အချုပ်အခြာအာဏာကို အလေးထား

နေပြည်တော် ၂၅ မေ

 

ဗြိတိန်နိုင်ငံ နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးရေး ရွေးချယ်မှုကော်မတီအဖွဲ့မှ ပါလီမန်အမတ်များက ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းရေးအတွက် အားထုတ်မှုကို မေလ ၂၂ ရက်နေ့ထုတ် The Guardianအွန်လိုင်းသတင်းစာမှ တစ်ဆင့် သိရှိလိုက်ရသည်။

 

မြန်မာအစိုးရအား အရေးယူရေးကိစ္စကို မကြာသေးမီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ပြုလုပ်ခဲ့ပြီး မအောင်မြင်သဖြင့် ယခုထပ်မံ၍ ကြိုးပမ်း အားထုတ်ခြင်းသည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် တမင်ရည်ရွယ် ဖိအားပေး လုပ်ဆောင်မှုများအဖြစ် ရှုမြင်ရမည်ဖြစ်သည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် (ICC)အဖွဲ့ဝင် နိုင်ငံမဟုတ်သဖြင့် နိုင်ငံတကာ သဘောတူညီချက်အရ အရေးယူစရာ အကြောင်းမရှိချေ။ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်အမှန်မှာ ARSA အကြမ်းဖက်သမားများ လက်ချက်ကြောင့် ဖြစ်ပွားခဲ့ရသည်ကို အားလုံး အသိပင် ဖြစ်သော်လည်း ယင်းကိုမျက်ကွယ်ပြု၍ တစ်ဖက်သတ်ဖိအားပေးမှုများကို လက်မခံ ကန့်ကွက်ရှုတ်ချရမည်သာ ဖြစ်သည်။ အစောပိုင်းကာလက ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့်  ပဋိပက္ခများနှင့်ပတ်သက်၍ မမှန်သတင်းများဖြင့် ဖုံးအုပ်ထားသော်လည်း ARSA အကြမ်းဖက် သမားများက ဟိန္ဒူဘာသာဝင်များ၊ ဒေသခံတိုင်းရင်းသားများအား အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့မှုများကို ကမ္ဘာ့မီဒီယာများက ပိုမိုသိရှိလာကြပြီး ဖြစ်ရပ်အမှန်များအား ထပ်မံရေးသား လာကြသည်ကို တွေ့ရမည် ဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံများအားလုံးသည် နိုင်ငံအလိုက် အချုပ်အခြာအာဏာကို ပိုင်ဆိုင်ကြသည်။ ၎င်းအချုပ်အခြာအာဏာနှင့်အညီ ၎င်းတို့နိုင်ငံကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေကြသည်။ မည်သည့်နိုင်ငံမဆို သူတစ်ပါးနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်စရာလည်းမရှိ၊ အချုပ်အခြာအာဏာကို အထိပါးခံခြင်းလည်း မရှိချေ။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးတွင် ARSA အကြမ်းဖက်သမားများသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခြင်းသာမက ရခိုင်ပြည်နယ်တွင် အေးချမ်းစွာ နေထိုင်ကြသူများအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ကို လယ်ပြင်မှာဆင်သွားသလို အထင်အရှား မြင်တွေ့ကြရပြီဖြစ်သည်။ ယင်းကို အချုပ်အခြာအာဏာ ပိုင်သည့် မြန်မာနိုင်ငံအစိုးရက မိမိနိုင်ငံနှင့် မိမိနိုင်ငံသားများအား ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရမည်သာ ဖြစ်သည်။ ဥပဒေနှင့် မညီမှုရှိပါကလည်း အရေးယူ အပြစ်ပေးမှုများ ပြုလုပ်သည်ကို တွေ့ရမည် ဖြစ်သည်။

 

ယင်းတို့ကို မျက်ကွယ်ပြု၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အရေးယူနိုင်ရေး၊ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်မှန်း သိပါလျက်နှင့် ICC တွင် အမှုဖွင့်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများမှာ မူမမှန်သော ကြံစည် အားထုတ်မှုများဟု ဆိုရမည်ဖြစ်သည်။ ARSA  အကြမ်းဖက်သမားများ လက်ချက်ကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဒုက္ခသည်အရေးမှာ အမှန်စင်စစ် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဖြေရှင်းရမည့် ပြဿနာဖြစ်သည်။ အဆိုပါအရေးကို စိတ်ရင်းစေတနာမှန်စွာဖြင့် ပါဝင်ဖြေရှင်းချင်ပါသည်ဆိုလျှင် ရခိုင်ပြည်နယ်မှ ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံနိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းထားသည့် သဘောတူစာချုပ်နှင့်အညီ လက်တွဲပူးပေါင်း ကူညီဖြေရှင်းပေးသင့်သည်။

 

သဘောရိုးမဟုတ်၍ ယခုဤသို့မဟုတ်ပြီ။ ARSA  အကြမ်းဖက် အဖွဲ့၏ ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်မှုများကို လျစ်လျူရှုသည်။ ရခိုင်ပြည်နယ်တွင် ဂုဏ်သိက္ခာရှိရှိ ငြိမ်းငြိမ်းချမ်းချမ်း ပြန်လည်အခြေချ နေထိုင်ရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှုများကို မသိကျိုးကျွန် ပြုသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် စိတ်ရင်းစေတနာမှန်စွာဖြင့် လူသားချင်း စာနာထောက်ထားမှုများကို ဆက်လက်ဆောင်ရွက်သွားမည်။ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အလေးထားကာကွယ် စောင့်ရှောက်သွားမည်ဖြစ်သည်။

 

ကြေးမုံ