အိပ်မက်လမ်းသို့ ခရီးရှည်(၁)

မြင့်စိုး(နတလ)

ကျွန်တော့်ဘဝတွင် ဒေသတစ်ခုထဲက မြို့တစ်မြို့ (သို့မဟုတ်) ရွာတစ်ရွာသို့ နှစ်ကြိမ်နှစ်ခါ ပြန်၍ပြန်၍ ရောက်လေ့ရောက်ထ ရှိကြောင်းကို မကြာခဏ ရေးသားတင်ပြခဲ့ဖူးပါသည်။ ယခုလည်းပဲ မလိခမြစ်ရေကို သောက်ခဲ့မိရော့ထင့်။ ကချင်ပြည်နယ် အတွင်းက ပူတာအို၊ မချမ်းဘော့၊ နောင်မွန်နှင့် မဂွေဇဒေသများသို့ ဒုတိယအကြိမ်မြောက် ရောက်ခွင့်ကြုံခဲ့ပြန်ပါပြီ။

ပန်နန်းဒင်မြို့လေးကတော့ မသေချာ၊ ယခုခရီးစဉ်အား ကျွန်တော်တစ်ဦးတည်း ထွက်လာသည် မဟုတ်၊ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်မြင်သံကြားမှ ရိုက်ကူးရေးအဖွဲ့ဝင် ခြောက်ဦးလည်း လိုက်ပါလာခဲ့သည်။ ထမ်းဆောင်ရမည့် တာဝန်မှာ နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူ ဖောက်လုပ်ပေးနေသော မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင် ဖောက်လုပ်ပြီးစီးမှု အခြေအနေ၊ ပူတာအို၊ မချမ်းဘော့၊ နောင်မွန်၊ ပန်နန်းဒင်၊ ခေါင်လန်ဖူးဒေသများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ယင်းဒေသများရှိ သဘာဝ ပတ်ဝန်းကျင်ကောင်းများ ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေတို့ အပါအဝင် ယခုကားလမ်းကြီး ဖောက်လုပ်ပြီးစီးသွားပါက ပညာရေး၊ ကျန်းမာရေးမှအစ ပြောင်းလဲတိုးတက်သွားမည့် အခြေအနေများကို မှတ်တမ်းတင် ရိုက်ကူးပုံဖော်တင်ပြနိုင်ရန် ဖြစ်ပါသည်။

မြစ်မင်းဧရာဝတီ

မလိခမြစ်ရေကို သောက်မိ၍ ပူတာအိုဒေသသို့ ရောက်တာ မရောက်တာ အပထား။ မေခနှင့် မလိခမြစ် နှစ်သွယ်ကိုတော့ ကျွန်တော် သံယောဇဉ်ရှိခဲ့မိတာ အမှန်ပင်။ မြစ်ကြီးနားမြို့သို့ ရောက်တိုင်း ထိုမြစ်နှစ်သွယ်ဆုံရာ မြစ်ဆုံဒေသသို့ သွားရောက် ခဲ့မိသည်ချည်းသာ။ မြစ်ဆုံဆိုသည့်အတိုင်း နောင်မွန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်များကို ဖြတ်သန်းစီးဆင်းလာသော မေခမြစ်နှင့် ပူတာအိုမြောက်ဘက်က ရေခဲတောင်များရှိရာ အရပ်ဆီမှ မြစ်ဖျားခံ စီးဆင်းလာသည့် မလိခမြစ်သို့ လာရောက်ပေါင်းဆုံရာဒေသ။ တစ်နည်းအားဖြင့်ဆိုသော် မြစ်မင်းဧရာဝတီ၏အစ ထူးခြားလှပသော နေရာတစ်ခု ပါပေ။ ရဝမ်တိုင်းရင်းသား ဘာသာစကားအရဆိုလျှင် မေခမြစ်ကို ‘ရမေထီ’ ဟုခေါ်ပြီး အဓိပ္ပာယ်မှာ ရေစီးကြမ်းသောမြစ် ဖြစ်သည်။ ထို့အတူ မလိခမြစ်ကိုတော့ ‘မလိထီ’ ဟုခေါ်တွင်ကြပြီး ရေစီးညင်သာသော မြစ်ရယ်လို့ အဓိပ္ပာယ်ရသည်ဆို၏။ 

ယခု ကျွန်တော်တို့အဖွဲ့သည် မလိခမြစ် (ခေါ်)မလိထီမြစ် စီးဆင်းပျော်မွေ့ရာ အရပ်ဒေသများဆီသို့ သွားရောက်ရန် ပူတာအိုမြေကို စတင်ခြေချခဲ့ပါပြီ။

ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းမှာ ပူတာအိုမြို့သို့ လေယာဉ်ခရီးဖြင့် ရောက်ခဲ့ကြသည်။ ကျွန်တော်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လိုက်ပါလာခဲ့ပြီး မြန်မာ့ရုပ်မြင်သံကြားမှ ဦးဇေယျာကျော်ဝင်း ခေါင်းဆောင်သော အဖွဲ့ဝင် ခြောက်ဦးသည် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက် ပူးပေါင်းလိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ ထိုနေ့မှာပင် ကျွန်တော်တို့အဖွဲ့၏ ရိုက်ကူးရေးကို မူလာရှီးဒီ ကြိုးတံတားမှ အစပြုခဲ့သည်။

ပူတာအို နံနက်ခင်းဈေး

တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့ညဦးပိုင်းတွင် ရဝမ်တိုင်းရင်းသား၊ တိုင်းရင်းသူလေးများ သီဆိုကြသည့် ခရစ္စမတ် ဓမ္မတေးတစ်ပုဒ်ကို ကြည်နူးစွာ နားဆင်ခွင့်ရခဲ့ကြသည်။ နောက်တစ်နေ့ နံနက် ၆ နာရီ မထိုးမီ ဝေလီဝေလင်းအချိန် ပူတာအိုမြို့မှ နံနက်ခင်းဈေးသို့ သွားရောက်ကြည့်ရှုလေ့လာကြရင်း ဈေးရောင်းဈေးဝယ်များကို မှတ်တမ်းတင်ရိုက်ကူးပြီး ဆက်လက်၍ မြို့တွင်းရိုက်ကူးရေး အစီအစဉ်များ ဆောင်ရွက်ခဲ့ကြသည်။ ပူတာအို နံနက်ခင်းဈေးလေးသို့ ရောက်ခဲ့စဉ် လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်က ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာန၏ ပါမောက္ခ၊ ဌာနမှူးဖြစ်သူ ဒေါ်တင်ရီ၏ တပည့်မများ (ဒေါ်ညွန့်ညွန့်ဝင်း၊ ဒေါ်လွင်လွင်မွန်တို့ အဖွဲ့ဟု ထင်ပါသည်) ထရုံတိုင်းရင်းသားများရှိရာ တဟွန်ဒမ်းဒေသ ဘက်သို့ သွားရောက်ရန်အတွက် အဆိုပါ ဈေးလေး၌ လိုအပ်သောပစ္စည်းများ ဝယ်ခြမ်းခဲ့ကြပုံများကို တိုင်းရင်းသားမဂ္ဂဇင်း၌ ရေးသား ဖော်ပြခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရမိသည်။

ဆက်လက်၍ ကျွန်တော်တို့အဖွဲ့သည် နတလဦးစီးဌာနမှ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်နှင့်အတူ ပူတာအိုမြို့မှ ၁၄ မိုင် ကွာဝေးသော မချမ်းဘော့ မြို့လေးရှိရာသို့ ထွက်ခွာကာ ယင်းမြို့လေးအနီးမှ နတ်ကျွန်းစေတီအား သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ထိုသို့သွားရာ၌ အသွားခရီးတွင် နောင်ခိုင်ရွာမှနေ၍ မလိခမြစ်အတိုင်း စက်လှေဖြင့် မိနစ် ၂၀ ခန့် စုန်ဆင်းကာသွားရပြီး အပြန်၌မူရေဆန်ဖြစ်၍ ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့သည်။ 

နတ်ကျွန်းဆိုသည့်အတိုင်း ထူးခြားလှပသော ကျောက်ဆောင်ကြီးပေါ်တွင် စေတီတစ်ဆူကို ကြည်ညိုဖွယ်ရာတည်ထား ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်၌လည်း ကျောက်တုံး၊ ကျောက်ဆောင်ငယ်များ ဝန်းရံတည်ရှိနေသည်ကို ဖူးတွေ့ခဲ့ရသည်။ နတ်ကျွန်း စေတီရှိရာသို့အသွား မလိခမြစ် ကမ်းဘေးနှစ်သွယ်တွင် တွေ့မြင်ရသည့် သစ်ပင်၊ သစ်တောများနှင့် သဘာဝပတ်ဝန်းကျင် အနေအထားက စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွင်း ခန္တီး-တိုက်တီး-တကား ဒေသခရီးစဉ် မြင်ကွင်းများကဲ့သို့ ခပ်ဆင်ဆင် တူနေသည်ကို သတိပြုမိသည်။

သဘာဝအတိုင်း ဖြစ်တည်နေ

ခန္တီး-တိုက်တီး-တကား ခရီးစဉ်မှာတော့ ချင်းတွင်းမြစ်အတွင်း သဘာဝအတိုင်း ဖြစ်တည်နေသော ကျောက်တုံး၊ ကျောက်ဆောင် များက ဆည်ကြီးများသဖွယ် ရှိနေသောကြောင့် စက်လှေများ အဆင့်ဆင့် ပြောင်းစီးကာ သွားခဲ့ကြရခြင်း ဖြစ်သည်။ ကျောက်စိမ်းဆည်၊ ဆည်ကြီး၊ နတ်သမီးဆည် စသည်ဖြင့် ဒေသခံတို့က အမည်နာမများ ပေးထားကြသည်။ နတ်ကျွန်းမှ အပြန်ခရီးတွင် မလိခမြစ်ကမ်းနံဘေး သစ်ပင်ကြီးများပေါ်တွင် လည်းကောင်း၊ ကမ်းစပ်များတွင် လည်းကောင်း နားနေကြသော ငှက်မျိုးစုံတို့ကို လှမ်း၍ မှတ်တမ်းတင်ခဲ့ကြသည်။

ထို့နောက် မလိခမြစ်ကူး မချမ်းဘော့ ကြိုးတံတားကြီးကို ဖြတ်ကူးကာ မချမ်းဘော့မြို့တွင်းရှိ နာမည်ကျော် ဂူဘား ဧည့်ရိပ်သာအား ကြည့်ရှုလေ့လာခဲ့ကြသည်။ ဆက်လက်၍ ကျောက်နဂါးဘုရားအား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြသည်။ တစ်ဆက်တည်းမှာပင် အထက်မှာ ကောင်းမှုလုံ၊ အလယ်မှာရွှေစည်းခုံ၊ အောက်မှာရွှေတိဂုံဟူသော ဆိုရိုးစကားနှင့်အညီ မချမ်းဘော့မြို့၏ မြောက်ဘက် မချမ်းဘော့မှ ၁၂ မိုင်အကွာ၊ ပူတာအိုမြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ မလိခမြစ် အရှေ့ဘက်ကမ်းနဖူးတွင် တည်ထားသော ကောင်းမှုလုံစေတီတော်အား သွားရောက်ဖူးမြော်၍ မှတ်တမ်းရိုက်ကူးခဲ့ကြသည်။ 

ယင်းစေတီ၏ သမိုင်းကြောင်းအရ သီရိဓမ္မာသောကမင်းကြီးသည် ဂေါတမ မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်တို့ကို ပင့်ဆောင်၍ စေတီပေါင်း ၈၄၀ဝဝ တည်ထား ကိုးကွယ်ခဲ့ကြောင်း၊ သာသနာသက္ကရာဇ်၂၃၄ ခုနှစ်တွင် ရဟန္တာ အရှင်မြတ်သုံးပါးက ဓာတ်တော်များ ပင့်ဆောင်လာပြီး ခမ်းတီးလုန်ဒေသရှိ မြတ်စွာဘုရား အလောင်းတော် ရွှေဆတ်မင်းဘဝက ရုပ်ကလာပ်အရိုးတော် မြေကျခဲ့သော ငွန်ပစ်ကုန်း(ခေါ်) ဟင်္သာကုန်း၌ ဓာတ်တော်သုံးဆူ ဌာပနာသွင်းကာ ဘုရားတည်ခဲ့ကြောင်း၊ ထိုစေတီကို တိုင်းခမ်းတီ ရှမ်းတိုင်းရင်းသား ဘာသာစကားဖြင့် (ကောင်မူးစပ်ကန်ခမ်း) ရွှေဆတ်မင်း စေတီတော်ဟူ၍ လည်းကောင်း၊ ခမ်းတီးလုန်ဒေသရှိ စေတီတော် အားလုံးထက် ပုံတော်အရွယ်အစားကြီးခြင်း၊ ဉာဏ်တော်မြင့်ခြင်း၊ တန်ခိုးတေဇော် အာနုဘော် ပိုမိုကြီးမား မြင့်မြတ်ခြင်းတို့ကြောင့် (စပ်ကောင်းမှုလုန်) ကြီးမြတ်သော စေတီတော်ဟူ၍ လည်းကောင်း၊ ရည်စူးပူဇော် ခေါ်ဝေါ်ကြကြောင်း သိရှိခဲ့ရသည်။ ယင်းစေတီနှင့် မနီးမဝေးတွင် တည်ထားသော ရွှေတိဂုံပုံတူ စေတီတော်နှင့် ရွှေစည်းခုံပုံတူ စေတီတော်တို့ကိုလည်း လှမ်း၍ ဖူးမြော်ခွင့်ရခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။