အကြမ်းဖက်သူများက မြိုင် - မန္တလေး ကားလမ်းပေါ်ရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်အား လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော် နိုဝင်ဘာ ၂၃

 

အစွန်းရောက်အကြမ်းဖက်သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက် ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက် ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့် လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ထောင်ကာဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ ပြုလုပ်ခဲ့ရာတွင် နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြိုင်-မန္တလေး ကားလမ်းမပေါ်ရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ ကျန်းမာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ဆေးခြင်းများဆောင်ရွက်ရန်အတွက် အဆိုပါဂိတ်အနီးပတ်ဝန်းကျင်ကို ရှင်းလင်း စစ်ဆေးနေစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ဆေးရေးဂိတ်၏ အရှေ့ဘက် ၁၅ ပေခန့်အကွာရှိ သဲပုံအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးမှ ဆိုင်ကယ်မောင်းနှင်လာသည့် အမှတ် (၁) ရပ်ကွက်နေ ဦးဇော်အောင်(ခ) ဝင်းဇော်အောင် (၃၅) နှစ် (ဘ) ဦးစိန်လှ၏ နဖူးနှင့် အောက်နှုတ်ခမ်းတို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် မြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သဲပုံအတွင်း စစ်ဆေးရန် ပြုလုပ်စဉ်နံနက် ၁၀ နာရီခန့်တွင် ထပ်မံပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရှင်းလင်းစစ်ဆေးခဲ့ရာ အဆိုပါသဲပုံအတွင်း မြှုပ်နှံထားသည့် သံပိုက်ဖြင့် ပြုလုပ်ထားပြီး ဆိုင်ကယ်ဘက်ထရီအိုးဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်းနှစ်လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား