အကြမ်းဖက်မှုဖြင့် နိုင်ငံရေး အဖြေမရနိုင်

 

 

ဇင်ငြိမ်း

 

အောက်တိုဘာ ၂၁ ရက်က ကော့ကရိတ်မြို့ကို KNU/KNLA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်းတွေ၊ KKO (ခွဲထွက်) အဖွဲ့နဲ့ PDF တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူအချို့  သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိမှုတွေလည်း ဖြစ်ခဲ့ပါတယ်။  အဲဒီဖြစ်စဉ်မတိုင်ခင်က အင်းစိန်ထောင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြလို့ အပြစ်မဲ့ပြည်သူအချို့ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကျိုက်ထီးရိုး တောင်တက်ကားဂိတ်မှာ ပစ်ခတ်ခဲ့လို့ ဘုရားဖူးသူပြည်သူတွေ သေဆုံးခဲ့ပါသေးတယ်။ ဒီထက်ဆိုးရွားတဲ့ လုပ်ရပ်ကတော့ ကျောင်းကိုဗုံးခွဲတိုက်ခိုက်ခြင်းပါပဲ။ အောက်တိုဘာ ၂၂ ရက်က ခင်ဦးမြို့နယ် မကျီးတုံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲကို Drone အသုံးပြုပြီး Drop Bomb နဲ့တိုက်ခိုက်ခဲ့ကြပါတယ်။ ပြောရရင်တော့ စစ်ရေးဆိုင်ရာ ပစ်မှတ်တွေမဟုတ်ဘဲ ကလေးသူငယ်တွေ၊ အများပြည်သူဆိုင်ရာ နေရာတွေ၊ ဘုရား စေတီပုထိုးတွေ၊ ကျောင်းတွေ၊ လမ်းတံတားတွေ၊ အစိုးရဆိုင်ရာရုံးတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ လွဲမှားတဲ့အယူအဆနဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။

 

ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် သေဆုံးဒဏ်ရာရခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေအတွက် အလွန်ပဲစိတ်မကောင်း ဖြစ်ရပါတယ်။ တစ်ဆက်တည်း တွေးမိတာက အခုလိုအကြမ်းဖက်လုပ်ရပ်တွေ ဘာရည်ရွယ်ချက်အတွက် လုပ်နေကြတာလဲ။ နိုင်ငံရေး ရည်ရွယ်ချက်လား၊ စစ်ရေးဆိုင်ရာ ရည်ရွယ်ချက်လား ဆိုတာပါပဲ။ နိုင်ငံရေး ရည်ရွယ်ချက်ပဲ ဖြစ်ဖြစ်၊ စစ်ရေး ရည်ရွယ်ချက်အတွက်ပဲဖြစ်ဖြစ် လုပ်ဆောင်တာဆိုပြီး အခုအသုံးပြုနေတဲ့ အကြမ်းဖက်တဲ့နည်းလမ်းတွေနဲ့ အရပ်ဘက်ဆိုင်ရာ ပစ်မှတ်တွေ၊ စစ်ရေးနဲ့ လုံးဝမသက်ဆိုင်တဲ့ ပြည်သူတွေ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ ကျောင်းတွေကို တိုက်ခိုက်နေတာဟာ ပြဒါးတစ်လမ်း သံတစ်လမ်း ဆန့်ကျင်နေပါတယ်။

 

ပြည်သူလူထုကို ဒုက္ခရောက်အောင်လုပ်နေ

 

စစ်ရေးဆိုရင်လည်း စစ်ရေးဆိုင်ရာလိုက်နာရမယ့် ဂျီနီဗာကွန်ဗင်းရှင်းတို့၊ ကျင့်ဝတ်တို့နဲ့ ဆန့်ကျင်နေပါတယ်။ နိုင်ငံရေးရည်မှန်းချက်အတွက် စစ်ရေးနည်းလမ်းကို အသုံးပြုတာဆိုရအောင်လည်း ပြည်သူလူထုကို ဒုက္ခရောက်အောင် လုပ်နေတာ ဖြစ်လို့ နိုင်ငံရေးရည်မှန်းချက်လို့ မသတ်မှတ် နိုင်ပါဘူး။

 

နိုင်ငံရေးရည်ရွယ်ချက်တွေ ဘယ်လောက် ကောင်းအောင်ပြောနေပြောနေ လုပ်နည်းလုပ်ဟန် မှားယွင်းနေရင် ဒါမှမဟုတ် ဖြစ်လာတဲ့အကျိုးဆက် တွေက အပျက်သဘောဖြစ်နေရင် အပြောနဲ့ လက်တွေ့မညီတဲ့ နိုင်ငံရေးပဲ ဖြစ်ပါလိမ့်မယ်။ ဒီကနေ့ဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြောင့် သေဆုံးကြရတဲ့ အပြစ်မဲ့ပြည်သူတွေဟာ နိုင်ငံရေးရဲ့ ခုတုံးတွေ၊ ဓားစာခံတွေမဟုတ်ပါဘူး။ ဒီမိုကရေစီသဘောနဲ့ဆိုရင် အချုပ်အခြာအာဏာပိုင်ဆိုင်ကြတဲ့ပြည်သူတွေပဲ ဖြစ်ပါတယ်။

ဒီတော့မေးစရာရှိတာက ဒီမိုကရေစီကို လိုလား တယ်ဆိုပြီး ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ် ကို ထိခိုက်စေတာ၊ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ပျက်စီးနေရင်တော့ ဒါဟာဒီမိုကရေစီကို ခုတုံးလုပ် သုံးချနေသူတွေပဲ ဖြစ်ပါလိမ့်မယ်။ လူတိုင်းမှာ သူ့ရဲ့ကိုယ်ပိုင်သဘောထား၊ ကိုယ်ပိုင်ဆန္ဒ၊ ကိုယ်ပိုင် အယူအဆတွေဆိုတာ ရှိကြပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို နားလည်လက်ခံနိုင်မှ ဒီမို ကရေစီရဲ့တန်ဖိုးကို နားလည်သူလို့ ဆိုနိုင်မှာပါ။

 

အစွန်းရောက်အယူအဆတွေ လက်တွေ့ဖြစ်ခဲ့ဖူး

 

ဒါပေမယ့် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူတွေ၊ ဒီမိုကရေစီလိုလားသူအချို့က အဖြူမဟုတ်ရင် အမည်း၊ ငါနဲ့မတူ ငါ့ရန်သူလို့ ကိုယ့်စံနှုန်းတွေနဲ့ တိုင်းတာသတ်မှတ်ပြီး သဘောထား မတိုက်ဆိုင်သူမှန်သမျှကို အကြမ်းဖက် တိုက်ခိုက်နေခြင်းဟာ မှန်ကန်တဲ့ တော်လှန်ရေး၊ မှန်ကန်တဲ့ နိုင်ငံရေး အယူအဆနဲ့ လမ်းစဉ်တွေ မဟုတ်ပါဘူး။ ယခင်က ရှိခဲ့ဖူးတဲ့ ဗကပတွေလို အစွန်းရောက်အယူအဆနဲ့ လုပ်ဆောင်မှုတွေကြောင့် ဗကပတွေ နိဂုံးချုပ်ခဲ့ရတာ လက်တွေ့ဖြစ်ခဲ့ဖူးပါတယ်။

 

အခုလည်း နိုင်ငံရေး ရည်မှန်းချက်အောင်မြင်ဖို့ အကြမ်းဖက်နည်းတစ်ခုပဲ လုပ်တတ်တာဆိုရင်တော့ နိဂုံးချုပ်ဖို့ မဝေးတော့ဘူးလို့ သုံးသပ်နိုင်ပါတယ်။ အကြမ်းဖက်နည်းလမ်းတစ်ခုတည်းသာ နိုင်ငံရေး ရည်မှန်းချက်တွေ အောင်မြင်မယ်လို့ ဘယ်နိုင်ငံရေး သိပ္ပံရှင်ကမှ မပြောကြားခဲ့ဖူးပါဘူး။ စစ်ရေး နည်းလမ်းဆိုတာတောင်မှ ပြဿနာ ဖြေရှင်းရေး နည်းလမ်းများစွာအနက်က နောက်ဆုံးနည်းလမ်း တစ်ခုသာ ဖြစ်ပါတယ်။ စစ်ရေးနည်းလမ်းဆိုတာ ကလည်း အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက် လုပ်ဆောင်မှုလို့ဆိုလိုတာ မဟုတ်ပါဘူး။

 

အခုဆို အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်လို့ ဘယ်လောက်အထိ လူထုကို အကျိုးပြုနိုင်ပြီလဲ၊ လူထုကို ဘယ်လောက် အကာအကွယ်ပေးနိုင်ပြီလဲ၊ နိုင်ငံရေးမျှော်လင့်ချက်တွေ တိုးလာပြီလားဆိုတာ ပြန်ဆန်းစစ်ဖို့လိုနေပါတယ်။ တော်လှန်ရေးအစ တုန်းက လူထုကိုပြောခဲ့တဲ့စကားတွေ၊ မက်လုံးတွေ ဘယ်လောက်အထိ အောင်မြင်နေသလဲဆိုတာ လက်တွေ့အဖြေပဲ ဖြစ်ပါတယ်။

 

အပြောနဲ့အလုပ်၊ ရည်မှန်းချက်နဲ့ ထွက်လာတဲ့ ရလဒ်ဘယ်လောက်အထိ အောင်မြင်သလဲဆိုတာက သက်သေ အတိအကျပြလို့ ရနေပါပြီ။ အခု အကြမ်းဖက်တိုက်ခိုက်နေတဲ့ ပစ်မှတ်တွေ၊ ပြည်သူတွေ၊ ကြားနေဝန်ထမ်းတွေကို တိုက်ခိုက်ရင် ဖြစ်လာတဲ့ အကျိုးဆက်က ဆန့်ကျင်ဘက်ရလဒ်ပဲ ဖြစ်လာမှာသေချာပါတယ်။ ဥပမာတစ်ခု ထုတ်ပြရရင် အခြေခံကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းမတက်နဲ့ ကျောင်းထွက်ဆိုပြီး ကျောင်းသား ကျောင်းသူတွေ၊ မိဘတွေကို လှုံ့ဆော်တိုက်တွန်းခဲ့ကြတာ၊ ဖိအားပေးတာ၊ ခြိမ်းခြောက်ခဲ့ကြတာ မှတ်မိနေကြဦးမှာပါ။ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးကြတုန်းကလည်း ကာကွယ်ဆေးမထိုးကြဖို့ ဖိအားပေးခဲ့ကြတာ၊ တိုက်ခိုက်ခဲ့ကြတာ မမေ့လောက်သေးပါဘူး။ ပြောချင်တာက နိုင်ငံရေး ရည်မှန်းချက်နဲ့ မဆိုင်တာတွေကို လုပ်နေတယ်ဆိုတာပါပဲ။ အဲဒီလို လွဲမှားခဲ့လို့လည်း မအောင်မြင်ခဲ့တာ သက်သေပဲ ဖြစ်ပါတယ်။

 

အကြမ်းဖက်မှုတွေကို တိုးပွားလာအောင် ကူညီနေ

 

အခုလည်း နိုင်ငံရေးရည်မှန်းချက်နဲ့ မဆိုင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အသုံးချနေကြပြန်ပါပြီ။ အကြမ်းဖက် လုပ်ရပ်တွေနဲ့ အကြမ်းဖက်ဝါဒကို ဘယ်နိုင်ငံ၊ ဘယ်သူမှ လက်မခံပါဘူး။ စစ်ရေး နည်းလမ်းဆိုရင်လည်း စစ်ရေးဆိုင်ရာ လိုက်နာ ရမယ့် ကျင့်ဝတ်တွေ လိုက်နာကြရမှာပါ။ ဒါပေမယ့် တစ်ဖက်မှာလည်း မြန်မာနိုင်ငံကို ဝင်ရောက် ခြယ်လှယ်လိုတဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေက ဒီလို အကြမ်းဖက်မှုတွေကို ပံ့ပိုးအသုံးချနေကြပါတယ်။ သူတို့နိုင်ငံတွေမှာ အကြမ်းဖက်မှုတွေကို ခါးခါးသီး သီးလက်မခံကြပေမယ့် အခြားနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေ တိုးပွားလာအောင်တော့ လှိုက်လှိုက်လှဲလှဲ ကူညီနေကြတယ်။

 

သူတို့နိုင်ငံတွေမှာ ကျောင်းဝင်းထဲ ပစ်ခတ်မှုဖြစ်ရင်၊ ကျောင်းသားကျောင်းသူတွေ သေဆုံးမှုဖြစ်ရင် ထိတ်ထိတ်ပျာပျာ ဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့နိုင်ငံထဲနဲ့ သူတို့နိုင်ငံသား မဟုတ်ဘူးဆိုရင်တော့ ကျောင်းထဲကို ဗုံးချတဲ့သူတွေ၊ အဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနေကြပါတယ်။ ဒါက သူတို့သတ်မှတ်ထားတဲ့ ကိုယ်ကျိုးစီးပွားအလိုက် ပြောင်းလဲတတ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားမျှတမှု ဖြစ်မယ်ထင်ပါတယ်။ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပြေလည်ရေးကို လိုလားတယ်လို့ ဖောင်ဖွဲ့ပြောနေပေမယ့် တစ်ဖက်မှာ အကြမ်းဖက်မှုတွေ တိုးလာအောင် ထောက်ပံ့ပေးနေကြတာ မီးစ တစ်ဖက် ၊ ရေမှုတ်တစ်ဖက် မူဝါဒတွေပဲ ဖြစ်ပါတယ်။

 

နိုင်ငံထိခိုက်စေမယ့် အကြမ်းဖက်နည်းလမ်းကို လိုက်နေ

 

မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။ ဒါပေမယ့် နောက်ကွယ်ကပံ့ပိုးပေးနေတဲ့ နိုင်ငံတွေလိုလားတာက မြန်မာ့နိုင်ငံရေးပြဿနာ ပြေလည်ရေး မဟုတ်ပါဘူး။ သူတို့ကြိုးကိုင်ခြယ်လှယ်လို့ရမယ့်သူတွေ အာဏာရရှိရေးသာ ဖြစ်ပါတယ်။ ဒီအတွက် ပြဿနာပြေလည်စေမယ့် နည်းလမ်းရွေးချယ်တာထက် နိုင်ငံထိခိုက်စေမယ့် အကြမ်းဖက်နည်းလမ်းကို လိုက်နေကြတာဖြစ်ပါတယ်။

 

ပြဿနာတစ်ရပ်ဖြေရှင်းဖို့ဆိုတာ ရည်ရွယ်ချက်နဲ့ ဖြေရှင်းနည်း မှန်ကန်ဖို့လိုပါတယ်။ အထက်မှာ ပြောခဲ့သလို ကျောင်းသား ကျောင်းသူတွေကို အကြမ်းဖက်တိုက်ခိုက်လို့ ပြဿနာပြေလည်ရေးကို ဘယ်လိုအထောက်အကူ ဖြစ်စေနိုင်သလဲဆိုတာ စဉ်းစားကြည့်ရင် အသိသာကြီးပါ။ ဒီလိုမပြေလည်နိုင်မယ့် နည်းလမ်းမှန်း သိနိုင်ပါလျက် တစိုက်မတ်မတ် အသုံးပြုနေတဲ့အတွက် ပြဿနာပြေလည် ရေးဟာလိုက်လေဝေးလေ ဖြစ်နေဦးမှာပါ။ တစ်ဖက်မှာလည်း ပြဿနာပြေလည်ရေးဆိုတာ အကြောင်းပြချက်သက်သက်ဖြစ်ပြီး အလုံးစုံပျက်စီးရေးက ရည်ရွယ်ချက်အမှန် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 

ပဋိပက္ခတွေ နှစ်ပေါင်းများစွာ ကြာနေ

 

မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေ နှစ်ပေါင်းများစွာ ကြာနေပြီး အခုထိမဖြေရှင်းနိုင်သေးဘူးလို့ ပြောနေကြပေမယ့် စစ်မှန်တဲ့ရည်ရွယ်ချက်၊ ဆန္ဒနဲ့ နည်းလမ်းတွေကိုလည်း ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ ကျောက်တုံးကြီးတစ်တုံး ရွေ့ဖို့အတွက် လူနှစ်ယောက် မျက်နှာချင်းဆိုင် တွန်းကြသလိုပါပဲ။ ဒီလို နည်းလမ်းနဲ့ကတော့ ဘယ်လောက် အားစိုက် အားစိုက် အချည်းနှီးသာ ဖြစ်ပါလိမ့်မယ်။

 

ဒီထက် ပိုဆိုးစေတာက ဖြေရှင်းတဲ့ နည်းလမ်း မမှန်တဲ့အပြင် အကျိုးပျက်စီးစေတဲ့ နည်းလမ်းတွေ အသုံးပြုနေခြင်းပဲ ဖြစ်ပါတယ်။ အဲဒါကတော့ အစွန်းရောက် အယူအဆတွေနဲ့ အကြမ်းဖက်နည်းလမ်းတွေ အသုံးပြုနေခြင်း ဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက် နည်းလမ်းတွေနဲ့ အသုံးပြုနေသမျှတော့ မြန်မာ့နိုင်ငံ ရေးပြဿနာရဲ့အဖြေနဲ့နီးစပ်ဖို့ ခက်ခဲနေဦးမှာပါ။ ။