နီဇော်သစ်
အထွေထွေသုံးနည်းပညာများ၏ ပါဝါပြန်လည် ဖြန့်ဝေမှုအကြောင်းကို ပြောမည်ဆိုလျှင် အကြိုသမိုင်းခေတ် လူသားတို့၏ အစောဆုံး နည်းပညာ နှစ်ရပ်ဖြစ်သော ကျောက်လက်နက်နှင့် မီးကိုအသုံးပြုတတ်လာခြင်းတို့၏ ပါဝါပြန်လည်ဖြန့်ဝေ မှုအကြောင်း အနည်းငယ်ပြောမှ ဇာတ်ရည်လည်မည်ဟု ထင်ပါသည်။
ပရိုင်းမိတ်တို့ကို တူးဖော်လေ့လာမှုအရ ဟိုမိုဟုအမည်တပ်နိုင်သော လူသားမျိုးနွယ်တို့သည် လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၄၀ ဝန်းကျင်က စတင် ပေါ်ပေါက်ခဲ့သည်ဟုဆိုသည်။ လွန်ခဲ့သော နှစ်ပေါင်း သုံးသန်းလောက်အထိ ဘိုးဘေးလူသားတို့သည် အစာကွင်းဆက်၌ ခပ်နိမ့်နိမ့်တစ်နေရာတွင်သာ ရှိကောင်းရှိနိုင်ပါသည်။ သစ်သီးသစ်ရွက် သစ်ဥသစ်ဖု များလို ရလွယ်သော အစားအစာတို့ကိုသာ အလေး ထား စားသောက်ရသည့် သဘောရှိသည်။
သီအိုရီတို့အရ လွန်ခဲ့သော နှစ်ပေါင်း ခုနစ်သန်းမှ ငါးသန်းအတွင်း အာဖရိက၏ ရာသီဥတုအပြောင်း အလဲကြောင့် သစ်တောကြီးများ ဆုတ်ယုတ်လာပြီး ဆဗားနားမြက်ခင်းကြီးများ ထွန်းကားလာသည်။ သစ်ပင်တို့ကို အမှီပြုသော ရှေးလူတို့အဖို့ မြက်ခင်းကို အမှီပြုရသည့် စိန်ခေါ်မှုကို ရင်ဆိုင်လာရသည်။ မြက်ခင်းသည် သစ်တောလိုမဟုတ်။ ရန်သူကိုအဝေးကတည်းက မမြင်ရလျှင် ပြေးဖို့မလွယ်။ သစ်ပင်ကို အမှီပြုနေထိုင်ကတည်းက သစ်ကိုင်းတစ်ခုပေါ်တွင် ခြေစုံရပ် အခြားသစ်ကိုင်းတစ်ခုကို လက်တစ်ဖက်ကကိုင်ပြီး မတ်မတ်ရပ်ကာ လှမ်းကြည့်လေ့ရှိသည့် ရှေးလူတို့သည် မြက်ခင်းထဲ၌ ရန်သူကို ကြိုတင်မြင်နိုင်ရန် မတ်မတ်ရပ်ကြည့်ရာမှ လေးဘက်သွားဘဝမှသည် ခြေနှစ်ဖက်ဖြင့် သွားလာသည့်အဆင့်အထိ ဆင့်ကဲတိုးတက်လာစေခဲ့သည်။
မတ်မတ်ရပ်ပြီး ခြေနှစ်ချောင်းဖြင့် သွားလာနိုင်ခြင်းသည် လွယ်လွယ်ဖြစ်လာသည်တော့မဟုတ်။ ဦးခေါင်းခွံ တည်ပုံပြောင်းရသည်။ ကျောရိုးပုံစံပြောင်းရသည်။ တင်ပါးဆုံရိုး တည်ဆောက်ပုံပြောင်းရသည်။ ခြေနှင့် ခြေဖဝါးတို့ အလိုက်သင့်ပြောင်းရသည်။ အကျိုးဆက်မှာကြီးမားသည်။ လက်နှစ်ဖက်လွတ်လပ်သွားပြီး အစားအစာများ၊ ကိရိယာများကို ကိုင်တွယ်လာနိုင်သည်။ ရင်သွေးတို့ကို ပွေ့ချီလာနိုင်သည်။ သစ်ပင်တက်ဖို့ လိုအပ်ချက်နည်းသွားသောကြောင့် လက်တို့သည် သစ်ပင်တက်သည့် အစွမ်းနေရာတွင် အခြားအစွမ်းတို့ကို ဖြည့်ဆည်းလာခြင်းပင်။ ထိုလက်တို့ဖြင့် ကျောက်တုံးများကိုကိုင်ပြီး တိုက်ခိုက်လျှင် သားရဲကြီးများကို ထိခိုက်စေနိုင်ကြောင်း သိလာသည်။ သို့သော် တစ်ယောက်တည်းဖြင့် မနိုင်လောက်၊ အများနှင့် ဝိုင်းဝန်းတိုက်ခိုက်ရမည်ကိုလည်း သိလာသည်။ သို့ဖြင့် အစာကွင်းဆက်တွင် နေရာတိုးတက်လာသလို အစုအဖွဲ့ဖြင့် လုပ်ဆောင် နိုင်စွမ်းလည်း တိုးတက်လာသည်။
ကိရိယာသတ္တဝါ
လက်နှစ်ဖက် လွတ်လပ်သွားသော လူသားသည် အဆမတန်အစွမ်းထက်လာသည်။ စကော့လူမျိုး သမိုင်းဆရာ သောမတ်ကာလိုင်းက “လူဆိုတာ ကိရိယာသုံးတဲ့ သတ္တဝါပဲ။ ကိရိယာမရှိရင် သူက ဘာမှမဟုတ်ဘူး။ ကိရိယာ ရှိရင်တော့ သူကအရာရာပဲ”ဟု မှတ်ချက်ပြုသည့်အတိုင်းပင်။ လက်နှစ်ဖက် လွတ်လပ်သွားသည်မှ ကျောက်တုံးများကို ကိရိယာအဖြစ် ပြုပြင်သုံးစွဲသည့် နည်းပညာကို ဖန်တီးနိုင်ဖို့ နှစ်ပေါင်း နှစ်သန်းလောက်အထိ အချိန်ယူခဲ့ရပုံပေါ်သည်။ တူးဖော်တွေ့ရှိမှုများအရ လွန်ခဲ့သည့် နှစ်ပေါင်းသုံးသန်းခန့်တွင်မှ ကျောက်လက်နက်များကို တွေ့ရ ခြင်းကြောင့်ပင်။
ကျောက်လက်နက်များသုံးပြီး အုပ်စုဖွဲ့ အမဲလိုက်နိုင်ချိန်တွင် လူသားတို့သည် အစာကွင်းဆက်၏ ထိပ်ပိုင်းသို့ စတင်ရောက်ရှိလာပြီ။ ယခင်သားရဲများသည် ယခုသားကောင်များဖြစ်လာသည်။ ယင်းမှာနည်းပညာ၏ ပါဝါပြန်လည် ဖြန့်ဝေခြင်းသဘော။ ကိရိယာတို့ကို အသုံးပြုခြင်းသည် အုပ်စုဖွဲ့ခြင်းကိုပါ တိုးတက်စေခဲ့ရာ လူမှုရေးပါဝါလည်း ကျယ်ပြန့်လာသည်။ အဖွဲ့အတွင်း ပါဝါပြန်လည်ဖြန့်ဝေမှုလည်းရှိလာသည်။ အကောင်ကြီးတိုင်း၊ အားပိုသန်တိုင်း ပါဝါရှိသည်မျိုး မဟုတ်တော့။ အဖွဲ့အတွင်း ကိရိယာတို့ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်သူနှင့် ကျွမ်းကျွမ်းကျင်ကျင် အသုံးချတတ်သူတို့ထံ ပါဝါ ဖြန့်ဝေရောက်ရှိသွားသည်။
မီးကိုအသုံးပြုခြင်း
ကျောက်လက်နက်များ၏ ကျေးဇူး၊ အသင်းအဖွဲ့၏ ကျေးဇူးဖြင့် အသားဓာတ်၊ အဆီဓာတ်များ ကြွယ်ကြွယ်ဝဝ စားလာရခြင်းကြောင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားကောင်းလာစေသည်။ သို့သော် တောမီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း တို့မှတစ်ဆင့် ယခင်ကတည်းက တွေ့ဖူးမြင်ဖူးနေသော မီးကို ကိရိယာအဖြစ် အသုံးချတတ်အောင် ဖွံ့ဖြိုးတိုးတက်လာရန်မူ နောက်ထပ်နှစ်ပေါင်း တစ်သန်းခွဲခန့် အချိန်ယူခဲ့ရသည်ဟု သုတေသီတို့က ခန့်မှန်းထား၏။ ဂရိဒဏ္ဍာရီများ၌ လူသားတို့ကို ချစ်ခင်သော ပရိုမီးသီးယပ် နတ်ဘုရားသည် မီးကိုဆောင်ကြဉ်းပေးခဲ့သည့်အတွက် ကြီးလေးသော ပြစ်ဒဏ်ကိုခံခဲ့ရသည်။ တစ်ဖက်မှ ကြည့်လျှင် ထိုဒဏ္ဍာရီက မီးကိုအသုံးပြုနိုင်စွမ်းရှိလာခြင်းသည် လူသားတို့အတွက် ကြီးမားသော အလှည့်အပြောင်း တစ်ခုဖြစ်လာသည်ကို ဖော်ညွှန်းသည်။
အထွေထွေသုံး နည်းပညာတို့သည် တစ်ခေတ်တစ်ခါတွင်သာ အသုံးတည့်သည်မဟုတ်ဘဲ လူ့သမိုင်း တစ်လျှောက် ဆက်တိုက်ပါလာပြီး လူ့အဖွဲ့အစည်းကို တိုးတက်ဖွံ့ဖြိုးစေသည့် နည်းပညာများအဖြစ် ပညာရှင်တို့က သတ်မှတ်ထားကြသည်။ မီးသည်ထိုသဘောကို အမြင်သာဆုံးနည်းပညာဖြစ်သည်။ ယနေ့အချိန်ထိ အသုံးပြုနေရဆဲ၊ အသုံးဝင်နေဆဲ မဟုတ်ပါလား။
မီးသည် နွေးထွေးမှုကို ဆောင်ကြဉ်းသည်။ ရေခဲခေတ်တွင် နေထိုင်ခဲ့ရသော ရှေးလူတို့၏ အသက်ရှင်နေထိုင်ရေးကို ကြီးကြီးမားမား အထောက်အကူ ပြုနိုင်ခဲ့သလို ယနေ့ခေတ်အထိလည်း အနွေးဓာတ်ရဖို့ မီးကိုအသုံးပြုမှုများ ရှိနေဆဲပင်။ မီးသည်ညဉ့်အခါတွင် အမှောင်ခွင်း၍ အလင်းဆောင်သည်။ ရှေးလူတို့အဖို့ ညဘက် အစာရှာသော သားရဲကြီးများရန်မှ အကောင်းဆုံးကာကွယ်ပေးနိုင်သည့် လက်နက်လည်းဖြစ်သည်။ အမဲလိုက်ရာတွင်လည်း အသုံးဝင်သဖြင့် အစာကွင်းဆက်တွင် ပိုမိုအစွမ်း ထက်လာသည်။ ထိုသို့ မြင်သာထင်ရှားသော အကျိုး ပြုမှုများအပြင် လူသားတို့၏ ဆင့်ကဲတိုးတက်မှု ဖြစ်စဉ်ကို အထောက်အကူပြုပေးသော မြင်ဖို့မလွယ် သည့် အကျိုးပြုမှုများလည်းရှိသည်။
မီးကို အသုံးချနိုင်ခြင်းဖြင့် ချက်ပြုတ်စားသောက်တတ်လာသည်။ ချက်ပြုတ်စားသောက်ခြင်းသည် အူလမ်းကြောင်းကိုတိုစေပြီး ဦးနှောက်ကို ဖွံ့ဖြိုး တိုးတက်စေခြင်းဖြင့် အသိဉာဏ်ကို ဆင့်ကဲတိုးတက် စေသည်။ မီးပုံဖိုခြင်းသည် ထင်းကောက်ဖို့၊ မီးကို ထိန်းသိမ်းဖို့ တာဝန်ခွဲဝေယူရသည့်အတွက် အလုပ် ခွဲခြားလုပ်ကိုင်ခြင်းကို အစပျိုးခဲ့သည်။ မီးပုံဘေးတွင် ဝိုင်းထိုင်ခြင်းဖြင့် ရင်းနှီးမှုကို တိုးစေသည်။ တောရိုင်း ၏ ကြိုမမြင်နိုင်သော အန္တရာယ်များမှလည်း အကာအကွယ်ပေးနိုင်၍ စိတ်ပိုင်းဆိုင်ရာအားဖြင့် ဖိစီးမှုတို့ လျော့ကျလာသည်။ စိတ်ဖိစီးမှု လျော့ကျခြင်းသည် တီထွင်ဖန်တီးမှုကို တိုးတက်စေသည်။ မီးကိုသုံး၍ ကိရိယာများကို ဖန်တီးနိုင်လာသည်။
မီးကို မသုံးနိုင်ခင်အထိ လူသားကမ္ဘာသည် သဘာဝကမ္ဘာနှင့် အတူတူဖြစ်ပြီး မီးကိုသုံးနိုင်ပြီးနောက် လူသားတို့သည် သဘာဝကမ္ဘာနှင့် ကွဲပြားသော သီးခြားကမ္ဘာတစ်ခုကို ဖန်တီးလာနိုင်သည်။ ယင်းမှာ ယဉ်ကျေးမှုဖြစ်သည်။ ပါဝါလည်းဖြစ်သည်။ မီးကိုသုံးနိုင်ခြင်းသည် သားရဲတို့ထက် ပါဝါပိုကြီးစေသလို လူသားအချင်းချင်းအကြားတွင်လည်း ပါဝါ ပိုကြီးလာစေသည်။ ထို့ကြောင့် နတ်ဘုရားတို့၏ လက်ဆောင်ဟုပင် ယူဆကြပြီး ကိုးကွယ်သည့် အလေ့အထများပင် ထွန်းကားခဲ့သည် မဟုတ်ပါလား။
ပါဝါပြန်လည်ဖြန့်ဝေခြင်း
ကျောက်လက်နက်နှင့် မီးတို့သည် အဆင့်အမျိုးမျိုးတွင် ပါဝါပြန်လည်ဖြန့်ဝေမှုအမျိုးမျိုးကို ဖြစ်စေသည်။ တစ်ဦးတစ်ယောက်ချင်းစီအဆင့်တွင် ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးသည်။ ကာယအားသက်သက်ကို မှီခိုနေ၍ မရတော့ဘဲ ကျွမ်းကျင်မှုနှင့် အသိဉာဏ်ပညာကိုပါ ပေါင်းစပ်လာရသည်။ အဖွဲ့လိုက်အဆင့်တွင် ထိုနည်းပညာ များရှိသည့်အဖွဲ့သည် မရှိသည့်အဖွဲ့ကို စိုးမိုးနိုင်သည်။ သက်ရှိအဆင့်တွင် လူသားတို့သည် ရှေးကမနိုင်ခဲ့သော သားရဲကြီးများကို နိုင်စားနိုင်သည့် ပါဝါရလာသည်။ ဂေဟအဆင့်တွင် ထိုနည်းပညာ နှစ်မျိုးလုံးသည် လူသားတို့၏ ဂေဟစနစ် ထိခိုက်စေမှုကို စတင်စေခဲ့သည်။ ကျောက်လက်နက်များ သုံးနိုင်လာသည်နှင့် သစ်ပင်များကို ခုတ်လှဲရာတွင် ပိုမိုမြန်ဆန်လာစေသည်။ မီးကို သုံးနိုင်လာချိန်တွင်တော့ တောရှင်းသည်အထိ လုပ်နိုင်လာပြီဖြစ်သည်။ ရှေ့က ပြောခဲ့သလို သဘာဝကမ္ဘာမှ ခွဲထွက်ပြီး ကိုယ်ပိုင်ယဉ်ကျေးမှုကမ္ဘာကို စတင်ခြင်းသည် သဘာဝကို ကြိုးကိုင်ခြယ်လှယ်နိုင်သည့် အစွမ်းရှိ လာစေပြီး မမြင်ရသည့် အကျိုးဆက်တို့ကို ဖြစ်စေခဲ့ သည်။ အရင်းအမြစ်များ ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ တို့၏ သဘာဝများ ထိခိုက်ပျက်စီးစေခြင်းတို့ကို ရှေးလူတို့ ရိပ်မိခဲ့မည်မဟုတ်ပါ။
ထို့ကြောင့် ထိုနည်းပညာ နှစ်မျိုးလုံးသည် ခေတ်တစ်ခေတ်၏ အသက်ရှင်ရပ်တည်ရေးအတွက် သုံးရသည့် ကိရိယာများသာမဟုတ်။ လူမှုရေးနှင့် ယဉ်ကျေးမှုတို့ ဆင့်ကဲတိုးတက်ဖို့အတွက် ဓာတ်ကူ ပစ္စည်းများဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာအတွက်သာ အကျိုးရှိသည်မဟုတ် စိတ်ပိုင်းဆိုင်ရာအတွက်လည်း အကျိုးရှိစေခဲ့သည်။ ဆင့်ကဲဖြစ်စဉ်ကို အကျိုးပြုခဲ့ပြီး ထိုအကျိုးကျေးဇူးများကို ကျွန်တော်တို့ ယနေ့အချိန်ထိ ခံစားနေရဆဲမဟုတ်ပါလား။ ထိုနည်းပညာတို့က သဘာဝထံမှ ပါဝါကို လူသားတို့လက်ထဲသို့ ပြန်လည် ဖြန့်ဝေခဲ့သလို လူ့အဖွဲ့အစည်းအတွင်းတွင်လည်း ပါဝါ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြောင်းလဲစေသည်။ ကျောက်လက်နက်နှင့် မီးသာမဟုတ်၊ အထွေထွေသုံး နည်းပညာတိုင်း ထိုသဘောဆောင်သည်။ ထိုအကြောင်းကို ဆက်လက်ဆွေးနွေးသွားပါမည်။
Ref: Catching Fire by Richard Wrangham
Sapiens by Yuval Noah Harari
The Origin of Humankind by Louis Leakey
The Coming Wave by Mustafa Suleyman