အခြေခံရိုက်ကူးထုတ်လုပ်မှုသင်တန်းဖွင့်လှစ်

ရန်ကုန်  ၁၄  ဇန်နဝါရီ 

 

မိမိတို့နေ့စဉ်အသုံးပြုနေသည့် စမတ်ဖုန်းကိုအသုံးပြု၍အကျိုးရှိသည့် ဖျော်ဖြေတင်ဆက်မှုများကို အလွယ်တကူ တည်းဖြတ်ရိုက်ကူးတတ်စေရန်အတွက် ရည်ရွယ်၍ အခြေခံရိုက်ကူးထုတ်လုပ်မှုသင်တန်းဖွင့်ပွဲကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း  ကိုရီးယားနိုင်ငံမှ သင်တန်းလာရောက်ပို့ချသူ (Former MWTV Chief Director) ဦးအောင်တင်ထွန်း က ပြောကြားသည်။

 

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ဗဟန်းမြို့နယ် အမှတ်(၅၀) ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ကျင်းပသည့် Smart Phone Diector ခေါင်းစဉ်ဖြင့် အခြေခံရိုက်ကူးထုတ်လုပ်မှုသင်တန်းဖွင့်ပ္ပွဲတွင် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

 

“ကိုယ့်လက်ထဲကစမတ်ဖုန်းကို အသုံးချတတ်ရင် အသုံးချတတ်သလို အကျိုးရှိအောင် ဖန်တီးနိုင်ခြင်းဖြင့် ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ ကိုယ့်ဒေသသတင်းတွေကို  ကိုယ်တိုင်ထုတ်လုပ်နိုင်လိမ့်မယ်။ ရုပ်ရှင်နဲ့ဓာတ်ပုံ ဘယ်လိုကွာခြားတယ်ဆိုတာသိလာမယ်။ အဲဒီကနေ ကင်မရာအသုံးပြုခြင်း၊ ရိုက်ကူးရေးအစီအစဉ်ရေးဆွဲခြင်း၊ တည်းဖြတ်ခြင်းတို့အပြင် ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့တွေရရှိစေမှာ ဖြစ်ပါတယ်။

 

Documentary  အထိရိုက်ကူးနိုင်လာဖို့လဲ ရည်ရွယ်ဖွင့် လှစ်တာပါ” ဟု ဦးအောင်တင်ထွန်း က ဆက်ပြောသည်။

 

အဆိုပါအခြေခံရိုက်ကူးထုတ်လုပ်မှုသင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့နှင့် ကိုရီးယားနိုင်ငံ For Basic Media Education (Editing) တို့ပူးပေါင်း၍ ဇန်နဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၏ ဦးဆောင်ကော်မတီအဖွဲ့ဝင်ဖြစ်သူ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ကလည်း “ ကိုယ့်ရဲ့ရိုက်ကူးတင်ဆက်မှုက တစ်ဖက်သားကို အဆိပ်အတောက်မဖြစ်စေဖို့အရေးကြီးတယ်။ စည်းမကျော်အောင် စောင့်ထိန်းရမယ့် အခြေခံကျင့်ဝတ်တွေကိုလည်းသိစေချင်တယ်။ ကောင်းမွန်ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ရရှိစေဖို့ရည်ရွယ်ပါတယ်။ ဆက်လက်ဖွင့်လှစ်နိုင်ဖို့လည်း အစီအစဉ်တွေရှိပါတယ်” ဟုပြောသည်။

 

သင်တန်းကို ကိုရီးယားနိုင်ငံ(Former MWTV Chief Director) ဦးအောင်တင်ထွန်းနှင့် Mr.Jun Mir (Former MWTV News PD & Media Education Team ) တို့က ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါသင်တန်းကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများ၊ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးမှ အစည်းအရုံးဝင်များ၊ ပြင်ပမှစိတ်ဝင်စားသူများ စုစုပေါင်းသင်တန်းသား ၂၁ ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

 

သတင်း -မြတ်စန္ဒီ
ဓာတ်ပုံ-မွန်းဦးနဒီ