အခြေခံတိရစ္ဆာန်မွေးမြူရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူသင်တန်းဆင်းပွဲ၌ သင်တန်းသားများအား တိရစ္ဆာန်ဆေးဝါးနှင့် ဆေးပစ္စည်းများထောက်ပံ့

နောင်တရား ၁၅ မတ်


နောင်တရားမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရှေ့တန်းမွေးမြူရေးခြံ၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မယ့်ဖားလုံဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိရစ္ဆာန် မွေးမြူရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူသင်တန်းဆင်းပွဲကို မတ်လ ၁၄ ညနေ ၄ နာရီတွင် ကျင်းပသည်။


သင်တန်းဆင်းပွဲတွင် ပင်လောင်းမြို့နယ် မူးယစ်တပ်ဖွဲ့စု (၂၆) ပင်လောင်းမှ ရဲမှူးဝင်းကျော်ရီက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပင်လောင်းမြို့နယ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်းက သင်တန်းမှသင်ကြားပေး သည့် မွေးမြူရေးနှင့်ကုသရေးပညာများကို မိမိကျေးရွာတွင် လက်တွေ့အသုံးပြု၍ မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ပြီး မိမိကျေးရွာဝင်ငွေတိုးပွားအောင်ဆောင်ရွက်ရန်လို ကြောင်းပြောကြားသည်။ ထို့နောက်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာညွှန့်သိန်းက သင်တန်း၌ ထူးချွန်သင်တန်းသား (၃)ဦးအား ဆုများချီးမြင့်ပြီး ဒေါက်တာနီနီဝင်းက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြင့်ခဲ့သည်။ 


ဆက်လက်၍ ရဲမှူးဝင်းကျော်ရီမှ သင်တန်းသားများအား တိရစ္ဆာန်ဆေးဝါး (၂၈)မျိုးနှင့် ဆေးပစ္စည်းများကို ပေးအပ်ခဲ့သည်။ သင်တန်းဆင်းပွဲသို့ ဌာနဆိုင်ရာ တာဝန်ပုဂ္ဂိုလ်များ သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။


ခွန်အောင်(နောင်တရား)