အိန္ဒိယနိုင်ငံဘီဟာပြည်နယ်ရှိလယ်ကွင်းအတွင်းလေယာဉ်ငယ်တစ်စင်းလေ့ကျင့်ပျံသန်းနေစဉ်ဆင်းသက်မှုကြောင့် သင်တန်းသားလေယာဉ်မှူးနှစ်ဦးဒဏ်ရာရ

မတ်

အိန္ဒိယနိုင်ငံအရှေ့ပိုင်းဘီဟာပြည်နယ်ရှိလယ်ကွင်းတစ်ခုအတွင်း အိန္ဒိယစစ်တပ်ပိုင်လေယာဉ်ငယ်တစ်စင်း လေ့ကျင့်ပျံသန်း နေစဉ် ဆင်းသက်ခဲ့ပြီးနောက် သင်တန်းသားလေယာဉ်မှူးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ အဆိုပါလေယာဉ်ငယ်သည် ဘီဟာပြည်နယ်မြို့တော် ပတ်နာတောင်ပိုင်း ကီလိုမီတာ ၁၁၇ အကွာ ဂါယာခရိုင် ဘတ်ဒါဟာကျေးရွာရှိ လယ်ကွင်းအတွင်း ယမန်နေ့ကဆင်းသက်ခဲ့သည်ဟု သိရသည်။ ထိုလေယာဉ်ပေါ်ပါ သင်တန်းသားလေယာဉ်မှူးနှစ်ဦး ဒဏ်ရာရရှိသဖြင့် ဒေသခံရွာသားများက ၎င်းတို့နှစ်ဦးကို အခြေစိုက်စခန်းသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လယ်ကွင်းအတွင်း လေယာဉ်ငယ်ဆင်းသက်မှုကြောင့် ယင်းဒေသရှိ အရပ်သားများ၏ပိုင်ဆိုင်မှုပစ္စည်းများ ပျက်စီးမှုမရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို