အိပ်မက်လမ်းသို့ ခရီးရှည် (၅)

 

မြင့်စိုး(နတလ)

 

ထရုံနှင့်ပတ်သက်၍

 

အမှန်ဆိုလျှင် ကြေးမုံသတင်းစာ၌ ကျွန်တော် ဆက်ကာ ဆက်ကာရေးနေတာ အိပ်မက်လမ်းသို့ ခရီးရှည် ဆောင်းပါးက အခန်း (၄) လောက်မှာပဲ ရပ်လိုက်ဖို့ ကောင်းပြီ။ ပန်နန်းဒင်မြို့လေးအကြောင်း သိကောင်းစရာများ၊ ပညာရေးနှင့်ကျန်းမာရေး အခြေအနေများ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများ ရေးသားပြီးဖြစ်၍ ရပ်လိုက်လျှင် ရပြီဖြစ်သော်လည်း ဆက်လက်ဖော်ပြပါမည်ဖြင့် အဆုံးသတ်လိုက်မိ၏။ သို့ဖြစ်ပေရာ ဆက်၍ ရေးရမည့်တာဝန်က အလိုလိုရှိနေချေပြီ။ ဤနေရာ မှာတော့ ကျွန်တော်ကြားသိခဲ့ရသော ထရုံတိုင်းရင်းသား မျိုးနွယ်စုနှင့်စပ်လျဉ်း၍ အနည်းငယ်တင်ပြလိုပါသည်။ မေခမြစ်၏အထက်ပိုင်းမှာ တရုတ်ပြည်ဘက်မှ မြစ်ဖျား ခံလာသော ထရုံချောင်း (ထရုံမြစ်ဟုလည်းခေါ်ကြသည်) နှင့် ပေါင်းဆုံသည်။ ထရုံချောင်းနှင့် မေခမြစ်အကြား နေထိုင်လျက်ရှိကြသော ရဝမ်တိုင်းရင်းသားများကို တရုတ်ပြည်ဘက်မှ လူတွေက ထရုံလူမျိုးများဟု ယခုတိုင် ခေါ်တွင်လျက်ရှိကြောင်း၊ ပန်နန်းဒင်မြို့၏မြောက်ဘက် သို့ ၇ ရက် ၈ ရက်ခန့် ဆက်လက်သွားရောက်ရသော BP43BP44   အနီး ဒဟွန်ဒမ်းဒေသဘက်မှာ တွေ့ရသည်။ မြန်မာပြည်၏ ပစ်ကမီဟု တင်စားခြင်းခံရသော ထရုံမျိုးနွယ်စု အနည်းငယ်သည် ရှေးနှစ်ပေါင်းများစွာကပင် ထိုဒေသသို့ ရောက်ရှိသွားသည့် ရဝမ်မျိုးနွယ်စု တစ်စုသာဖြစ်နိုင်ကြောင်း၊ အရပ်ပုသွားရခြင်းမှာ ဆေးပညာရှုထောင့်အရ သွေးနီးသွား၍ဖြစ်ကြောင်း၊ ထိုဒေသသို့ စတင်ရောက်ရှိသွားသော နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သုတေသီများက ထရုံဆိုသည်မှာ သီးခြားမျိုးနွယ်စုတစ်စုအဖြစ် မှတ်ယူသွားခြင်းဖြစ်ကြောင်း၊ ရဝမ်တိုင်းရင်းသားခေါင်းဆောင် ဦးအားတန်ထံမှ ကြားသိခဲ့ရသည်။ ဒဟွန်ဒမ်း ဒီဘက်က ခရောင်း ရွာတွင် တွေ့ရသည်ဆိုသော ထရုံတိုင်းရင်းသားဆိုသည် မှာလည်း ရဝမ်တိုင်းရင်းသားများပင်ဖြစ်ကြောင်း သူကအခိုင်အမာဆို၏။ မည်သို့ပင် ဝိဝါဒ ကွဲပြားစရာအကြောင်း ရှိနေစကာမူ ထရုံတိုင်းရင်းသား မျိုးနွယ်စုသည် လက်ချိုးရေတွက်၍ မရနိုင်တော့လောက်အောင်ပင် အရေအတွက် အားဖြင့် အလွန်နည်းပါးသွားပြီဖြစ်သည်။

 

နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး

 

၁၉၈၉ခုနှစ်တွင် နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။ ယင်း ဥပဒေ၏ ရည်ရွယ်ချက်(၅)ရပ်အနက် ပဉ္စမရည်ရွယ် ချက်တွင် နယ်စပ်ဒေသ၏လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ကို ထိန်းသိမ်းရန်ဟု ဖော်ပြပါရှိပါသည်။ မေးမြန်းလေ့လာ တွေ့ရှိချက်များအရ ပန်နန်းဒင်မှ ငါ့ဝါ၊ ဂနိုင်၊ ဒလုံဒမ်း အထိ သွားရောက်နိုင်ပြီး ထိုမှ အိန္ဒိယနယ်စပ် BP46 နှင့် 47 ရှိရာသို့ ထအွန်ဒမ်း၊ ဆန်ဒမ်း၊ မဒိန်းစသောရွာများကို ဖြတ်၍သွားရမည်ဖြစ်သည်။ ထိုနည်းတူစွာ ဒလုံဒမ်း လမ်းဆုံမှနေ၍ တဆူထု၊ တလာထု၊ ခရောင်း၊ ဒဟွန် ဒမ်း စသောရွာများကိုဖြတ်ပြီးမှ တရုတ်ပြည်နယ်စပ် BP43၊ 44 သို့ ဦးတည်သွားရောက်နိုင်သည်။ မချမ်းဘော့မြို့လေး၌ နာမည်ကျော် ဂူဘားရိပ်သာရှိနေစေကာမူ အမှန်တကယ် ဂူဘားဆိုတာကတော့ စောစောက ကျွန်တော်တင်ပြခဲ့သည့် အိန္ဒိယနယ်စပ်သို့ ဦးတည်နေသော ထအွန်ဒမ်းနှင့် မဒိန်းရွာအကြားက ဆန်ဒမ်း ဆိုသည့် ရွာလေးကိုခေါ်ခြင်းဖြစ်ကြောင်း သိခဲ့ရသည်။

 

အဓိကတင်ပြလိုရင်းမှာ ဂူဘားအကြောင်းမဟုတ်ပါ။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဥပဒေပါ အပိုဒ် ၅ သည် ထိုကဲ့သို့သော မြန်မာနှင့် တရုတ်နယ်စပ်က BP43၊ 44၊ 45 လို နေရာများ၊ မြန်မာနှင့် အိန္ဒိယနယ်စပ်က နေရာများ၊ မြန်မာနှင့် အိန္ဒိယနယ်စပ်က BP 46၊ 47၊ 48 လို နေရာများကိုပါ ရည်ညွှန်းရေးဆွဲခဲ့သည်ဆိုလျှင် မမှားတန်ရာ။ မိမိတို့နိုင်ငံပိုင်နယ်မြေ၏ အကျယ်အဝန်း၊ အချိုးအစား၊ ထိုဒေသတွင် နေထိုင်သော မိမိတို့ တိုင်းရင်းသားများ၏ လူဦးရေသိပ်သည်းဆ၊ ပထဝီ နိုင်ငံရေး အနေအထားတို့အရ ထိန်းသိမ်းစောင့်ရှောက် ရမည့်တာဝန်မှာ ကြီးမားကြောင်း၊ နိုင်ငံသားအားလုံးက သတိမူရမည့်အခြေအနေ ဖြစ်ပါသည်။ ထိုကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ရာလည်း ထိုဒေသအတွင်း၌ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် လိုအပ်ပါသည်။ ပန်နန်းဒင်မှအစပြုကာ နတလဦးစီးဌာနက လမ်းဖောက်လုပ်နေပြီ ဖြစ်ပါသည်။

 

အိပ်မက်လမ်းသို့ သုံးခေါက်လေ

 

ဒါရိုက်တာကြီး အဘဦးတင်ယု ရိုက်ကူးခဲ့သည့် မေတ္တာဘုံသို့နှစ်ခေါက်လေ ဇာတ်ကားကြီးကို ငယ်စဉ်က ကြည့်ပြီးကတည်းက ထိုစကားလုံး ထိုအသုံးအနှုန်းကို ထိုဝေါဟာရကို ကျွန်တော် အလွန်သဘောကျခဲ့သည်။ ဆောင်းပါးခေါင်းစဉ်လည်း ပေးဖူးသည်။ နာဂဒေသ လဟယ်မြို့မှ အပြန်လမ်းတွင် ဖြတ်ကျော်ရသော ထိန်ညိုတောင် (အမြင့်ပေ ၄၉၉၇) ကို အမှတ်တရအနေဖြင့် ထိန်ညိုတောင်သို့ နှစ်ခေါက်လေ...စသည်ဖြင့်။ ယခု လည်း ပူတာအို၊ မချမ်းဘော့၊ နောင်မွန်၊ မဂွေဇနှင့် ခေါင်လန်ဖူးဒေသသို့ တတိယအကြိမ် ထပ်မံသွားရောက် ရဦးမည်ဖြစ်သည်။ မြန်မာ့ရုပ်မြင်သံကြား MRTV ရိုက်ကူးရေးအဖွဲ့က နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်တို့ကို မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်ရေးနှင့်စပ်လျဉ်း၍ သိလိုသမျှမေးမြန်းမည့် အင်တာဗျူး အစီအစဉ်အား ထိုလမ်းမကြီးပေါ်၌ ရိုက်ကူးမည်ဖြစ်သည်။ ဒေသခံ တိုင်းရင်းသားအားလုံး မျှော်လင့်တောင့်တနေသော အိပ်မက်လမ်းမကြီးနှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ စိတ်ပါဝင်စားမှု၊ တပ်မတော်က ဆောင်ရွက်ပေးနေသော အကူအညီများ၊ ထိုလမ်းကြီးကို ဘဏ္ဍာနှစ်အလိုက် အပိုင်းလိုက်ဆောင်ရွက်နေပုံ၊ လမ်းမပေါက်မီ အခြေအနေနှင့် လမ်းပေါက်ပြီး ပြောင်းလဲသွားသော ပညာ၊ ကျန်းမာ၊ လူမှုစီးပွား အခြေအနေများကို ပြောဆိုမေးမြန်း ဆွေးနွေးရိုက်ကူးကြမည်ဖြစ်သည်။

 

MRTV အဖွဲ့၏စေတနာ

 

မဂွေဇ-ခေါင်လန်ဖူးလမ်း ၆၅ မိုင် ၄ ဖာလုံအနက် ယခုနှစ်ပွင့်လင်းရာသီတွင် ဆန်းလွတ်ချက် ကျောက်တောင်ကြီးကို ကျော်လွှားဖောက်လုပ်နိုင်ခဲ့ပြီဖြစ်၍ အနည်းဆုံး မဂွေဇမှ လုံးတုံအထိ ကားလမ်း၊ ခေါင်လန်ဖူး မှ လုံးတုံအထိ ဆိုင်ကယ်လမ်းအဆင့် ပေါက်သွားရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။ လတ်တလောတွင်မူ မေခမြစ်ကူးကြိုးတံတားအထိ ကားလမ်းမပေါက်သေး၍ ခြေကျင် လျှောက်နေရဆဲဖြစ်သည်။ ခြေကျင်လျှောက်ရမည့် ၁၀ မိုင်ခန့် ခရီးအကွာအဝေးမှာ အသွားတွင်ကိစ္စ မရှိသော်ငြား အပြန်ခရီးက တောင်တက်ခရီးမို့ ပင်ပန်းကြမည်မှာ သေချာသည်။

 

သို့တစေ ရိုက်ကူးရေးအဖွဲ့သည် ရီဒမ်းကြိုးတံတား နှင့် မေခမြစ်၏ အနေအထားတို့ကိုလည်းကောင်း၊ ဒေသခံတိုင်းရင်းသားများနှင့် လား၊ မြင်းများ၊ ခြေကျင် သွားလာလှုပ်ရှားနေမှုများကိုလည်းကောင်း ရိုက်ကူး ပြသလို၍ အပင်ပန်းခံကာ သွားရောက်ရိုက်ကူးကြမည်ဖြစ်သည်။

ကျွန်တော်တို့အတွက် ဤမျှလောက်ခရီးသည် ရှည်လျား ကြမ်းတမ်းနေမည်ဆိုပါလျှင် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ၁၃၂ မိုင် ၄ ဖာလုံ အရှည်ရှိ ပူတာအို-မဂွေဇ-ခေါင်လန်ဖူးလမ်းကြီးမှာ ခြေကျင်ခရီး ၁၂ ရက်ခန့် လမ်းလျှောက်သွားလာ နေကြရသော ဒေသခံတိုင်းရင်းသားများ၏ လူမှုဒုက္ခ ဆင်းရဲ မည်မျှကြီးမားကြလိမ့်မည်ဆိုသည်ကို ကိုယ်ချင်းစာနာ၍ များစွာစိတ်မကောင်းဖြစ်ခဲ့မိပါသည်။

 

ကြေးမုံ

 

mdn