အလေးထားအသုံးပြု မိုဘိုင်းလ်ဆက်သွယ်မှု

၂၈ မေ
 

 

မြန်မာနိုင်ငံတွင် နည်းပညာကိုအခြေခံသည့် ဆက်သွယ်ရေးကွန်ရက် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာသည်။ အလျင်အမြန်ဖြစ်ထွန်းကြီးမားလာနေသည့် ဈေးကွက်ကိုပြပါဆိုလျှင် ဆက်သွယ်ရေးနှင့် ဆက်နွှယ်သည့် ဈေးကွက်ကို ညွှန်းဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့် ပေးသောအခါ မူလရှိပြီး ဖိုင်ဘာကေဘယ်လ် ဆက်သွယ်ရေးစနစ်အပြင် ကြိုးမဲ့ဆက်သွယ်ရေးစနစ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်လာကြသည်။

 

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးစနစ် တိုးတက်လာရာတွင် မိုဘိုင်းလ်ဖုန်းကိုအသုံးပြု၍ တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ပြောဆိုခြင်းသာမက Message, Chating, Messenger, Viber, WeChat, Twitter, Youtube, Facebook, Gmail, Player, Games စသည်ဖြင့် အမျိုးမျိုးတွဲဖက်အသုံးပြုလာနိုင်ကြသည်။ ထိုသို့သော လူမှုကွန်ရက် အွန်လိုင်းအသုံးပြုမှုများအား လုပ်ဆောင်နိုင်သည့်အပြင် အွန်လိုင်း အရောင်း အဝယ်များ၊ off Line, Wave Money, Bankingကဲ့သို့ ငွေပေးချေမှု၊ ငွေသုံးစွဲမှု၊ ငွေလွှဲပြောင်းမှု စသည့် ငွေကြေးလုပ်ငန်းများကို အသုံးပြုလာနိုင်သည်ကို တွေ့ရသည်။

 

သို့ဖြစ်ရာ ဆက်သွယ်ရေးစနစ် တိုးတက်ထွန်းကားလာခြင်းသည်ပြည်သူလူထုအတွက် များစွာအကျိုးရှိ ထိရောက်သဖြင့် ကြိုဆိုလက်ခံရမည်ဖြစ်သည်။ အများပြည်သူတို့ကလည်း ကြိုက်နှစ်သက်ကြလိမ့်မည် ဖြစ်သည်။ သို့သော် မည်သည့်အရာတွင်မဆို အကောင်းအဆိုး၊ အကျိုးအပြစ်တို့သည် ရှိစမြဲဖြစ်သည်ကိုလည်း သတိမူရမည်ဖြစ်သည်။ သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေးဟူသော ဆိုစကားကဲ့သို့ သတိပြုကိုင်တွယ် အသုံးပြုရမည်ဖြစ်သည်။

 

ယခုအခါ မိုဘိုင်းလ်တယ်လီဖုန်းများကို တန်ဖိုးအမျိုးအစားအလိုက်လူတိုင်း ကိုင်တွယ်အသုံးပြု နိုင်ကြပြီဖြစ်သည်။ ဆက်သွယ်ရေးအော်ပရေတာများဖြစ်သည့် MPT, MEC, Ooredoo, Telenorနှင့် ယခုနောက်ဆုံး MyTel ဆင်းကတ်တို့ကိုပါ တစ်မျိုးမဟုတ်တစ်မျိုး သို့မဟုတ် အကုန်လုံးကို ဝယ်ယူအသုံးပြုနေကြပြီဖြစ်သည်။ မိုဘိုင်းလ်တယ်လီဖုန်း စတင်ပေါ်ထွန်းစ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော် နှစ်ခုခန့်က ဏြွှ ဆင်းကတ် တစ်ကတ်လျှင် ကျပ် ၁၅ သိန်းဈေးပေါက်ရာမှ မျက်မှောက်ကာလတွင်ဆင်းကတ် တစ်ကတ်လျှင် ကျပ် ၁၅၀ဝ ဖြင့် ဈေးပေါပေါ ဗုံးပေါလအောအသုံးပြုနိုင်ပြီ။

 

ဗုံးပေါလအော အလွန်ပေါများခြင်းကိုဆိုသည့် ဝေါဟာရသည်အကောင်းဘက်ထက် မကောင်းသည့် ဘက်သို့ ရှေးရှုသည်ဟု ဆိုချင်သည်။မည်သည့်အရာမဆို ဗုံးပေါလအော အသုံးပြုခြင်းမှာ မကောင်းချေ။ တန်ဖိုးနည်းသော်လည်း လေးလေးစားစား စနစ်တကျဖြစ်သင့်သည်။ပြည်သူများအတွက် လွယ်လွယ်ကူကူ၊ ပေါပေါများများ၊ သက်သက်သာသာအသုံးပြုနိုင်သည်မှာ ကောင်းမွန်သော်လည်း ပြည်သူ များအတွက်ရေရှည် အကျိုးစီးပွားနှင့် နောက်ဆက်တွဲအကျိုးသက်ရောက်မှု ကိုလည်းအလေးထား ကြည့်ရှုသင့်သည်။

 

ပြည်သူများမှာ ဆက်သွယ်ပြောဆိုရန်သာမက အထက်နည်းစနစ်ပါသုံးစွဲမှုများကို စွဲစွဲလမ်းလမ်း လိုလိုချင်ချင် အသုံးပြုနေကြပြီ။ ဖုန်းပြောဆိုခထက် အင်တာနက်ကျသင့်စရိတ်က သိသာလွန်းသည်။ လုပ်ငန်းအတွက် အသုံးပြုမှုကိုမဆိုသာသော်လည်း လိုသည်ထက်ပို၍ အသုံးပြုမှုများကို သတိပြုသင့်သည်။ အိမ်တွင်းသူခိုးဟု ခေါ်ဆိုနိုင်သည့် ငွေကြေးကုန်ကျမှုနှင့် အချိန်ကုန်ဆုံးမှုများမှာ တစ်ရက်၊ တစ်လ၊ တစ်နှစ်ကြာလျှင်မည်မျှငွေကုန်ဆုံးမည်ကို သုံးစွဲသူများကိုယ်တိုင်သာ အသိဆုံးဖြစ်မည်။

 

ထို့ကြောင့် သုံးစွဲသူပြည်သူများကို ချင့်ချင့်ချိန်ချိန် အသုံးပြုသင့်ကြောင်း အကြံပြုပါသည်။ ဝန်ဆောင်မှုပေးနေသော အော်ပရေတာများအနေဖြင့် သုံးစွဲနေသည့် ဆင်းကတ်များကို စနစ်တကျ မှတ်ပုံတင်ရေး၊ ထိုဆင်းကတ်များ၏ လုံခြုံရေးနှင့် ပေါ်ပေါက်လာသည့် လိုအပ်ချက်များကို အလေးထားဖြေရှင်း ဆောင်ရွက်ပေးသင့်ပါကြောင်း။ ။