အခွန်အကောက်နှင့်ပြည်သူ

၇ ဒီဇင်ဘာ

 

တိုင်းပြည်တစ်ခု၏ အုပ်ချုပ်ရေး၊ တည်ငြိမ်ရေး၊ တိုးတက်ဖွံ့ ဖြိုးရေးစသည့် နိုင်ငံနှင့် ပြည်သူလူထု၏ နေ့စဉ်ဘဝသာမက အနာဂတ်အကျိုးစီးပွားပါ လုံခြုံပြေလည်စေရေးအတွက် အထွေထွေသော လုပ်ငန်းဆောင်တာများကို ပြည်သူ့ဘဏ္ဍာငွေသုံးစွဲကာ ဖြည့်ဆည်းဆောင်ရွက်ရသည်။

 

 

ပြည်သူလူထုကလည်း မိမိတို့၏ အထွေထွေသော အလုပ်အကိုင်များကရရှိသည့် ဝင်ငွေအမျိုးမျိုးပေါ်မူတည်၍ အခွန်ပေးဆောင်ရသည်။ ဤသည်က နိုင်ငံတစ်ခု ပုံမှန်လည်ပတ်ရေးတွင် မလုပ်မဖြစ်လုပ်ဆောင်ကြရသည့် အစီအစဉ်ဖြစ်ပါသည်။ အစိုးရကလည်း ပြည်သူလူထု ဝင်ငွေကြွယ်ဝချောင်ချိအောင် အလုပ်အကိုင်အခွင့်အလမ်းများ စီမံပေးခြင်း၊ စီးပွားရေးအဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရန် အခြေခံအဆောက်အအုံများ၊ ရေမြေဝန်းကျင်များကို ဖန်တီးပုံဖော်ပေးခြင်းတို့ကို ဆောင်ရွက်ရသည်။ ဤသို့ဖြင့် စီးပွားရေးလုပ်ငန်းစဉ်တစ်ခုလုံး ချောမွေ့ပြေလည်ကာ ပြည်သူလူထု၏ လူမှုဘဝအနေမြင့်လာစေမည် ဖြစ်သည်။

 

 

ထို့ကြောင့် ယေဘုယျအားဖြင့် ပြည်သူလူထု၏ အခွန်ငွေပေးဆောင်မှု၊ ပေးသင့်သည့် အခွန်ငွေကို မှန်မှန်ကန်ကန် ပေးဆောင်မှုနှင့် အုပ်ချုပ်ရေးယန္တရားကလည်း အခွန်ပေးဆောင်မှုကို စနစ်တကျဖြစ်အောင် စီမံခြင်းတို့က တိုင်းပြည်ထူထောင်ရေးအတွက် အလွန်ပင်အရေးကြီးပါ၏။ သို့သော်လည်း လက်တွေ့ဘဝတွင် မြန်မာနိုင်ငံက ခေတ်ဆိုးခေတ်ကျပ် အဆက်ဆက်ကို ကျော်ဖြတ်လာရသည့်အခါ အခွန်ပေးဆောင်သည့် လုပ်ငန်းနယ်ပယ်ဘက်တွင်လည်း အခြားသော နယ်ပယ်များတွင် ဖြစ်ပေါ်ခဲ့သကဲ့သို့ လာဘ်ပေး လာဘ်ယူမှုများ၊ အဂတိများ၊ မမှန်မကန်ပြုမှုများနှင့် မတရားမှုများ ရှိခဲ့လေရာ အခွန်ရှောင်ခြင်း၊ အခွန်လိမ်လည်ဆောင်ခြင်း၊ အခွန်ပေးဆောင်သည့် အလေ့နည်းပါးလာခြင်း စသည့်ပြဿနာတို့က အသားကျခေါက်ရိုးကျိုးသကဲ့သို့ ဖြစ်လာသည်။

 

 

အခွန်ငွေကောက်ခံမှုနှင့်တစ်ပြိုင်တည်း အခြားတစ်ဖက်တွင် ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲရာတွင်လည်း များစွာသော အလွဲသုံးစားမှုများ၊ အလွဲစီမံမှုများကြောင့် ဆုံးပါးမှုများစွာ ဖြစ်ခဲ့ရသည်။ ယင်းသို့သော ပြည်သူ့ဘဏ္ဍာငွေဆိုင်ရာ ပြဿနာအရပ်ရပ်တို့သည် ယနေ့ခေတ်ဆီသို့ အလုံးအရင်းနှင့် ဝန်ထုပ်ဝန်ပိုးသဖွယ် ကျရောက်လာနေပြီဖြစ်သည်။ ငွေကြေးချမ်းသာမှု အလုံးအရင်းကို မြင်နေရသည့် လုပ်ငန်းကြီးများထံမှ ရရှိသည့် အခွန်ဘဏ္ဍာငွေများမှာ ရသင့်သည်လောက် အမှန်တကယ်ရပါ၏လောဟူသည့် မေးခွန်းများ ရှိနေသကဲ့သို့ အခွန်ငွေပေးဆောင်ရန်အတွက် အစိုးရယ္တရားက စနစ်တကျ လုပ်ဆောင်နိုင်ပါ၏လော ဟူသော မေးခွန်းများကလည်း ရှိနေသည်။

 

 

ပြည်သူ့အစိုးရခေတ်ရောက်လာသည့်အခါ ပြည်သူ့အစိုးရကို အားပေးချင်သည်၊ ဒီမိုကရေစီအလေ့အကျင့်အောက်တွင် မိမိတို့တာဝန်ကို ထမ်းဆောင်လိုကြသည်ဟူသည့် ပြည်သူများ၊ အသေးစား အလတ်စားလုပ်ငန်းထူထောင်လုပ်ကိုင်လိုကြသည့် လုပ်ငန်းရှင်များ၊ အခွန်ကို မှန်မှန်ကန်ကန် ပေးဆောင်လိုသူများ ရှိလာသည့်အချိန်တွင် အခွန်ပေးဆောင်ရန် လက်ခံတွက်ချက် စိစစ်ပေးရမည့် ဌာနများကလည်း လွယ်ကူမြန်ဆန်မှန်ကန်အောင် လုပ်ဆောင်နေကြရန်ကလည်း အရေးကြီးပြီဖြစ်ပါသည်။

 

 

အခွန်ဆောင်လိုပါသော်လည်း အခွန်ပေးဆောင်ရသည့်စနစ်ကို လွယ်ကူမြန်ဆန်အောင်၊ စနစ်ကျအောင်၊ ထိရောက်အောင် စီမံမပေးနိုင်လျှင် ပြည်သူ့ဘဏ္ဍာငွေရယူရေးမှာ များစွာနစ်နာပါမည်။ အခွန်ဆောင်ပြည်သူလူထုအတွက် အခွန်ပေးဆောင်ရေးစနစ်ကို ခေတ်မီသည့် နည်းစနစ်များဖြင့် ပြင်ဆင်စီမံကြဖို့ လိုသကဲ့သို့ ပြည်သူ့ဘဏ္ဍာကို အခွန်ထမ်းပြည်သူလူထုအတွက် မည်သို့ စနစ်တကျ ထိရောက်အသုံးကျရန် သုံးစွဲနေသည်ဆိုခြင်းနှင့် မည်သည့်နေရာများတွင် မည်ကဲ့သို့ သုံးစွဲနေသည်တို့ကိုလည်း ပွင့်လင်းမြင်သာမှုရှိစေခြင်းတို့ဖြင့် နိုင်ငံ၏တိုးတက်ပြောင်းလဲမှုအရှိန် မြင့်မားလာမည်ဟု ယူဆပါကြောင်း တင်ပြလိုက်ရပါသည်။ မြန်မာ့အလင်း