အချိန်မရွေး ပေါ်လာနိုင်သေးသည့် အန္တရာယ်

 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့်မြန်မာနိုင်ငံသားများကို ၎င်းတို့ရောက်ရှိရာ နိုင်ငံများမှနေ၍ ကယ်ဆယ်ရေးလေယာဉ်များ၊ အထူးလေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်လျက်ရှိသည်။ ပြည်ပနိုင်ငံများဟုဆိုရာတွင် အိမ်နီးချင်းနိုင်ငံများသာမက ရှေ့နိုင်ငံများ၊ အနောက်နိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ ပါဝင်ပြီး ယင်းနိုင်ငံများတွင် အကြောင်းကြောင်းဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများမှာ ကိုဗစ်-၁၉ ရာဂါကြောင့် နိုင်ငံတကာလေကြောင်းပျံသန်းမှုများ ရပ်နားထားလိုက်ရသည့်အချိန်တွင် အခက်အခဲကြုံကြရခြင်းဖြစ်သည်။ ကယ်ဆယ်ရေးလေယာဉ်၊ အထူးလေယာဉ်များဖြင့် နိုင်ငံအသီးသီးမှပြန်လည်ခေါ်ဆောင်ခဲ့ရသူ မြန်မာနိုင်ငံသားဦးရေမှာ ယနေ့အထိ ၃၆၀၀ ကျော်ခဲ့ပြီဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာလည်း နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လျက်ရှိရာ လူဦးရေသောင်းနှင့်ချီလျက် ရှိနေသည်။ ဆက်လက်၍လည်း အိမ်နီးချင်းနိုင်ငံများအပါအဝင် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသည့်မြန်မာနိုင်ငံသားများ ဝင်ရောက်နေဦးမည်ဖြစ်သည်။ ကိုဗစ်-၁၉ သည် ကမ္ဘာတစ်ဝန်း ကူဆက်ပျံ့နှံ့လျက်ရှိရာ ကမ္ဘာ့ဒေသကြီးတစ်ခုပြီး တစ်ခုသို့ တောမီးသဖွယ်ပြန့်ပွားနေပြီး ကပ်ရောဂါ၏ အချက်အချာ နေရာသည်ဥရောပမှအမေရိက၊ ယင်းမှသည်လက်တင်အမေရိက စသည်ဖြင့် ရွေ့လျားလျက်ရှိသည်။ သို့ဖြစ်ရာ ရောဂါကာကွယ်ဆေးမတွေ့သေးသရွေ့ ကမ္ဘာတစ်ခွင် ကူးသန်းသွားလာမှုများ ရပ်နားထားရဦးမည်ဖြစ်သလို ကမ္ဘာ့စီးပွားရေးသည်လည်း တုံ့ဆိုင်းလေးကန် နေဦးမည် ဖြစ်သည်။

နိုင်ငံအသီးသီးတို့မှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်မားနေသည့်အချိန်မှာပင် ရောဂါအရေးထက် ဝမ်းရေးခက်ကြသည့်ဆီလျော်စွာ တားဆီးကန့်သတ်မှုများကို ပြန်လည်ဖယ်ရှားပြီး စီးပွားရေးယန္တရားများ ပြန်လည်လည်ပတ် လုပ်ကိုင်ကြခြင်းကြောင့် တစ်ဖက်တွင်လည်း ကပ်ရောဂါကူးစက်မှု အကင်းမသေသည့်အခြေအနေ ဖြစ်ပေါ်နေရသည်။ မိမိတို့နိုင်ငံအနေဖြင့်မူ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်ကူဆက်မှုထက် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများတွင် ပါရှိမှုက အဓိကဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်များတွင် တွေ့ရှိရသည်။ သို့ဖြစ်ရာ ပြည်ပမှ ပြန်လည် ဝင်ရောက်နေမှုများ ရှိနေသေးသရွေ့ ကူးစက်ရောဂါ ပါမပါကိုမျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုမှုများ ဂရုတစိုက် ဆက်လက် ပြုလုပ်နေကြရဦးမည်ဖြစ်သည်။ နိုင်ငံတကာတွင် စီးပွားရေးကျဆင်းမှု၊ လုပ်ငန်းပိတ်သိမ်းမှု၊ အလုပ်သမားအင်အားချမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်းနှင့်အတူ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ် သမားများ ပြည်တွင်းသို့ ဆက်လက်ဝင်ရောက်နေဦးမည်ဟု ယူဆမိသည်။

လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၄၆ ဦး တွေ့ရှိထားပြီး စောင့်ကြည့်လူအသစ်များလည်း ဆက်လက် ထွက်ပေါ်လျက်ရှိရာ ကိုဗစ်-၁၉ နှင့် တိုက်ပွဲသည် မပြီးဆုံးသည်ကို သတိချပ်ကြရမည်ဖြစ်သည်။ သို့ရာတွင် အနေကြာလာသည်နှင့်အမျှ သတိလျော့ရဲလာသလို စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ အကန့်အသတ်အချို့ ဖြေလျှော့ပေးလိုက်သည့်အပေါ်တွင်လည်း ပေါ့လျော့နေကြသည့် အပြုအမူများကို တွေ့မြင်နေရသည်။ ကိုဗစ်၁၉သည်ကူးစက်မှုအန္တရာယ်ကြီးမားကြောင်း ရောဂါကာကွယ်ဆေးနှင့် ကုသဆေးမရှိသေးသလို ကူဆက်ခံရပါက သက်အန္တရာယ်ပြုနိုင်သည့် ရောဂါလည်းဖြစ်ကြောင်း သိနားလည်ထားကြသူများသည်ပင်လျှင် မကြာခဏလက်ဆေးရန်၊ လူစုလူဝေးကိုရှောင်ရန်၊ ပြင်ပသို့သွားလာရာတွင် ပါးစပ်နှာခေါင်းစည်းတပ်ထားရန်၊ တစ်ဦး နှင့် တစ်ဦး ခပ်ခွာခွာနေရန်၊ ကိုယ်ခံစွမ်းအား မြင့်မားရေးနှင့် ကျန်းမာရေးကို ဂရုစိုက်ရန်ဟူသော အခြေခံအချက်ကလေးများကို ကျင့်သုံးကြရန်ပျက်ကွက်လေ့ရှိကြသည်ကို တွေ့ရသည်။

ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာတွင် ကူးစက်မှုအရှိန်အဟုန် ကောင်းနေဆဲဖြစ်သည်။ မိမိတို့ နိုင်ငံတွင်မူ ကြိုတင်ပြင်ဆင်မှု၊ ဆီကန့်သတ်မှု၊ ပြည်သူများပူးပေါင်းပါဝင်မှုတို့ဖြင့် အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုနိုင်သော်လည်း ပန်းတိုင်မရောက်သေးသည့်အတွက် တက် မထောင်နိုင်သေးသည့် အခြေအနေတွင်သာ ရှိနေသေးသည်။ စည်းကမ်းမရှိမှု၊ မေ့လျော့ပေါ့ဆမှုတို့ကြောင့် ကြောက်မက်ဖွယ်အန္တရာယ် အချိန်မရွေး ပေါ်ပေါက်လာနိုင်သည်ကို သတိမူကာ မိမိကိုယ်မိမိ တာဝန် ကိုယ်စီ ယူကြခြင်းဖြင့် ကိုဗစ်-၁၉ ကို ဆက်လက်ရင်ဆိုင်နိုင်ကြ ပါစေကြောင်း ။  ။

 

မြန်မာ့အလင်း