်ကုန်-တွံတေး မြေပြင်ခရီးသွား ဖြစ်သည်။

အမေရိကားကို မျှော်လင့်နေ၍ မဖြစ်။ ဖြစ်နိုင်သည့်နေရာမှ ပထမစရမည်။ မိမိနိုင်ငံအတွင်း၌ပင် မရောက်ဖူးသေးသည့် နေရာကများလှစွာ။ နိုင်းမြစ်ကြီးလည်းလှသည်။ အမေဇုန်မြစ်၊ ယန်စီ၊ ဂင်္ဂါမြစ်တို့လည်း လှမည်။ သို့သော် ဧရာဝတီ၏ အလှအပကို အပြည့်အဝခံစားနိုင်ဖို့ ကြိုးစားရဦးမည်။ အဲလ်စ်တောင်တန်း၊ အင်ဒီးစ်တောင်တန်းတွေလှသလို ခါကာဘိုရာဇီ၊ ဂလန်ရာဇီ တောင်ထွတ်များကလည်း တစ်မျိုးတစ်ဖုံ လှနေမည်သာဖြစ်သည်။ စင်စစ် အလှတရားသည် နေရာတိုင်းတွင် ရှိနေသည်။ အလှတရားကို တွေ့အောင်ရှာဖွေတတ်ဖို့နှင့် ခံစားသိတတ် ခံယူတတ်ဖို့သာ လိုရင်းဖြစ်သည်။

မကြာခင် တွံတေးတံတားသို့ ရောက်တော့မည်။ ထိုမှတစ်ဆင့် ဆယ်အိမ်တန်း။ ဆယ်အိမ်တန်းမှ တစ်ဆင့်အပြောကျယ်လှသည့် ပင်လယ်ပြင်ကြီးကို မြင်တွေ့နိုင်တော့မည့် ကမ်းခြေတစ်ခု။ ယင်းကမ်းခြေမှာ လက်ခုပ်ကုန်း ကမ်းခြေပင် ဖြစ်သည်။ ယင်းကမ်းခြေသည် ရန်ကုန်မြို့မှ မိုင် ၃၀ အကွာ၊ ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာတွင် ရှိလေသည်။ ယင်းခရီးမိုင်မှာ ဒလသို့ဇက်ကူး၍ သွားသောခရီးမိုင် ဖြစ်နိုင်ပါသည်။ ကမ်းခြေအရှည်မိုင်မှာ ကိုးမိုင်နီးပါးရှိသည်။ ထူးခြားချက်မှာ ယင်းကမ်းခြေအနီးတွင် မြစိမ်းတောင်ကျွန်းရှိပြီး အဆိုပါကျွန်းနှင့် ကမ်းခြေကို လူကူးကြိုးတံတား တည်ဆောက်ကာ ငှက်ကြည့်ခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဒီရေတောများကို လေ့လာခြင်း ပြုလုပ်နိုင်လေသည်။ ခွင့်ပြုချက်ရလျှင် တံတားထိုးရန် ပြင်ဆင်လျက်ရှိသည်။ သို့ဖြစ်လျှင် မြစိမ်းတောင်ကျွန်းမှ ၁၅ မိနစ်သာသာသွားလျှင် ပင်လယ်ရေပြာပြာကို မြင်ကြရမည်သာ ဖြစ်သည်။

၂၀ဝ၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းအပြီးတွင် ရပ်နားခဲ့သည့် လက်ခုပ်ကုန်း ကမ်းခြေဟိုတယ်ကို Orchid Advanture Cher Present အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ကမ်းခြေပင်လယ်ရေရွှံ့ဖုံး၍ ရေအနည်းငယ် နောက်သည့်အတွက် Muddy Water Resort ပြုလုပ်သည့်အပြင် ရွက်ဖျင်တဲများနှင့် မိသားစုဝင်များ စရိတ်သက်သက်သာသာနှင့် တည်းခိုနိုင်မည့် အခန်းများ ပိုမိုစီစဉ်ထားမည်ဟု သိထားရလေသည်။

ဆယ်အိမ်တန်းသို့ 

ကားလမ်းခရီးဖြင့် သွားမည်ဆိုလျှင် ရန်ကုန်မြို့မှ ဘုရင့်နောင်တံတားကိုဖြတ်၍ ယခင်အဝိုင်းမှ တွံတေးတံတားကြီးဆီသို့ တန်းတန်းမတ်မတ် သွားရမည်။ တွံတေးတံတားကျော်လျှင် လှိုင်သာယာ၊ ဒလနှင့်တွံတေး ၃ လမ်းဆုံသို့ ရောက်သည်။ ၃ လမ်းဆုံအထိ ၁၁ မိုင်ရှိသည်။ တွံတေးလမ်းမှ တစ်ဆင့်ကန် ဘဲ့လမ်းသို့ချိုးကာ ကော့မှူးအထိ မောင်းရမည်။ ခန့်မှန်း အကွာအဝေး ၂၁ မိုင်နီးပါးရှိသည်။ ကော့မှူးမှ ဝါးဘလောက်သောက်ကိုဖြတ်၍ ဆယ်အိမ်တန်းကမ်းခြေသို့ မိုင် ၂၀နီးပါးရှိ၏။ ယခုအခါ ယင်းဆယ်အိမ်တန်းကို လက်ခုပ်ကုန်းအဖြစ် ပြောင်းလဲထားကြောင်းသိရသည်။ အနည်းဆုံး သုံးနာရီ ပြင်းပြင်းမောင်းရသည်။ တွံတေး၊ ကော့မှူး- ဝါးဘလောက်သောက်လမ်း ကောင်းပါသည်။ ဝါးဘလောက်သောက်မှ ဆယ်အိမ်တန်းသို့ ကွန်ကရစ်လမ်း အပေါက်ခင်းထားသည်။ ရောက်ခါနီး သုံးလေးမိုင်ခန့် လမ်းကျဉ်းလွန်း၍ ကားနှစ်စီး ရှောင်တိမ်းရန် ခက်ခဲလှပါသည်။

လက်ခုပ်ကုန်းကမ်းခြေ

အရှည်မိုင် ကိုးမိုင်ရှိသော ကမ်းခြေတစ်လျှောက် ညီညာသပ်ရပ်စွာ ဆောက်လုပ်ထားသည့် ယာယီတဲများနှင့် ရောင်စုံထိုင်ခုံများ ချထားသည်မှာ စနစ်ကျလှသည်။ ဓနိမိုးထား၍ အရိပ်ကောင်းသည်။ ကားပါကင်အတွက် နေရာကောင်းသည်။ တစ်မျှော်တစ်ခေါ် ရှုမျှော်ကြည့်နိုင်သည့် ပင်လယ်ပြင်ကြိီးကို တွေ့ရသည်။ ငါးဖမ်းလှေငယ်လေးများကို လှမ်း၍မြင်နေရသည်။ ကျယ်ဝန်းလှသော ကမ်းခြေတွင် မြင်းစီးခြင်း၊ ကားမောင်းခြင်း၊ စက်လှေစီးခြင်းများ ရှိသော်လည်း များများစားစားတော့ မဟုတ်သေး။ ကမ်းခြေမှာ ကျယ်ပြန့်ရှည်လျားလှ၍ အလှဓာတ်ပုံရိုက်ကြသူများကို အများအပြား တွေ ့ရသည်။

ပင်လယ်စာမျိုးစုံ

ယင်းကမ်းခြေတွင် ဘန်ဂလိုများ ငှားရမ်းနေထိုင်လိုလျှင် ရွာထဲတွင်ရှိသည်။ ကမ်းခြေတွင်ရှိ ဆိုင်များသည် ကားပါကင်နှင့် ကမ်းစပ်တွင် အပန်းဖြေနားနေနိုင်ရန် စီစဉ်ပေးသည်။ ယင်းတို့ဆိုင်မှ ပင်လယ်စာ အနည်းဆုံး နှစ်သောင်းဖိုး ဝယ်ယူစားသောက်လျှင် နားနေရန် အခမဲ့ ဝန်ဆောင်မှုပေးသည်။ မိမိတို့ အစီအစဉ်ဖြင့် စားမည်ဆိုလျှင် ကားပါကင်နှင့် နားနေသည့်အတွက် ထိုက်သင့်သည့် အခကြေးငွေ ပေးရမည်ဖြစ်သည်။ ရရှိနိုင်သည့် အစားအစာများမှာ ကဏန်းမဆလာ၊ ကဏန်းချဉ်စပ်၊ ပုစွန်ထုပ်ဆီပြန်၊ ငါးသလောက် ဒယ်အိုးမှောက်ကင်၊ ကျောက်ပွင့်သုပ် စသည့် ပင်လယ်စာမျိုးစုံ ရရှိနိုင်သည်။ မူးယစ်သောက်စားခြင်း အရက် စသည့် အဖျော်ယမကာများ ရောင်းချသည်ကို မတွေ့ခဲ့ရပေ။

ပင်လယ်ရေနဲ့ သဲနုန်းမြေ

စာရေးသူတို့ နံနက် ၁၀ နာရီလောက် ရောက်သွားပါသည်။ ပင်လယ်ရေက ကမ်းစပ်နှင့် လေးဖာလုံနီးနီးလောက် နိမ့်ကျနေလေ သည်။ နှစ်ဖာလုံလောက်က သဲနုန်းဖြစ်ပြီး ကျန်နှစ်ဖာလုံလောက်မှာ ရွှံ့နုန်းမြေဖြစ်နေလေသည်။ ဆိုင်ရှင်ကို မေးကြည့်တော့ အခု ရေတက်လာနေပါပြီတဲ့။ ၁၂ နာရီလောက်မှာ ပင်လယ်ရေက နှစ်ဖာလုံအထိ ရောက်လာပါသည်။ လှိုင်းသိပ်မကြီးပါ။ တစ်နာရီခွဲ လောက်မှာတော့ ပင်လယ်ရေသည် လူအများနားနေသည့် ယာယီအရိပ်ရတဲများအနီး ထိရောက်လို့လာသည်။ ပင်လယ်ရေက ကမ်းနှင့် နှစ်ဖာလုံလောက် အလိုကတည်းက ဗောကျွတ်ငှားသည့်ဆိုင်များ ကမ်းစပ်ကို ဆင်းလာကြသည်။ ရောင်စုံဗောကျွတ်များ ဆင့်ကာဆင့်ကာ စီထားကြပါသည်။ ပင်လယ်ရေကမ်းနားနီးလေ ဗောကျွတ်ကိုယ်စီနှင့် ပင်လယ်ထဲ ဆင်းကုန်ကြပါတော့သည်။ နံနက်ပိုင်း အပန်းဖြေသူနည်းသော်လည်း ၁၂ နာရီနောက်ပိုင်း အပန်းဖြေလာကြသည့် ကားအစီးရေရော ပြည်တွင်း ဧည့်သည်တွေပါ ပြုံကျလာပါသည်။ ကိုးမိုင်ကမ်းခြေတစ်လျှောက် အစီအရီရှိနေသည့် နားနေဆောင်များအားလုံး ဧည့်သည် ပြည့်နှက်သွားပါတော့သည်။ ကိုးမိုင်ရှည်လျားသည့် ကမ်းခြေတစ်လျှောက် ရေဆင်းကူးသူများ တစ်မျှော်တစ်ခေါ်ကြီးပင်။

တစ်နေ့တာအပန်းဖြေစရာ

စင်စစ်လက်ခုပ်ကုန်းကမ်းခြေသည် ရန်ကုန်မြို့နှင့် နေ့ချင်းပြန်သွားနိုင်သည့် နေရာတစ်ခုပင်။ ဒလဘက်မှ ဇက်ကူးသွား မည်ဆိုလျှင် ပိုနီးပါသည်။ ကော့မှူး၊ ကွမ်းခြံကုန်းဘက်က သွားလည်း ရပါသည်။ ဤကမ်းခြေ၏ အားနည်းချက်မှာ ပင်လယ်ရေက ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေကဲ့သို့ ရေမကြည်ပါ။သဲမပေါပါ။ ရေနောက်ပါသည်။ သဲနုန်း မြေဆန်ပါသည်။ စိမ်းစိမ်းလဲ့လဲ့ ပြာပြာရည်ရည် မရှိလှပါ။ ယင်းအချက်များမှလွဲလျှင် ကျယ်ပြန့်သည့်ကမ်းခြေ အုန်းပင်တန်းများနှင့် ကြည်နူးဖွယ်ကောင်းသည့် နေရာတစ်ခုပင်ဖြစ်သည်။ နေဝင်ချိန်ရှုမျှော်ခင်းများကို ခံစားကြည့်မည်ဆိုလျှင် ရှု၍မဝနိုင်စရာပင်။ စိတ်အေးလက်အေးစာလေးရေးလို့ ပင်လယ်လေနုအေးကို ရှူရှိုက်ရင်းတစ်နေ့တာ အပန်းပြေစေနိုင်မည့် နေရာလေးမို့ ခရီးဝေးသွားဖို့ အချိန်မရသူများအတွက် အကောင်းဆုံးတစ်ခုအဖြစ် ညွှန်းဆိုပါရစေ။

အကြံပြုချက်

လက်ခုပ်ကုန်းကမ်းခြေသည် ရန်ကုန်မြို့နှင့် အလှမ်းမဝေးသော နေရာတွင် ရှိပါသည်။ သို့ဖြစ်၍ လူတိုင်းအလွယ်တကူ သွားလာနိုင်ပါသည်။ ဆက်သွယ်ရေးလမ်းကြောင်းလည်း ကောင်းမွန်ပါသည်။ သို့သော် လမ်းညွှန်အမှတ်အသား မရှိပါ။ တစ်လမ်းလုံး မေးသွားနေရပါသည်။ လိုလိုချင်ချင်လည်း ပြောပြကြပါသည်။ ကမ်းခြေမှာ သဲနုန်းဖြစ်၍ ရေတက်လာ၍ လှိုင်းရိုက်လိုက်တိုင်း ရွှံ ဗွက်ထလေသည်။ ကမ်းစပ်တွင် ရေချိုး၍မကောင်းပါ။ ကမ္ဘာပေါ်တွင် လူလုပ်သော ရေတံခွန်များ (Men made waterfall)  ကမ်းခြေတုများရှိပါသည်။အမှန်တကယ်ရှိနေသည့် ပင်လယ်ကမ်းခြေအား နည်းပညာအကူအညီဖြင့်သာ ပြုပြင်ဖန်တီးလိုက်နိုင်မည်ဆိုလျှင် ... ။