အိန္ဒိယ သံမဏိ စက်ရုံတွင် ဘွိုင်လာအိုး ပေါက်ကွဲမှု လူ ၃ ဦးသေဆုံး

ဗဟိုအစိုးရ ချုပ်ကိုင်ထားသော အနောက်အိန္ဒိယ နယ်မြေဖြစ်သည့် ဒါဒရာနှင့် နာဂါ ဟာဗီလီ မြို့တော်  စီလ်ဗတ်စာရှိ  သံမဏိ စက်ရုံ အတွင်း ဘွိုင်လာအိုး ပေါက်ကွဲမှု ယနေ့ ဖြစ်ပွားရာ လူ ၃ ဦးထက်မနည်း သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အဆင့်မြင့် ရဲတပ်ဖွဲ့ဝင်များ စုံစမ်းစစ်ဆေးရန်  ထိုနေရာသို့ ရောက်ရှိလာပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည် ဟုဆိုသည်။

သံမဏိစက်ရုံ၏ ဘွိုင်လာ ပေါက်ကွဲမှုဖြစ်ပွားရာ နေရာကို ပဏာမ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ရဲတပ်ဖွဲ့ သတင်းအရ သိရသည်။

တာဝန်ရှိသူများက ယင်း ဘွိုင်လာပေါက်ကွဲမှုတွင် ထိခိုက်ခဲ့သူများသည် ထိုစက်ရုံတွင် အလုပ်လုပ်နေသူများ ဖြစ်ကြောင်းနှင့် ဘွိုင်လာ အပူချိန် လွန်ကဲမှုကြောင့် ပေါက်ကွဲခြင်း ဖြစ်သည်ဟု ယူဆရကြောင်း ဆိုသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို