အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည်

၆ စက်တင်ဘာ

မျက်မှောက်ကာလ ကြုံတွေ့နေကြရသော စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိပါက ကမ္ဘာ့ စီးပွားရေး အခြေအနေသည် ၁၉၀၀ ပြည့်နှစ် က ရှိခဲ့သည့် အနေအထားမျိုးသို့ ဦးတည် ရောက်ရှိသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ် အကြီး အကဲဟောင်း ရောဘတ်ဇိုးလစ်က ပြင်းပြင်း ထန်ထန် သတိပေးလိုက်သည်ဆိုသော သတင်း တစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ သူ၏ထူးထူး ခြားခြား တူးတူးခါးခါး သတိပေးချက်၏ အဓိပ္ပာယ်သက်ရောက်မှုများ မည်သို့ရှိလိမ့်မည် ဆိုခြင်းနှင့်ပတ်သက်၍ စေ့ငုလေ့လာမိလေ၏။

ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူရေး ၏ အဓိကအတားအဆီးကြီးတစ်ရပ်မှာ အမေ ရိကန်နှင့် တရုတ်နိုင်ငံအကြား အကွဲအပြဲဖြစ်နေ ခြင်း ဖြစ်သည်ဟု ဇိုးလစ်က ထောက်ပြသည်။

အကြံပေးရသူ

ဇိုးလစ်သည် အမေရိကန်ပြည်ထောင်စု ၏ ပြည်သူ့ရေးရာဌာနန္တရ အဆင့်မြင့်အရာရှိ ကြီးတစ်ဦးအဖြစ် ကာလကြာရှည် တာဝန် ထမ်းရွက်ခဲ့သူဖြစ်ပြီး အစိုးရအထက်တန်း တာဝန်ရှိသူအဖြစ် တာဝန်ထမ်းဆောင်နေချိန် အတွင်း အမေရိကန်သမ္မတ ခြောက်ဆက်တိုင် တိုင် အကြံပေးရသူအဖြစ် ထူးထူးခြားခြား တာဝန်ယူခဲ့သူဖြစ်သည်။

အမေရိကန်စီးပွားရေး ကျဆင်းနေခြင်းမှ ပြန်လည်နာလန်ထူကာ ကမ္ဘာ့စီးပွားရေးပြန် လည် ဦးမော့လာနိုင်စေမည့် နည်းလမ်းမှာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား နက် နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ရေးသာလျှင် ဖြစ်ကြောင်း ဇိုးလစ်က ဘီဘီစီသတင်းဌာန၏ “အာရှစီးပွားရေးသတင်းလွှာ အမည်ရှိ ရုပ်မြင်သံကြားအစီအစဉ်သို့ စက်တင်ဘာ ၄ ရက်က ပြောကြားခဲ့သည်။

မိမိ၏နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးသည် ယနေ့ကာလအတွင်း “ဇောက်ထိုးမိုးမျှော် ကျဆင်းလျက်ရှိကြောင်း၊ ယင်းမှာ ကမ္ဘာကြီးအတွက် အလွန်အမင်း ဘေးအန္တရာယ်ပေးနိုင်သော အခြေအနေ တစ်ရပ်ဖြစ်ကြောင်း သူက သူ၏အမြင်ကို ဖွင့်ချသည်။

ကမ္ဘာနှင့်ချီ လက်တွဲဆောင်ရွက်ခြင်း (ဝါ) ဂလိုဘယ်လိုက်ဇေးရှင်း သည် လည်းကောင်း၊ “မိမိနိုင်ငံ၏ အကျိုးစီးပွားကိုသာလျှင် ဦးထိပ် ပန်ဆင်ခြင်း (ဝါ) အမျိုးသားအကျိုးစီးပွား က ပထမ မူဝါဒသည်လည်းကောင်း ကမ္ဘာ ကြီးအတွက် စီးပွားရေးအရ အလုပ်မဖြစ်နိုင်ပုံ ကို သူကထောက်ပြသည်။

ဂလိုဘယ်လိုက်ဇေးရှင်းကို ပစ်ပယ်ပြီး အမျိုးသား ကောင်းစားရေးမူဝါဒများကို ဦးစားပေးကျင့်သုံးလာကြမည်ဆိုပါက ယနေ့ ကမ္ဘာကြီးသည် ၁၉၀၀ ပြည့်နှစ်က ရှိခဲ့သည့် အနေအထားသို့ ပြန်လည်ရောက်ရှိသွားလိမ့် မည်ဆို၏။

ဇိုးလစ်ဆိုလိုသော ၁၉၀၀ ပြည့်နှစ် အခြေ အနေဆိုသည်ကား အင်အားကြီးနိုင်ငံများ အချင်းချင်း အကြိတ်အနယ် ယှဉ်ပြိုင်နေကြသော ခေတ်တစ်ခေတ်ကို ရည်ညွှန်းနိုင်ပေလိမ့်မည်။

ခေတ်သစ်ကမ္ဘာ

ဤတွင် ကမ္ဘာ့သမိုင်းပညာရှင်များ၏ “ခေတ်သစ်ကမ္ဘာ (Modern world) ကို ကျွန်ုပ်စကေးချုံ့၍ ကြည့်လေသော် -

၁၄ ရာစုခေတ်သည် ဥရောပတိုက်၏ “ရီနေးဆန့်ခေတ် (ဝါ) တစ်ကျော့ ခေတ်ပြန် စားလာခြင်းခေတ်ဖြစ်၏။ ရှေးဟောင်းဂရိ ယဉ်ကျေးမှု၊ အတွေးအခေါ်များကို ဖော်ထုတ် လိုက်စားမှုကြောင့် ၁၄ ရာစုမှ ၁၆ ရာစုတို့ အတွင်း ဖြစ်တည်ခဲ့သော အနုပညာနှင့်စာပေ ပြန်လည် ထွန်းကားလာသည့်ခေတ်ဖြစ်၏။ “အလယ်ခေတ်များ ကျော်လွှားလွန်မြောက်ခဲ့ပြီးနောက် “သိုးဆောင်းသား (European) တို့၏ ယဉ်ကျေးမှု၊ အနုပညာ၊ နိုင်ငံရေးနှင့် စီးပွားရေးတို့အရ “ပြန်လည်မွေးဖွားခြင်း ခေတ်ဖြစ်၏။ ၁၇ ရာစုအထိ ဥရောပ၏ ပြန်လည်နုပျိုမှု ဖြစ်ပေါ်ခဲ့၏။ ယင်းခေတ် အတွင်း ဂန္ထဝင်ဒဿန အတွေးအခေါ်များ၊ စာပေနှင့်အနုပညာတို့ကို ရှာဖွေဖော်ထုတ် မြှင့်တင်နိုင်ခဲ့ကြ၏။

၁၆၀၀ ပြည့်နှစ်သည်ကား အကြွင်းမဲ့ အာဏာရှင်များ အင်ပါယာကြီးများချဲ့ထွင် ကာ အုပ်စိုးခဲ့ကြသည့်ကာလကို အမှတ် အသားပြုသည်။ အရှေ့အလယ်ပိုင်းဒေသတွင် “အော်တိုမန်အင်ပါယာ ပေါ်ထွန်းလာသည်။ ယင်းမှာ တူရကီတို့ထူထောင်ခဲ့သော အင်ပါယာ ၁၆ ခုတွင် တစ်ခုအဖြစ်ပါဝင်သည်။ ၁၂၉၉ ခုနှစ်မှ ၁၉၂၃ ခုနှစ်အထိ သက်တမ်းကြာမြင့်ခဲ့ သည်။ ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးအင်ပါ ယာ၊ သက်တမ်းအရှည်ကြာဆုံးအင်ပါယာ ဖြစ်သည်။ အိန္ဒိယတွင် “မဂိုအင်ပါယာ ပေါ် ထွန်းခဲ့သည်။ ၁၆ ရာစုမှသည် ၁၉ ရာစုအထိ တောင်အာရှဒေသ၏ နယ်မြေအများအပြား သည် ယင်းအင်ပါယာအတွင်း သွတ်သွင်းခံခဲ့ရ သည်။

စည်းရုံးသိမ်းသွင်း

ယနေ့ တရုတ်နိုင်ငံဟုသိရှိကြသော ရှေးဟောင်း “ပြည်ကြီးတွင်ရစ် ဂန္ဓာလရာဇ် တိုင်းပြည်တွင် “မင်မင်းဆက် ပေါ်ထွန်းခဲ့ သည်။ မွန်ဂိုဦးဆောင်သော ယွန်မင်းဆက် ကျဆုံးခဲ့ပြီးနောက် ၁၃၆၈ ခုနှစ်မှ ၁၆၄၄ ခုနှစ် အထိ “မင်မင်းဆက် စိုးစံသည်။ တရုတ် ရှေးဟောင်းယဉ်ကျေးမှုသည် မြစ်ဝါမြစ်ဝှမ်း ဒေသမှ တရုတ်ပြည် မြောက်ပိုင်းတစ်ခွင်တွင် စတင်ပေါ်ထွန်းခဲ့သည်။ နှစ်ပေါင်း ခြောက် ထောင်ကျော်မျှ သက်ဦးဆံပိုင် ဘုရင်စနစ် ဖြင့် နိုင်ငံတော်ကို အုပ်ချုပ်လာခဲ့သည်။ မင်းဆက်ပေါင်းများစွာရှိသည့်အနက် ပထမဆုံး မင်းဆက်မှာ ဘီစီ ၂၀၀၀ ခန့်က စတင်ခဲ့သည်။ ဘီစီ ၂၂၁ ခုနှစ် “ချင်မင်းဆက် လက်ထက်တွင် နိုင်ငံတော်ကို တစည်းတလုံးတည်း စည်းရုံး သိမ်းသွင်းနိုင်ခဲ့သည်။

၁၈ ရာစုသည်ကား “စက်မှု တော်လှန်ရေး စတင်ခဲ့သော ခေတ်ကာလပါပေတည်း။ နည်းပညာသစ်များဖြင့် ခေတ်သစ်ကမ္ဘာကို တည်ဆောက်ခဲ့ကြသည်။ တစ်ချိန်တည်းမှာ ပင် ဗြိတိသျှနှင့် ဒတ်ခ်ျအင်အားစုတို့က ကမ္ဘာ့ တိုက်ကြီးများအထိ နယ်မြေဖြန့်ကြက်ကာ အာဏာကို တည်ဆောက်နိုင်ခဲ့ကြသည်။ အမေရိကတိုက်များနှင့် အရှေ့အိန္ဒိယကျွန်းစု တို့သို့တိုင် နယ်မြေဖြန့်ကြက်ခဲ့ကြသည်။ တခြား သော ကိုလိုနီ အရှင်သခင်ကြီးများကလည်း အလားတူပင် နယ်မြေပိုင်စိုးမှုကို တိုးချဲ့ခဲ့ကြ သည်။ ယင်းနောက်တွင်မူ ကိုလိုနီနယ်မြေများ က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် အသီး သီး တိုက်ပွဲဝင်ခဲ့ကြလေသည်။

၁၉၀၀ ပြည့်နှစ်သည် ကမ္ဘာ့သမိုင်းတွင် နိုင်ငံများအချင်းချင်း ယှဉ်ပြိုင်မှု အလွန် ကြီးမားလှသော ခေတ်တစ်ခေတ်ကို ထင်ဟပ် လျက်ရှိသည်။ အရင်းရှင်နိုင်ငံကြီးများ အချင်း ချင်း ပြိုင်ဆိုင်မှုပြင်းထန်လာရကား ပထမ ကမ္ဘာစစ်ကြီး(၁၉၁၄-၁၈ ခုနှစ်) ဖြစ်ပွားခဲ့သည်။ ကမ္ဘာစစ်ကြီးဖြစ်စေသော အကြောင်းတရား များကိုကြည့်လျှင် ကိုလိုနီနယ်မြေများ အပြိုင်အဆိုင်ရှာဖွေလာခြင်း၊ အမျိုးသားရေး ဝါဒများ ပြင်းထန်လာခြင်း၊ မဟာမိတ်စစ်အုပ်စု များ အပြိုင်အဆိုင်ဖွဲ့စည်းလာကြခြင်းနှင့် လက်နက်အပြိုင်အဆိုင် တပ်ဆင်လာကြခြင်း တို့ကို တွေ့မြင်နိုင်သည်။

ကြောက်ခမန်းလိလိ

ယနေ့ကာလ ကမ္ဘာ့ထိပ်သီး အင်အားကြီး နိုင်ငံများအချင်းချင်း ယှဉ်ပြိုင်မှု လွန်ကဲလာ သည်နှင့်အမျှ ကမ္ဘာကြီးသည် ၁၉၀၀ ပြည့်နှစ် အခြေအနေသို့ ပြန်လည်ဦးတည်နိုင်ခြင်းမှာ ကျွန်ုပ်တို့ ကမ္ဘာသားများအားလုံးအတွက် ကြက်သီးမွေးညင်း ထရလောက်အောင်ပင် ကြောက်ခမန်းလိလိ မှတ်သားမိစရာဖြစ်ရ၏။

ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ကာလ (၂၀၀၇-၂၀၁၂) အတွင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရသူ ဇိုးလစ်သည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် လည်း ကောင်း၊ ကမ္ဘာ့အစိုးရအဖွဲ့များနှင့် လည်း ကောင်း ယင်းအကျပ်အတည်းကိုဖြေရှင်း နိုင်ရန် ကြိုးပမ်းစွမ်းဆောင်နိုင်ခဲ့သူဖြစ်ပေရာ သူ၏ သတိပေးချက်မှာ ပေါ့ပေါ့တန်တန် မဟုတ်လှချေ။

ဤတွင် ဇိုးလစ် မည်သူမည်ဝါဖြစ် သနည်းဟု ကျွန်ုပ် စေ့ငုမိပြန်၏။

ရောဘတ်ဘရုဇ်ဇိုးလစ်ဟု အမည်နာမ အပြည့်အစုံရှိသော ပုဂ္ဂိုလ်ဟူသည်ကား ဂျာမန်နွယ်ဖွား အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီးလျှင် သူသည် ကမ္ဘာ့ဘဏ်၏ ၁၁ ဦး မြောက် ဥက္ကဋ္ဌအဖြစ် ၂၀၀၇ ခုနှစ် ဇူလိုင် ၁ ရက်မှ ၂၀၁၂ ခုနှစ် ဇူလိုင် ၁ ရက်အထိ ငါးနှစ် တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူပါပေတည်း။

ဇိုးလစ်သည် ချီကာဂိုမြို့အနီး နာပါဗီးလ် မြို့တွင် ကြီးပြင်းခဲ့သည်။ သမိုင်း ဘာသာရပ် ဖြင့် ဝိဇ္ဇာဘွဲ့၊ ဥပဒေဘွဲ့၊ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့တို့ကို အထင်ကရ တက္ကသိုလ်ကြီး များမှ ဆွတ်ခူးရရှိခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ ရီပတ်ဘလီကန် သမ္မတ သုံးဦး အဆက်ဆက်လက်ထက်တွင် အစိုးရ အဖွဲ့အစည်း၌ အလုပ်လုပ်ကိုင်ခဲ့သည်။ သမ္မတ ရော်နယ်ရီဂင်၏လက်ထက်တွင် ဘဏ္ဍာရေး ဌာန၏ ဒုတိယလက်ထောက်ဝန်ကြီးအဖြစ် ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တာဝန်ထမ်း ဆောင်ခဲ့သည်။

အမေရိကန်အိမ်ဖြူတော်၏ ဒုတိယ အတွင်းဝန်ချုပ် တာဝန်နှင့် သမ္မတ၏ လက်ထောက်တာဝန်တို့တွင် (၁၉၉၂-၉၃ ခုနှစ်)ထမ်းဆောင်ခြင်းမရှိမီ သမ္မတ ဂျော့ဂ်ျ ဒဗလျူဘုရှ် အစိုးရအဖွဲ့တွင် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သည်။

ပညာရှင်တစ်ဦးအဖြစ်

ဂျာမနီနှစ်နိုင်ငံ ပေါင်းစည်းရေးဆွေးနွေး ပွဲများတွင် အမေရိကန်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန်ရေတပ် အကယ်ဒမီနှင့် ကနေဒီ အုပ်ချုပ်မှုပညာသင် ကောလိပ်တို့တွင်လည်း ပညာရှင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတ ဂျော့ဂ်ျဒဗလျူဘုရှ်၏ အကြံပေးပုဂ္ဂိုလ် အဖြစ် ရပ်တည်ခဲ့ပြီး ဘုရှ် အာဏာရရှိချိန်တွင် အစိုးရအဖွဲ့အစည်း၌ အလုပ်လုပ်ကိုင်ခဲ့သည်။

ဇိုးလစ်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ် အထိ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် အဖြစ် တာဝန်ယူချိန်တွင် ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စု အကြား လွတ်လပ်သောကုန်သွယ်ရေး သဘောတူ စာချုပ် အများအပြား ချုပ်ဆိုနိုင်စေရန် ညှိနှိုင်း ရေးမှူးတစ်ဦးအဖြစ် ကျေပွန်ခဲ့သည်။

ဇိုးလစ်၏ စေ့စပ်ဆွေးနွေးပေးမှုများမှာ အရာထင်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို)သို့ တရုတ်နိုင်ငံနှင့် တရုတ် (တိုင်ပေ) တို့ ဝင်ရောက်လာနိုင်စေရန် စွမ်းဆောင် နိုင်ခဲ့သည်။

သူ၏ ကြိုးပမ်းချက်အရ ၂၀၀၂ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေကို ကွန်ဂရက် လွှတ်တော်က အတည်ပြုပေးနိုင်ခဲ့သည်။

၂၀၀၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အမေ ရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ရာတွင် အထူးအားဖြင့် တရုတ် နိုင်ငံနှင့် ဆူဒန်နိုင်ငံတို့နှင့်ပတ်သက်နေသော ကိစ္စအဝဝများနှင့် ပတ်သက်၍ ထူးထူး ခြားခြား ကိုင်တွယ်နိုင်စွမ်းကို ပြသနိုင်ခဲ့သည်။

၂၀၀၆ ခုနှစ် ဇွန်လတွင် အစိုးရတာဝန်မှ အနားယူခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံရေးဘဏ် ဖြစ်သော Goldman Sachs ဘဏ်တွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ အဆိုပါဘဏ်ကြီးသည် နိုင်ငံတကာတွင် ဖြန့် ကြက်လုပ်ကိုင်နေသော ဘဏ်ကြီးဖြစ်သည်။

၂၀၀၇ ခုနှစ် မေလ ၃၀ ရက်တွင် သမ္မတ ဘုရှ်က ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် ဇိုးလစ်အား အမည်စာရင်းတင်သွင်းခဲ့သည်။ ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့သည် ယင်းနှစ် ဇွန်လ ၂၅ ရက်တွင် ဇိုးလစ်အား ဥက္ကဋ္ဌအဖြစ် အတည် ပြုပေးခဲ့သည်။

သုခမိန်အကြံပေးပုဂ္ဂိုလ်ကြီး

သမ္မတအဆက်ဆက် သမ္မတ၏ သုခမိန် အကြံပေးပုဂ္ဂိုလ်ကြီးအဖြစ် ဦးဆွေးဆံမြည့် အမှုတော်ထမ်းရွက်ခဲ့သော ဇိုးလစ်သည် ယနေ့ ခေတ်ကာလတွင် ဖြစ်ပေါ်နေသော ကမ္ဘာ့ စီးပွားရေး ဆုတ်ယုတ်မှု ပြဿနာနှင့်ပတ်သက်၍ အဖြေရှာနေသူတစ်ဦးအဖြစ် ကျွန်ုပ်သတိမူ မိ၏။

ဇိုးလစ်သည် အမေရိကန်ပြည်ထောင်စု ၏ လက်ရှိသမ္မတကြီး ဒေါ်နယ်ထရမ့်အား အားမလိုအားမရဖြစ်နေပုံကို ဘီဘီစီသတင်း ဌာန၏ လူတွေ့မေးမြန်းခန်းတွင် ရင်ဖွင့်ခဲ့သည်။

ကျုပ်ကတော့ ဒေါ်နယ်ထရမ့်ကို အစ ကတည်းက ဆန့်ကျင်ခဲ့သူပါ။ သူ့ရဲ့ မူဝါဒ ရပ်တည်ချက်ကို ကျုပ်မနှစ်မြို့သလို သူ့ရဲ့ ဝိသေသ လက္ခဏာတွေမှာ အားနည်းချက်တွေ ရှိတယ်လို့ ကျုပ်ယူဆတယ်။

သမ္မတထရမ့်သည် အမေရိကန်ပြည် ထောင်စု ၏ ပင်မမဏ္ဍိုင်အဖွဲ့ အစည်းကြီးများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတို့နှင့် တွေ့ထိဆက် ဆံပုံအရ မိမိစိုးရိမ် ပူပန်မှုများရှိရသည်ဟု ဇိုးလစ်ကဆိုသည်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ ကပ်ရောဂါဆိုးကြီး ဖြစ်ပေါ်နေချိန်တွင် ရောဂါ ထိန်းချုပ်ရေး သမ္မတ၏ ကိုင်တွယ် ဆောင်ရွက်ပုံ နှင့်ပတ်သက်၍လည်း မေးခွန်းထုတ်စရာ ကောင်းသည်ဟု ဇိုးလစ်က ညည်းတွားသည်။

စိုးရိမ်ပူပန်ခြင်းကြီးစွာ

အာရှဒေသတွင် တရုတ်နိုင်ငံက တန်ခိုး အာဏာလွှမ်းမိုးမည့် လက္ခဏာများ ပြသနေ ချိန်တွင် သမ္မတထရမ့်က အမေရိကန်၏မဟာ မိတ်နိုင်ငံများအပေါ် သံသယစိတ်ဝင်ခြင်း၊ ကိုယ် ကျိုးစီးပွားကာကွယ်ရေးဝါဒ ကျင့်သုံးခြင်းတို့ ပြုလုပ်နေခြင်းကြောင့် အာရှဒေသရှိ မိမိတို့ ၏ မဟာမိတ်နိုင်ငံများ စိုးရိမ်ပူပန်ခြင်းကြီးစွာ ဖြစ်ပေါ်ရသည်ဟု ယူဆမိကြောင်း ဇိုးလစ်က ဘီဘီစီသို့ ပြောကြားခဲ့သည်။

ဇိုးလစ်ရေးသားပြုစုသော စာအုပ်သစ် တစ်အုပ် ဖြစ်သည့် “America in the World: A History of US Diplomacy and Foreign Policy” အမည်ရှိ စာအုပ်တွင် ကမ္ဘာ့စီးပွားရေး ကျဆင်းလာမှုပြဿနာကို အဖြေရှာနိုင်ရန် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှုလျှော့ချကာ စီးပွားရေးအရ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပုံကိုတင်ပြထားသည်ဟု ဘီဘီစီ သတင်းဌာန၏ ဖော်ပြချက်ကို ကျွန်ုပ်အလေး မူမိရင်း “အကြောင်းရှာတော့ ခေါင်းမှာ ချာချာ လည်ဟု ကျူးရင့်မိပါသတည်း။ ။

Ref: Ex-World Bank head Robert Zoellick: ‘The world could look like 1900 again’ – BBC

ကိုရင်ဩ