အိန္ဒိယက မတ်ပဲတန်ချိန်နှစ်သိန်းခွဲ တင်သွင်းခွင့်ပြုပြီးနောက် မတ်ပဲဈေး အတက်/အကျ မငြိမ်ဘဲ အပြောင်းအလဲများနေ

၂၇ ဒီဇင်ဘာ

 

အိန္ဒိယက မတ်ပဲတန်ချိန်နှစ်သိန်းခွဲ တင်သွင်းခွင့်ပြုပြီးနောက် မတ်ပဲဈေး အတက်/အကျ မငြိမ်ဘဲ အပြောင်းအလဲများနေကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

အိန္ဒိယနိုင်ငံမှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မတ်ပဲတင်သွင်းခွင့် ကိုတာသတ်မှတ်ချက်ကို ယခင် တန်ချိန်တစ်သိန်းခွဲ သတ်မှတ်ထားရာမှ နောက်ထပ်တန်ချိန် နှစ်သိန်းခွဲ တိုးမြှင့်တင်သွင်းရန်အတွက် ယခုလ ၁၂ ရက်တွင် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ပကုန်သွယ်မှု ညွှန်ကြားရေးဦးစီးဌာန(DGFT)က Trade Notice ဖြင့် အသိပေးချက် ထုတ်ပြန်ခဲ့သည်။

 

"မတ်ပဲက အခုရက်ထဲမှာ တက်လိုက်/ကျလိုက်တော့ အပြောင်းအလဲများနေတယ်၊ အဓိကကတော့ အိန္ဒိယဘက်က ကြားသိတဲ့အတိုင်းဘဲ ထပ်ပြီးတော့ ဒီဘတ်ဂျက်နှစ် ၂၀၁၉-၂၀၂၀ ထဲမှာ နောက်ထပ် တန်ချိန်နှစ်သိန်းခွဲ တိုးပြီးဝယ်မယ်ဆိုပြီး ကြေညာလိုက်တယ်၊ ကြေညာလိုက်တဲ့အခါမှာ ကြေညာချက် ထွက်ပြီးတော့ နောက်နေ့မှာ ၁၂ သိန်း ဈေးလောက်ထိ ပြန်တက်လာတယ်၊ တက်ပြီးတော့ အခုနောက်ပိုင်းတွေမှာ ပုံမှန် ၁၁ သိန်းငါးသောင်း၊ ၁၁ သိန်းခြောက်သောင်း အဲဒီဝန်းကျင်လောက် သွားနေပါတယ်"ဟု ဦးမင်းကိုဦး က ပြောသည်။

 

ထို့ပြင် တိုးမြှင့်တင်သွင်းခွင့်ရသည့် တန်ချိန် နှစ်သိန်းခွဲကိုလည်း တင်သွင်းခွင့်ရရှိသော ကုမ္ပဏီများ အနေဖြင့် လာမည့် ၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက် နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းသို့ အရောက်တင်သွင်းရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပဲတင်သွင်းရန် လက်ရှိ ပြည်တွင်း၌ မတ်ပဲလက်ကျန် တန်ချိန်တစ်သိန်းခန့်ရှိပြီး လာမည့်နှစ် ပဲပေါ်ရာသီ ဖေဖော်ဝါရီကုန်တွင် ထွက်ရှိမည့် မတ်ပဲဖြင့် ပေါင်း၍ တင်ပို့ပါက တန်ချိန်နှစ်သိန်းခွဲ  အလုံအလောက် ရှိမည်ဖြစ်သောကြောင့် အိန္ဒိယ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ကြောင်း ဦးမင်းကိုဦးက ဆက်ပြောသည်။

 

အိန္ဒိယနိုင်ငံအနေဖြင့် ယခုနှစ် မိုးရာသီစိုက် မတ်ပဲများ ရာသီဥတုဖောက်ပြန်ပြီး အထွက်နှုန်း နည်းသောကြောင့် ကိုတာစနစ်ဖြင့် ပဲတင်သွင်းမှုကို ထပ်မံခွင့်ပြုခြင်းဖြစ်သည်။

 

"တန်ချိန်နှစ်သိန်းခွဲ ထပ်ပြီးတော့ သူတို့ကို တာသတ်မှတ်လိုက်တာက ဘာပဲဖြစ်ဖြစ် စိုက်ပျိုး ထုတ်လုပ်တဲ့ မြန်မာနိုင်ငံ အနေနဲ့တော့ အားလုံးခြုံကြည့်ရင်တော့ ကောင်းတဲ့ဘက်ဘဲ သုံးသပ်တယ်၊ ကိုတာစနစ်ဖြစ်နေပေမယ့်လည်း ဒီမြန်မာနိုင်ငံကနေ လက်ရှိ ပဲ ထွက်တော့မယ့်ကာလ မတိုင်ခင်လေးမှာ နောက်ထပ် ထပ်ပြီး တန်ချိန်နှစ်သိန်းခွဲ ထုတ်ပြန်လိုက်ခြင်းအားဖြင့် တကယ်တမ်း တောင်သူက ထွက်လာတဲ့အချိန်မှာ ဈေးနှုန်းကို အာမခံချက်တစ်ခုအဖြစ် ပြန်ပြီးတည်ဆောက်သလို ဖြစ်သွားတယ်" ဟု ဦးမင်းကိုဦးက ပြောသည်။

 

အိန္ဒိယနိုင်ငံ၏ ၂၀၁၅- ၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်း ကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲအား ပြည်ပကုန်သွယ်မှု ညွှန်ကြားရေး ဦးစီးဌာနက သတ်မှတ်သော ဘဏ္ဍာရေးနှစ်အတွင်း ကိုတာတန်ချိန် လေးသိန်းအထိ ကန့်သတ် တင်သွင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း၊ ယခုကန့်သတ်ချက်သည် အိန္ဒိယအစိုးရက နှစ်နိုင်ငံခြင်း သို့မဟုတ် ဒေသဆိုင်ရာအဆင့် လက်မှတ်ရေးထိုးထားရှိသည့် နားလည်မှုစာချွန်လွှာ(MoU)များနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ယခုလ ၁၈ ရက်တွင် အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

 

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်လကျော်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် နှစ်သိန်းတစ်သောင်းခန့် တင်ပို့ထားပြီး ယင်းအနက် မတ်ပဲတင်ပို့မှုမှာ တန်ချိန် တစ်သိန်းနှစ်သောင်းကျော်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။

 

ငြိမ်းငြိမ်း