အချစ်ရေးထူးထူးခြားခြားမရှိသေးဘူးလို့ ဆိုတဲ့ အေးမြတ်သူနဲ့ တွေ့ဆုံခြင်း

မန္တလေး ၃၀ အောက်တိုဘာ

MRTV Entertainment မှာ ခရီးသွားအစီစဉ်ရိုက်ကူးနေတဲ့ အေးမြတ်သူရဲ့ အနုပညာ လှုပ်ရှားမှုတွေအကြောင်း၊ အချစ်ရေး အကြောင်းတွေမေးမြန်းဖြစ်ခဲ့ပါတယ်။ မေးမြန်းတဲ့အထဲက အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မေး။ ။လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်လို့ သိချင်ပါတယ်။

ဖြေ။ ။ ပုပ္ပါးမှာကားရိုက်နေပါတယ်။ ရမ်ဘိုလာပြီဆိုတဲ့ဇာတ်ကားပါ။ ဇာတ်ကားနာမည်ကတော့ ယာယီပေါ့နော်။ မင်းသားက ကိုပြေတီဦး၊ ကျော်ကျော်ဗို ပါတယ်။ ဒါရိုက်တာက ကိုဇော်အာရုဏ်ဦးပါ။ မင်းသမီးတွေက မကြီးစိုး ၊ မကြီးခိုင်ပါတယ်။ တကယ့်ဟာသလူရွှင်တော်တွေလည်းပါတယ်။

မေး ။ ။ဒီဇာတ်ကားမှာ အေးမြတ်သူရဲ့ကာရိုက်တာကရော။

ဖြေ ။ ။အဲဒီကားလေးမှာ အေးမြတ်သူက ရွာသူ၊ ကွမ်းတောင်ကိုင်ပေါ့။

မေး ။ ။ ဇာတ်ကားအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားလဲ။

ဖြေ ။ ။ အများကြီးတော့ထွေထွေထူးထူးတော့ ပြင်မထားပါဘူး၊ အေးမြတ်သူက မြန်မာဝတ်စုံနဲ့ ရိုက်တာ အဆင်ပြေတယ်ဆိုတဲ့အခါကြတော့။ အဓိက တောအင်္ကျီလေးတွေဝတ်တာပေါ့နော်။ မြန်မာဆန်ဆန် လှလှလေးတွေပေါ့။ ကျေးလက်ဟာသကားလေးဆိုတော့လေ။

မေး ။ ။ နောက်ထပ်လက်ခံထားတဲ့ ဇာတ်ကားတွေရှိလား။

ဖြေ ။ ။ အဲဒါပြီးသွားရင် ဇာတ်လမ်းတွဲပြန်ရိုက်ပါမယ်။ MRTV - 4 နဲ့ ဇာတ်လမ်းတွဲရိုက်နေပါတယ်။ မိုးကောင်းကင် အိပ်မက်ဆိုတဲ့ဇာတ်ကားပါ။ အဲဒါပြီးသွားရင် MRTV Entertainment မှာ အေးမြတ်သူရဲ့ ခရီးသွားအစီစဉ်ရှိတယ်ရှင့် ။ အဲဒီဟာအတွက် ခရီးထွက်ပါ့မယ်။ ပြန်လာရင်တော့ လက်ခံထားတဲ့ ကားတွေရိုက်ပါမယ်ရှင့်။

မေး ။ ။အေးမြတ်သူရဲ့ အချစ်ရေးလည်းသိချင်ပါတယ်။

ဖြေ။ ။ အချစ်ရေးကတော့ ပရိသတ်ကို ပြောစရာ အများကြီးမရှိပါဘူးရှင့်။ ထူးထူးခြားခြားလည်း မရှိပါဘူးရှင့်။

မေး ။ ။ ဒီတန်ဆောင်တိုင်မှာ ထူးထူးခြားခြားဘာတွေလုပ်ဖို့ရှိလဲ။

ဖြေ ။ ။တန်ဆောင်တိုင်မှာထူးထူးခြားခြားတော့ ဘာမှမရှိဘူး။ ကားရိုက်မယ်၊ လက်ခံထားတဲ့ ကြော်ငြာတွေ ရိုက်မယ်၊ တန်ဆောင်တိုင်ထက် သင်္ကြန် နဲ့ သီတင်းကျွတ်ကို ပိုပြီးသဘောကျတယ်။ တန်ဆောင်တိုင်လည်း ပျော်ပါတယ်။ ဒါပေမယ့် အလုပ်ရှိတဲ့ အခါကြတော့လေ။

သတင်း၊ဓာတ်ပုံ - မို့မို့