အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၀၆ ဦးရှိပြီး သေဆုံးသူ ၁၀ ဦး ရှိလာ

၂၆ မတ်

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀ ဦး အထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးသူ အရေအတွက် ၁၀ ဦးရှိပြီဖြစ်ကြောင်း ဒေသစံတော်ချိန် ည ၆ နာရီ ၄၅ မိနစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြု ကူးစက်သူ အရေအတွက်မှာ  ယမန်နေ့ ညနေပိုင်းတွင်  ၆၀၆ ဦး အထိ ရှိလာကြောင်းနှင့် ၎င်းတို့အနက် ၅၆၃ ဦးမှာ အိန္ဒိယနိုင်ငံသားများဖြစ်ပြီး ၄၃ ဦးမှာ နိုင်ငံခြားသားများ ဖြစ်သည်ဟု ၎င်းဝန်ကြီးဌာနက ဆိုသည်။

 

ထိုဝန်ကြီးဌာန တာဝန်ရှိသူများ၏ပြောကြားချက်အရ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူ ၁၀ ဦးရှိကြောင်းနှင့် ၄၃ ဦးမှာ ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုထိန်းချုပ်ရန် အိန္ဒိယနိုင်ငံတစ်ဝန်းလုံး ဗုဒ္ဓဟူးနေ့မှစတင်ကာ ၂၁ ရက် အပြင်မထွက်ရန် အစိုးရက ပြောကြားခဲ့သည်။

 

မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုကလွဲ၍ မီးရထားလမ်း၊ လေကြောင်းလိုင်းများ နှင့် လမ်းများ အားလုံး သွားလာခွင့် ရပ်ဆိုင်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို