အိန္ဒိယတွင် မိုးသက်မုန်တိုင်း တိုက်ခတ်မှု၊ မိုးကြိုးပစ်မှုတို့ကြောင့် လူ ၁၁ ဦး သေဆုံး

၁ ဇူလိုင်

 

 

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မိုးကြိုးပစ်မှုနှင့် မိုးသက်မုန်တိုင်း တိုက်ခတ်မှုတို့ကြောင့် လူ ၁၁ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ပြည်နယ် အများအပြားတွင် သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

 

 

ဘီဟာပြည်နယ်ရှိ ဒေသများတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း မိုးကြိုးပစ်မှုကြောင့် ၁၁ ဦး သေဆုံးခဲ့သည်။

 

 

ဘီဟာပြည်နယ်ဝန်ကြီးချုပ် နီတစ်ရှ် ကူးမာက မိုးကြိုးပစ်မှုကြောင့် မိသားစုဝင် သေဆုံးသွားသည့် မိသားစုတစ်စုချင်းကို သက်သာထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅၂၉၄ ပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

 

ပြည်နယ်ဝန်ကြီးချုပ်က ထိုသေဆုံးမှုအတွက် ဝမ်းနည်းကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 

 

ရာသီဉတု ဆိုးရွားသည့်အတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးက ထုတ်ပြန်ထားသော ကြိုတင်ကာကွယ်ရေးဆိုင်ရာ အစီအမံများကို တင်းကြပ်စွာ လိုက်နာရန်လည်း ပြည်သူများအား ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

 

 

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ထိုပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် လူ ၈၃ ဦး သေဆုံးခဲ့သည်။

 

 

လက်ရှိ အိန္ဒိယတွင် အနောက်တောင် မုတ်သုံလေ တိုက်ခတ်နေပြီး ဒေသအများစုတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

2429