အခက်အခဲများကြားက ကျင်းပခဲ့ရတဲ့ ကွန်ဂိုရွေးကောက်ပွဲ

ခြူးစန္ဒီနွေး

 

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ရွေးကောက်ပွဲကို  ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကပဲ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နှောင့်နှေးကြန့်ကြာမှုတွေကြောင့် ပြည်သူတွေ အတော်လေး စိတ်ပျက်ခဲ့ရပါတယ်။ အချို့သောမဲရုံတွေမှာ အီလက်ထရောနစ်စနစ်နဲ့ မဲပေးစက်တွေမှာ အဆင်မပြေမှုတွေ ဖြစ်ခဲ့ပြီး အဲဒီကိစ္စဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတ နိုင်ငံရဲ့ရွေးကောက်ပွဲအတွက် အဓိကစိန်ခေါ်မှု တစ်ရပ်ဖြစ်ခဲ့ပါတယ်။

 

ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွဲပြောင်းမည့်ပွဲ 

 

အခုဆိုရင် ရွေးကောက်ပွဲအတွက် မဲပေးမှုတွေအားလုံးဟာလည်း ပြီးဆုံးသွားခဲ့ပါပြီ။ ဒါဟာ ၁၉၆၀ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ကွန်ဂိုနိုင်ငံအတွင်းပထမဦးဆုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွဲ ပြောင်းတဲ့ပွဲလည်း ဖြစ်ပါတယ်။ ကွန်ဂိုသမ္မတ Joseph Kabila ဟာ နိုင်ငံကို၁၇ နှစ်ကြာအုပ်စိုးခဲ့ပြီးတဲ့နောက် အာဏာလွဲပြောင်းပေးဖို့ လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကိုတော့ ဒီတစ်ပတ်အတွင်းမှာပဲ ကြေညာသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တကယ်တမ်းကျတော့ ကွန်ဂိုရွေးကောက်ပွဲကို လွန်ခဲ့တဲ့နှစ်နှစ် ကတည်းက ကျင်းပရမှာပါ။ ဒါပေမယ့်လည်း အမျိုးမျိုးသော အခက်အခဲတွေကြောင့် ရွေးကောက်ပွဲကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကျင်းပပေးမယ်လို့ ရည်ရွယ်ခဲ့တဲ့ ရွေးကောက်ပွဲကို နှစ်ကြိမ်တိုင်တိုင် ရွေ့ဆိုင်းခဲ့ရပါတယ်။ ရွေးကောက်ပွဲ အချိန်မီကျင်းပနိုင်တာကြောင့် မစ္စတာ Kabila ဟာသူရဲ့ လုပ်ပိုင်ခွင့်သက်တမ်းထက် နှစ်နှစ်ပိုနေခဲ့ပါတယ်။ လူဦးရေ ၁.၂၆ သန်းကို မဲပေးမှုစရင်းကနေထုတ်ပယ် ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက် အငြင်းပွားမှုတွေ၊ အကြမ်းဖက်မှုတွေဟာ ရွေးကောက်ပွဲကို ရိုက်ခတ်ခဲ့ပါတယ်။ 


မဲပေးမှုကို ညနေငါးနာရီမှာ ပိတ်သိမ်းခဲ့ပေမယ့် လူတွေကတော့ မဲပေးခွင့်ရဖို့ မဲရုံရှေ့မှာ တန်းစီစောင့်ဆိုင်း ခဲ့ကြပါတယ်။ အီလက်ထောနစ် မဲပေးနည်းစနစ်ဟာ ဒေသအတွင်းမှာ ပထမဦးဆုံးအကြိမ် ပြုလုပ်တာဖြစ်တဲ့ အတွက်ကြောင့် ပြသနာအတော်များပြီး အချို့သောနေရာတွေမှာ အခက်တွေ့ခဲ့ကြပါတယ်။ ကင်ဆာရှာခရိုင်အတွင်းက လိုင်မီတီ မြို့မှာဆိုရင် မဲဆန္ဒရှင် စာရင်းရောက်ရှိမလာတဲ့အတွက် အဲဒီနယ်ကပြည်သူတွေ မဲမပေးခဲ့ရပါဘူး။ မဲဆန္ဒရှင်တစ်ဦးဖြစ်တဲ့ ဖီဒလီအီမီနီကတော့ သူ့အနေနဲ့မဲပေးဖို့ နှစ်နာရီကျော်ကြာစောင့် ဆိုင်းခဲ့ရပေမယ့် တကယ်တမ်းမဲပေးပြီးတဲ့ အခါမှာတော့ အရမ်းကိုပျော်ရွှင်ရပါတယ်လို့ပြောပါတယ်။ 

 

အပြောင်းအလဲကိုမျှော်လင့် 


“ကျွန်တော်တို့ဟာ အပြောင်းအလဲတွေကို မျှော်လင့်နေကြတာဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုလိုချင်တယ်၊ လူတွေဟာ အလုပ်အကိုင်အခွင့်အလမ်းကိုပိုပြီး လိုအပ်နေကြတယ်” လို့ ၄င်းကပြောပါတယ်။ ရွေးကောက်ပွဲကာလအတွင်း အချို့သောနေရာတွေမှာလည်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ ဝါလန်ဂူမြို့မှာဆိုရင် ရဲအရာရှိတစ်ဦးနဲ့ အရပ်သားတစ်ဦး အသတ်ခံခဲ့ရပါတယ်။


အီဘိုလာက ဒုက္ခပေး


အခုတစ်ကြိမ်ရွေးကောက်ပွဲဟာ သမ္မတ ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်အတွက် အမတ်တွေရွေးချယ်တဲ့ ပွဲလည်းဖြစ်တယ်။ ထောင်ပေါင်းများစွာသော ကိုယ်စားလှယ်လောင်းတွေ ပါဝ င် ယှဉ်ပြိုင်ကြတဲ့ပွဲဆိုလည်း မမှားပါဘူး။ ရွေးကောက်ပွဲကာလအတွင်း နောက်ထပ်အနှောက်အယှက် တစ်ခုကတော့ အီဘိုလာရောဂါပါပဲ။ အီဘိုလာဟာ ကွန်ဂိုမှာ ပျောက်ကွယ်သွားလိုက် ပြန်ဖြစ်လိုက်နဲ့ အတော်လေး ဒုက္ခပေးပါတယ်။ အခုလည်း  နိုင်ငံအရှေ့ပိုင်း အီဘိုလာရောဂါ ဖြစ်ပွားနေတဲ့နေရာတွေနဲ့ နိုင်ငံအနောက်ပိုင်း အကြမ်းဖက်မှုဖြစ်ပွားနေတဲ့ ဒေသတွေကို မဲပေးမှု စာရင်းကနေ ထုတ်ပယ်ခဲ့ရတယ်လို့ အစိုးရက ပြောပါတယ်။

 

နယ်မြေတွေဖယ်တာ  နိုင်ငံရေးလား

 

ဒါပေမယ့်လည်း မဲပေးဖို့တားမြစ်ခံရတဲ့ နိုင်ငံအရှေ့ပိုင်းက Beni၊ Butembo ၊ နိုင်ငံအနောက်ပိုင်းက Yunbi ဒေသတို့ဟာ အတိုက်ခံတွေ အဓိကကြီးစိုးရာ နယ်မြေတွေဖြစ်နေပါတယ်။ ဒါကြောင့်လည်း ဝေဖန်သူတွေဟာ အစိုးရအနေနဲ့ လပေါင်းများစွာ ကြိုတင်ပြင်ဆင်ချိန်ရှိပါလျက် ဒီလို အကြောင်းပြချက်နဲ့ ဒီနယ်မြေတွေကို ဖယ်ထုတ်လိုက်တာဟာဆိုရင် နိုင်ငံရေးအရ လှုပ်ရှားမှုတစ်ရပ်လေလားဆိုပြီး ဝေဖန်နေကြတာပါ။ 

 

မစ္စတာ Kabila ရဲ့ဆက်ခံသူအဖြစ် ရွေးချယ်ခံထားရတဲ့ ယခင်ပြည်ထဲရေး ဝန်ကြီးဟောင်း အီမန်နျူရယ် ရာမာဇာနီရှက်ဒရီဟာဆိုရင် လူအခွင့်အရေး ချိုဖောက်မှုစွပ်စွဲချက်တွေနဲ့ ဥရောပသမဂ္ဂကနေ ပိတ်ဆို့ပြစ်ဒဏ် ချမှတ်ခံထားရသူလည်းဖြစ်ပါတယ်။

 

အီးယူသံအမတ်ကိုနှင်ထုတ်

 

၂၀၁၇ မေလမှာအစိုးရ ဆန့်ကျင်သူတွေကို အပြင်းအထန် နှိမ်နင်းခဲ့တဲ့အတွက် ဥရောပသမဂ္ဂက ပိတ်ဆို့ပြစ်ဒါဏ်ချမှတ်ခဲ့တာပါ။ ပိတ်ဆို့မှုပြစ်ဒဏ်ကို ဖယ်ရှားမပေးတဲ့အခါမှာတော့ ကွန်ဂိုအစိုးရဟာ လက်တုန့်ပြန်တဲ့အနေန အီးယူသံအမတ်ကို နိုင်ငံအတွင်းကနှင်ထုတ်ခဲ့ပါတယ်။ သူရဲ့နောက်မှာ အတိုက်ခံပြိုင်ဘက် နှစ်ယောက်ရှိနေတယ်ဆိုပေမယ့် သူ့အနေနဲ့ရွေးကောက်ပွဲမှာ လွယ်လွယ်ကူကူပဲ အနိုင်ရဖို့ ယုံကြည်ချက်ရှိတယ်လို့ ပြောပါတယ်။

 

မြို့တော် ကင်ဆာရှာမှာရှိတဲ့မဲတွေကို ရေတွက်ပြီးချိန်မှာတော့ ကျွန်တော်ကတော့ အနိုင်ရမှာသေချာတယ်လို့ အီမန်နျူရယ် ရာမာဇာနီရှက်ဒရီ  သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တိုင်ပြည်တစ်ဝန်းလုံးနဲ့ယှဉ်ရင်တော့သူရဲ့ နာမည်ကျော်ကြားမှုဟာ သိပ်မရှိပေမယ့် ရုပ်သံကနေ မဲဆွယ်တဲ့အခါ သူဟာအကောင်းဆုံး အသုံးချသွားနိုင်တာကို တွေ့ရပါတယ်။ 

 

အတိုက်အခံခေါင်းဆောင် မဲနိုင်မှုပြတ်သား

 

ရွေးကောက်ပွဲမတိုင်မီ လူထုဆန္ဒခံယူကြည့်တဲ့မဲရလဒ်အရတော့ အဓိကအတိုက်ခံခေါင်းဆောင် Martin Fayulu ကမစ္စတာ ရှက်ဒရီကို အပြတ်အသတ် အနိုင်ရနေတာကိုတွေ့ရပါတယ်။ အခုအချိ်န်ဟာမစ္စတာ Kabila အတွက် နှုတ်ဆက်ထွက်ခွာရမယ့် အချိန်ပါပဲ။ ပြီးတော့ပြောင်းလဲမှုတွေ စတင်ရမယ့် အချိန်လည်းဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ကွန်ဂိုပြည်သူတွေဟာ မစ္စတာ Kabila ရဲ့လက်အောက်မှာ ၁၈ နှစ်ကြာ ဒုက္ခတွေခံစား ခဲ့ရပြီးပါပြီ။ လို့ မစ္စတာ Fayulu က သတင်းထောက်တွေကိုပြောပါတယ်။ 

 

နာရီပေါင်းများစွာ စောင့်ဆိုင်းမဲပေးခဲ့

 

ကွန်ဂိုပြည်သူအများ စုကတော့ အခုရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူး၊ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ယူဆကြပေမယ့် မဲပေးဖို့ အတွက်တော့ မိုးအဆက်မပြတ် ရွာသွန်းနေတာကို အန်တုရင်း း မဲရုံရှေ့မှာ နာရီပေါင်း များစွာစောင့်ဆိုင်းကာ မဲပေးခဲ့ကြပါတယ်။ ဒါကလည်းတိုင်းပြည်အတွင်းမှာ ခေါင်းဆောင်ပိုင်း ပြောင်းလဲလိုတဲ့ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့်လို့လဲ ပြောလို့ရပါတယ်။

 

မဲပေးခွင့်မရတဲ့ Beni ဒေသမှာဆိုရင် လူတွေဟာ ဆန္ဒပြတဲ့အနေနဲ့ သူတွေရဲ့ မဲတွေကို ထည့်သွင်းရေတွက်မှာ မဟုတ်မှန်းသိသိကြီးနဲ့ မဲပေးနေကြတာကိုတွေ့ရပါတယ်။ ပြီးတော့မဲပေးဖို့ဟာ ကျွန်တော်တို့ရဲ့ အခွင့်အရေး ဒါကိုဘ ယ်သူမှလာတားဆီးလို့ မရဘူးဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။ 

 

မဲပေးခွင့်မရ

 

အီဘိုလာရောဂါကို ရမယ်ရှာပြီး မဲပေးခွင့်ပိတ်ခဲ့တဲ့အတွက် မကျေမနပ် ပေါက်ကွဲခဲ့ကြတာလည်း ဖြစ်ပါတယ်။  မြို့တော်ကင်ဆာရှာက မဲရုံတစ်ခုမှာတော့ Jonas Mwema ဆိုသူဟာ မဲစာရင်းမှာ သူ့နာမည်ရှာမတွေ့တဲ့အတွက် မဲပေးခွင့် မရခဲ့ဘူးလို့ပြောပါတယ်။ ဒါဟာမဖြစ်သင့်တဲ့ကိစ္စပဲ၊ ပြီးတော့ စီမံခန့်ခွဲမှုကလည်း ညံလိုက်တာလို့ သူက မကျေမနပ်ပြောပါတယ်။ သမ္မတ အသစ်ဟာ ဇန်နဝါရီလလည်ပိုင်းလောက်မှာ ကျမ်းသစ္စာကျိန်ဆိုမှာပဲဖြစ်ပါတယ်။ 


လက်ရှိသမ္မတဟာ ၂၀ဝ၁ ခုနှစ် သူ့ဖခင် လုပ်ကြံခံရပြီးနောက် သမ္မတနေရာ ဆက်ခံခဲ့တာ ယခုအချိန်ထိပဲ ဖြစ်ပါတယ်။ သူဟာဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် နောက်တစ်ကြိမ် သမ္မတသက်တမ်းအတွက် ပြန်ပြီးရွေးကောက်ခံလို့ မရတော့ပါဘူး။ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ မစ္စတာ Kabila ဟာ အာဏာကိုမစွန့်လွှတ်ချင်လို့ ဆက်လက်တွယ်ဖက်ထားဖို့ ကြံစည်တာလားဆိုပြီး အတိုက်ခံတွေက စွပ်စွဲ ကြပါတယ်။ 

 

လွတ်လပ်ပြီးမျှတမှုရှိ

 

ဒါပေမယ့်လည်း သမ္မတကတော့ လက်ရှိရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမှုရှိတယ်လို့ ကြေညာခဲ့ပါတယ်။  ကွန်ဂို ကျေးလက်ဒေသမှာတော့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးလိို့ ယုံကြည်နေကြဆဲပါ။ ဒါပေမယ်လည်း သူတို့ဟာ ရွေးကောက်ပွဲကို လက်မလျော့ခဲ့ကြပါဘူး။ အခုရွေးကောက်ပွဲဟာ နိုင်ငံကို ၁၇ နှစ်ကျော် ၁၈ နှစ်နီးပါး အုပ်စိုးခဲ့တဲ့ မစ္စတာ Kabila ရဲ့လက်အောက်က လွတ်မြောက်မယ့် အခွင့်အရေး တရပ်လို့ယူဆခဲ့ကြပါတယ်။ ရွေးကောက်ပွဲရလာဒ်ကိုတော့ ဒီတပတ်အတွင်း အဖြေသိရမှာပဲဖြစ်ပါတယ်။ 


ကိုးကား -ဘီဘီစီ ၊နယူးယောက်စ်တိုင်းမ်စ်