အကာက အလှ - အနှစ်က ပညာ

၂၁  ဒီဇင်ဘာ

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

တက္ကသိုလ်ဆိုသည်မှာ အလွန်ပျော်စရာကောင်းသော နေရာတစ်ခုဖြစ်ကြောင်း တက်ရောက်ဖူးသူတိုင်း သိရှိ ကြသည်သာ ဖြစ်ပါသည်။ ကျောင်းသား ကျောင်းသူများ အနေဖြင့် ပျော်စရာကောင်းသည်မှာ တက္ကသိုလ်၌ ပွဲအမျိုးမျိုး စဉ်ဆက်မပြတ် ကျင်းပနေတတ်သောကြောင့် ဖြစ်ပါသည်။ ထိုပွဲအမျိုးမျိုးသည် ပျော်ပွဲရွှင်ပွဲသက်သက် အနေဖြင့် ကျင်းပနေခြင်းတော့ မဟုတ်ပါချေ။ ကျောင်းသား ကျောင်းသူတစ်ယောက်သည် တက္ကသိုလ်၌ မိမိဖြစ်ချင် သည့်ဘဝကို အစမ်းသဘောဖြင့် ပါဝင်ဆင်နွှဲနိုင်သော အစမ်းလေ့ကျင့်နိုင်သည့်ပွဲများသာ ဖြစ်ပါသည်။ ထို့ကြောင့် တက္ကသိုလ်တွင် မိမိဖြစ်ချင်သမျှ အကုန်ဖြစ်သည်ဟု ပြောစမှတ်ပြုကြရခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆိုရလျှင် အဆိုတော်ဖြစ်လိုသူသည် တက္ကသိုလ်၌ ကျင်းပ လေ့ရှိသော အနုပညာအသင်းဖျော်ဖြေပွဲများ၊ အဆောင် ညစာစားပွဲများ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲများတွင် မိမိနှစ်သက်ရာသီချင်းကို ပါဝင်သီဆိုနိုင်ပုံမျိုး ဖြစ်ပါသည်။ ထိုသို့သီဆိုခဲ့ကြရာမှ နောက်ပိုင်းတွင် နိုင်ငံကျော် အဆိုတော်ဖြစ်သွားသူများလည်း ရှိကြပါသည်။

ကိုယ်တိုင်ဝင်ရောက် ဆင်နွှဲတတ်ခြင်း

ကျွန်တော့်ဝါသနာက တစ်မျိုးဖြစ်ပါသည်။ သူများ နှင့်မတူသော ကျွန်တော့်ဝါသနာမှာ စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ စကားရည်လုပွဲများ တက်ရောက်ခြင်း နှင့် အခွင့်ရပါက ကိုယ်တိုင်ဝင်ရောက် ဆင်နွှဲတတ်ခြင်းပင် ဖြစ်ပါသည်။

တက္ကသိုလ်တွင် ကျင်းပလေ့ရှိသော စာတမ်းဖတ်ပွဲ များမှာ အမျိုးအစား အမျိုးမျိုးရှိပါသည်။ ယင်းတို့မှာ-

(၁) စာတမ်းဖတ်ပွဲ (seminar or symposium)၊

(၂) အလုပ်ရုံဆွေးနွေးပွဲ (workshop)နှင့်

(၃) နှီးနှောဖလှယ်ပွဲ (conference) တို့ ဖြစ်ပါ သည်။

(၁) စာတမ်းဖတ်ပွဲ (seminar or symposium) ဆိုသည်မှာ သတ်မှတ်ထားသော ခေါင်းစဉ်တစ်ခုအပေါ်တွင် သတ်မှတ်ထားသော အုပ်စုတစ်စုက ဝိုင်းဝန်း ဆွေးနွေးကြသည့် ပွဲမျိုးဖြစ်ပါသည်။ စာတမ်းဖတ်ပွဲသည် လက်ငင်းဆောင်ရွက်နေသည့် သုတေသနကို အများရှေ့တွင် လက်တွေ့ချပြသည့်သဘောကို ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်သည်။

(၂) အလုပ်ရုံဆွေးနွေးပွဲ (workshop) ဆိုသည်မှာ စာတမ်းဖတ်ပွဲနှင့် ဆင်တူသည်။ မတူညီသည့်အချက်မှာ အလုပ်ရုံဆွေးနွေးပွဲသည် စာတမ်းဖတ်ပွဲထက် ပို၍ လက်တွေ့ဆန်ပြီး သီအိုရီကို လက်တွေ့နှင့် ပေါင်းစပ် ပေးသည့်သဘောဖြစ်သည်။ အများအားဖြင့် အလုပ်ရုံ ဆွေးနွေးပွဲသည် တစ်နာရီခန့်သာ ကြာမြင့်လေ့ရှိသည်။

(၃) နှီးနှောဖလှယ်ပွဲ (conference) ဆိုသည်မှာ ပုံစံတကျကျင်းပသည့် ဆွေးနွေးပွဲတစ်မျိုး ဖြစ်သည်။ နှီးနှောဖလှယ်ပွဲများတွင် တစ်ပြိုင်နက်တည်း ကျင်းပ နေသည့် အစည်းအဝေးခန်းများလည်း အပြိုင်ပါဝင်လေ့ ရှိသည်။ နှီးနှောဖလှယ်ပွဲများတွင် သက်ဆိုင်ရာပညာရပ် နယ်ပယ်၌ တတ်သိကျွမ်းကျင်သောပညာရှင်များ တက်ရောက်လေ့ရှိကြပြီး တက်သစ်စ သုတေသန ပညာရှင်များ၏ တွေ့ရှိချက်များကို မိမိထက်ဝါရင့်သော အရည်အချင်းတူ ပညာရှင်များထံ တင်ပြနိုင်သည့် အခွင့် အလမ်းရရှိစေနိုင်ပါသည်။

ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ

ရန်ကုန်တက္ကသိုလ်တွင် ကျွန်တော့်တစ်သက်တာ မမေ့နိုင်သော ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခု ရှိခဲ့ဖူးပါသည်။ နှီးနှောဖလှယ်ပွဲ၏အမည်မှာ (၂၄) ကြိမ်မြောက် အရှေ့တောင်အာရှ ဘာသာဗေဒနှီးနှောဖလှယ်ပွဲ (24th Meeting of the Southeast Asian Linguistics Society - SEALS24 Conference) ဖြစ်ပါသည်။ ထိုနှီးနှောဖလှယ်ပွဲ ကြီးများကို ၁၉၉၁ ခုနှစ်မှစ၍ တစ်နှစ်လျှင်တစ်ကြိမ် ကမ္ဘာတစ်ဝန်းလုံးရှိ တက္ကသိုလ်ကြီးများ၌ တစ်နှစ်မပြတ် လှည့်လည်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ကျင်းပခဲ့ဖူးသော နိုင်ငံတကာတက္ကသိုလ်များစွာအနက် ထင်ရှားသော တက္ကသိုလ်ကြီးအချို့ကို ဖော်ပြရလျှင်-

- ၁၉၉၁ ခုနှစ်၌ အမေရိကန်ပြည်ထောင်စု အရီဇိုးနား ပြည်နယ်တက္ကသိုလ်၊

- ၁၉၉၃ ခုနှစ်၌ အမေရိကန်ပြည်ထောင်စု ဟာဝိုင်ရီ တက္ကသိုလ်၊

- ၁၉၉၈ ခုနှစ်၌ မလေးရှားအမျိုးသားတက္ကသိုလ်၊

- ၂၀၀၁ ခုနှစ်၌ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၊

- ၂၀၀၂ ခုနှစ်၌ အမေရိကန်ပြည်ထောင်စု နော့သင်းအီလီ နွိုက်တက္ကသိုလ်၊

- ၂၀၀၅ ခုနှစ်၌ သြစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ်၊

- ၂၀၀၆ ခုနှစ်၌ အင်ဒိုနီးရှားနိုင်ငံ အတ်မာဂျာယာ တက္ကသိုလ်၊

- ၂၀၀၉ ခုနှစ်၌ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ လူမှု သိပ္ပံနှင့် လူမှုဘာသာရပ်တက္ကသိုလ်၊

- ၂၀၁၀ ပြည့်နှစ်၌ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တက္ကသိုလ် စသည်တို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်တွင် ထိုနှီးနှော ဖလှယ်ပွဲကျင်းပခဲ့သည့်နေ့ရက်မှာ ၂၀၁၄ ခုနှစ် မေလ ၂၇ ရက်မှ ၃၁ ရက်နေ့အထိဖြစ်ပြီး ကျင်းပခဲ့သည့်နေရာမှာ မာလာဆောင် (ထိုအချိန်က National Centre for English Language) တွင် ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း များစွာမှ ပညာရှင် ၉၀ ခန့်၏ စာတမ်းပေါင်း အစောင် ၉၀ ခန့်ကို ဖတ်ကြားတင်သွင်းခဲ့ကြပါသည်။ အထူးဖိတ်ကြား ထားသော ဧည့်သည်တော်ပညာရှင်များ၏ မျက်နှာ စုံညီလက်ချာ (Plenary Lecture)နှင့် ဘာသာစကား ပေါ်လစီနှင့် ပတ်သက်သော လက်ရွေးစင်အဖွဲ့လိုက် ဦးဆောင်ဆွေးနွေးပွဲဖြစ်သည့် Special Panel on Language Policy လည်း ပါဝင်ပါသည်။ ထိုမျှမကသေးပါ။ နှီးနှောဖလှယ်ပွဲအမျိုးအစားဖြစ်သဖြင့် အလုပ်ရုံဆွေးနွေးပွဲ သင်တန်းအနေဖြင့် ဘာသာစကားသုတေသနဆိုင်ရာ ဆော့ဖ်ဝဲလ်များဖြစ်သော ဖလက်ဆော့ဖ်ဝဲလ် (FLeX software training) သင်တန်းနှင့် ပရတ်ဆော့ဖ်ဝဲလ် (Praat software training) သင်တန်းတို့လည်း ပူးတွဲပါဝင်လိုက်ပါ သေးသည်။

တစ်သက်တာတွင် အပျော်ဆုံးအချိန်

စာတမ်းဖတ်ပွဲဝါသနာပါသော ကျွန်တော့်အနေဖြင့် တစ်သက်တာတွင် အပျော်ဆုံးအချိန်ဟုပင် ဆိုရပါလိမ့်မည်။ ကျွန်တော်နှင့်ဆိုင်သော ပညာရပ်နယ်ပယ်ဖြစ်သည့် ဘာသာဗေဒ (Linguistics) ပညာရပ်ကို တစ်ကမ္ဘာလုံးမှ တက္ကသိုလ်အသီးသီးရှိ အကျော်အမော်ပညာရှင် ပါမောက္ခကြီးများက ကျွန်တော်တို့၏နိုင်ငံသို့ ကိုယ်တိုင်လာရောက်၍ ကျွန်တော်တို့၏ အမိရန်ကုန်တက္ကသိုလ်တွင် ဆွေးနွေးပို့ချ နေကြခြင်းဖြစ်သည်။ ထို့အပြင် နှီးနှောဖလှယ်ပွဲခေါင်းစဉ် ဆိုင်ရာအကြောင်းရပ်ကလည်း အရှေ့တောင်အာရှဘာသာ စကားများဆိုင်ရာ နှီးနှောဖလှယ်ပွဲဖြစ်နေရာ မိမိပညာရပ် နယ်ပယ်နှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် ကျွန်တော့်အနေ ဖြင့် မည်သည့်နိုင်ငံသို့မျှ နိုင်ငံခြားပညာတော်သင်အဖြစ် မသွားမရောက်ရပါဘဲနှင့် မိမိနိုင်ငံတွင် မိမိပညာရတနာပုံ ဆိုက်နေသည့်ကိန်းနှင့် ကြုံတွေ့နေရပါတော့သည်။

ကမ္ဘာတစ်ဝန်းလုံးမှ ဘာသာဗေဒပညာရှင်များက အရှေ့တောင်အာရှဒေသသုံး ဘာသာစကားများကို သိပ္ပံ နည်းကျ သုတေသနပြုလုပ်၍ စာတမ်းများစွာကို တင်သွင်းဖတ်ကြားခဲ့ကြပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းတွင် အသုံးပြုနေသည့် မြန်မာဘာသာစကားအပါအဝင် တိုင်းရင်းသား ဘာသာစကားများ ဖြစ်ကြသော ကချင် (ဂျိန်းဖော့) ဘာသာစကား၊ ချင်း ဘာသာစကား၊ သက် ဘာသာစကား၊ ရဝမ် ဘာသာစကား၊ ကရင် ဘာသာစကား၊ လော်ဝေါ် (မရူ) ဘာသာစကား၊ ဒနော့ (ထနော့) ဘာသာ စကားတို့နှင့်သက်ဆိုင်သော စာတမ်းများစွာကိုလည်း တင်သွင်းဖတ်ကြားခဲ့ကြပါသည်။

ထိုနှီးနှောဖလှယ်ပွဲကြီးသို့ ကျွန်တော့်ဆရာများ ဖြစ်ကြသော မြန်မာစာဌာနမှ ဆရာကြီး ဆရာမကြီးများ၊ အင်္ဂလိပ်စာဌာနမှ ဆရာကြီး ဆရာမကြီးများ၊ လုပ်ဖော်ကိုင်ဖက် ဆရာ ဆရာမ အများအပြားလည်း စိတ်ဝင်တစား လာရောက်တက်ရောက်ကြ၊ ကိုယ်တိုင်ဝင်ရောက်ဆွေးနွေး ကြသည်ကိုလည်း အားရဖွယ်တွေ့ရပါသည်။ ကျွန်တော် ကိုယ်တိုင်လည်း “Grammaticalization Process for Dealing With the Elements of Myanmar Verb Phrases” စာတမ်းကို ဖတ်ကြားတင်သွင်းပြီး နိုင်ငံတကာပညာရှင်များ ထံမှ အကြံပြုချက်များစွာကို လက်ခံရယူနိုင်ခဲ့ပါသည်။ စာတမ်းဖတ်ကြားရာ အခန်းအသီးသီးသို့ အပြေးအလွှား တက်ရောက်၍လည်း ရသမျှပညာကို အရယူနိုင်ခဲ့ပါသည်။

အကာက အလှ - အနှစ်က ပညာ

တက္ကသိုလ်ဆိုသည်မှာ “တက္က+သီလ” ကြံစည်သော အလေ့အကျင့်တည်ရှိသောနေရာဟု အဓိပ္ပာယ် ဖွင့်ဆိုကြသည်နှင့်အညီ တက္ကသိုလ်ရှိ ပွဲပေါင်းများစွာ အနက် ကြံစည်ခြင်းအလေ့အထကို မြေတောင်မြှောက် ပေးသော စာတမ်းဖတ်ပွဲ/ အလုပ်ရုံဆွေးနွေးပွဲ/ နှီးနှော ဖလှယ်ပွဲများသည် များစွာအရေးပါလှကြောင်း တင်ပြ ရင်း ထိုထိုသောပွဲပေါင်းများစွာကို စီစဉ်ကျင်းပပေးနိုင်ခဲ့ သော ရန်ကုန်တက္ကသိုလ်ကြီးကို အားပါးတရ ဂုဏ်ပြု လိုက်ရပါသည်။ ပွဲပေါင်းများစွာဖြင့် စည်ကားနေသော ကျွန်တော်တို့၏ အမိရန်ကုန်တက္ကသိုလ်ကြီးသည် အကာ က အလှ - အနှစ်က ပညာ ဟု မော်ကွန်းတင်လိုက်ရပါ တော့သည်။ ။

(ထိုနှီးနှောဖလှယ်ပွဲကြီးဖြစ်မြောက်အောင်စီစဉ်ခဲ့ကြသော လန်ဒန်တက္ကသိုလ်မှ ပါမောက္ခ Professor Dr. Justin Watkins၊ SIL မှ International Language Assessment Coordinator Mr. John W. Eppele၊ ဦးဆောင်ဆွေးနွေးခဲ့သော သြစတြေးလျနိုင်ငံ La Trobe University မှ ပါမောက္ခ Professor David Bradley နှင့် စာတမ်းတက်ရောက်ဖတ်ကြားခဲ့ကြသူ ဂျပန်နိုင်ငံမှ မိတ်ဆွေပါမောက္ခများဖြစ်ကြသည့် Professor Hideo Sawada နှင့် Professor Atsuhiko Kato တို့အား လည်းကောင်း၊ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနနှင့် ရန်ကုန်တက္ကသိုလ်တို့မှ တာဝန်ရှိသူတို့အားလည်းကောင်း၊ အဘက်ဘက်မှ အားပေးကူညီဆောင်ရွက်ပေးခဲ့သော ဆရာမကြီး ဒေါ်မာလေးအားလည်းကောင်း အမှတ်တရကျေးဇူးတင်ရှိ ပါကြောင်း မှတ်တမ်းပြုလိုပါသည်။)

ဒေါက်တာထွန်းအောင်ကျော် (မြန်မာစာ)