အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ဒုတိယအကြိမ်) ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂

အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ဒုတိယအကြိမ်) ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-II) ၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ နေပြည်တော်ကောင်စီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီဝင်များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ယခုကဲ့သို့ တိုင်းဒေသကြီး၊ နေပြည်တော်အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီး ဒေသခံပြည်သူများ၏ အသံကို ထင်ဟပ်သည့် ဆွေးနွေးချက်များကို မူဝါဒအဖြစ် စုစည်းပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးသို့ တင်သွင်းနိုင်မည်ဆိုပါက လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို ပါဝင်သင့်သူအားလုံး ပါဝင်နိုင်ရန် နိုင်ငံရေးဆွေးနွေးပွဲများတွင် အနာဂတ်မျိုးဆက်သစ်များအတွက် ရေရှည်အရေး မျှော်တွေး၍ မေတ္တာတရားကို အခြေခံသည့် ရိုးသားစာနာမှုများနှင့်အတူ စိတ်ရှည်သည်းခံ ဖြေရှင်းခြင်းဖြင့် ငြိမ်းချမ်းရေး ကောင်းမွေကို လက်ဆင့်ကမ်းနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ယခုဆွေးနွေးပွဲမှ ပိုမိုကောင်းမွန်သည့် အဖြေများ ရရှိစေနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)၏ အလုပ်အဖွဲ့ခေါင်းဆောင် ဦးနိုင်ငံလင်းနှင့် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့ အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ (UCCPF) ဝင်များကိုယ်စား ကော်မတီဝင် ဦးနော်ထွဲတို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ဒုတိယအကြိမ်) ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် ဖိုရမ်ကိုစတင်ကျင်းပရာ ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကော်မတီ(UCCPF) ဝင် စောကျော်စွာက ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရခြင်း ရည်ရွယ်ချက်ကို လည်းကောင်း၊ ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကော်မတီ(UCCPF) ဝင် ဦးအောင်မိုင်းဆန်းက ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့်နှင့် မူဝါဒစာတမ်း ထွက်ပေါ်လာစေရေး လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။

 

ဆက်လက်၍ ဖက်ဒရယ်အခြေခံမူဝါဒဆိုင်ရာ အကြံပြုစာတမ်းနှင့် ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာ မူဝါဒအကြံပြုစာတမ်းတို့ကို ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကော်မတီ (UCCPF) သို့ အပ်နှံခြင်းကို ဆောင်ရွက်ကြပြီး အဆိုပါ စာတမ်းများကို ကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ကိုယ်စားလှယ်များက ဖတ်ကြားကြသည်။

 

ထို့နောက် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကော်မတီဝင် ဦးကျော်ဇင်နှင့် ဆွေသဟာတို့က လိုအပ်သော စီမံရေးရာနှင့် ဘဏ္ဍာရေးရာကိစ္စရပ်များကို ရှင်းလင်းပြောကြားကြပြီး ဖိုရမ်ပထမနေ့ကို ရပ်နားလိုက်သည်။

 

အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်သည့် CSO Forum မှတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ကျင်းပရေး ပူးတွဲကော်မတီ၏ လုပ်ငန်းကော်မတီသို့ တင်သွင်းရမည့် စာတမ်းနှစ်စောင်ကို နိုင်ငံတစ်ဝန်းရှိ အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း၍ စုစည်းရန်၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှု တိုးမြှင့်လာစေရန်၊ အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို တိုးချဲ့နိုင်ရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ပူးတွဲကော်မတီအကြား ပိုမိုနားလည်မှု၊ ယုံကြည်မှုနှင့် အပြန်အလှန်လေးစားမှု တိုးမြှင့်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)