အိန္ဒိယ-မြန်မာ ရင်းနှီးချစ်ကြည်ရေး

နေပြည်တော် ၉ ဒီဇင်ဘာ

 

တရုတ်၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် ဆက်ဆံရေး ကဲ့သို့ပင် အိန္ဒိယ-မြန်မာ ဆက်ဆံရေးသည် အိမ်နီးနားချင်းများကြား၌ ရှိသော နိုင်ငံတကာဆက်ဆံရေးကောင်း ရှိခဲ့ပါသည်။

 

သည်အထဲတွင် တရုတ်နှင့် အိန္ဒိယတို့က လူဦးရေအရ နယ်မြေအကျယ်အဝန်းအရ အလွန်ကြီးမားလှသည့် နိုင်ငံကြီးများဖြစ်ပြီး ထိုနိုင်ငံ နှစ်ခုကြားတွင် ရပ်တည်နေသည့် မြန်မာနိုင်ငံနှင့် ထိုနိုင်ငံကြီးများ ဆက်ဆံရေးမှာအရေးပါသော မဟာဗျူဟာဆက်ဆံရေးမျိုး ဖြစ်ခဲ့သည်မှာ ရာဇဝင်နှင့်ချီခဲ့ပြီ ဖြစ်ပါသည်။

 

အိန္ဒိယနှင့်ဆိုလျှင် ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှု ကူးလူးစီးဆင်းမှုကအလွန်ပင်တစ်ဦးနှင့် တစ်ဦး ဩဇာသက်ရောက် ရောယှက်ခဲ့ပါသည်။ အထူးသဖြင့် ပြောစရာရှိသည်က အိန္ဒိယ-မြန်မာဆက်ဆံရေး။ ဗြိတိသျှလက်အောက်ခံ ကိုလိုနီဘဝမှ လွတ်မြောက်ရေးကို အတူတကွ ရုန်းကန်ခဲ့ကြသည်ကလည်း နိုင်ငံရေးအရ ရင်းနှီးနားလည်မှု များစွာဖြစ်ပေါ် စေခဲ့သည်။ အဖိနှိပ်ခံ၊ အခြယ်လှယ်ခံဘဝများကို အတူတကွ ဖြတ်သန်း ခဲ့ရသည့်အတွက် ယင်းသို့သော နားလည်ချစ်ကြည်မှုနှင့် နိုင်ငံရေး သံယောဇဉ်မှာ ထူးခြားသည်ဟု ဆိုရပါမည်။

 

ဗြိတိသျှလက်အောက် ကိုလိုနီဘဝက မြန်မာနိုင်ငံမှာ အိန္ဒိယ၏ပြည်နယ်တစ်ခုသဖွယ် သတ်မှတ်ကာ အုပ်ချုပ်ခံခဲ့ရခြင်းဖြစ်ပါသည်။ ဖက်ဆစ်လက်အောက်ကျရောက်ခဲ့စဉ်ကလည်း အိန္ဒိယနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆူဘတ်စ်ချန္ဒရာဘို့စ်၏ မြန်မာနိုင်ငံဘက်က ရပ်တည်ခဲ့မှုမှာ သမိုင်းကျော်ဖြစ်၏။

 

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးတွင် မြန်မာနိုင်ငံသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည် ဟူသည့် မီးမောင်းထိုးပြခဲ့မှုကလည်း သမိုင်းတွင် စကားတစ်ခုဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအပြီးသတ် တိုက်ပွဲဖြစ်သည့် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုသည့်အချိန် ဗိုလ်ချုပ်အောင်ဆန်းအင်္ဂလန်သွားစဉ် အိန္ဒိယခေါင်းဆောင်နေရူးနှင့် တွေ့ဆုံခဲ့ကြသည့် အဖြစ် အပျက်ကလည်း သမိုင်းဝင်အမှတ်တရများ ဖြစ်ပါသည်။

 

၁၉၆၈ တွင် တစ်ခါ၊ ၁၉၆၉ တွင် တစ်ခါ ဝန်ကြီးချုပ်သက်တမ်း ပထမကာလက အင်ဒီယာဂန္ဒီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး၊ ထို့နောက် ၁၉၈၇ တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် ရာဂျစ်ဂန္ဒီ မြန်မာနိုင်ငံသို့ လာခဲ့ခြင်းက မြန်မာနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေးကို အထူးတလည် အမှတ်တရ ဖြစ်စေခဲ့ပါသည်။

 

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ကာလကစ၍ အိန္ဒိယနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၊ နိုင်ငံရေးခေါင်းဆောင် ဝန်ကြီးချုပ် နေရူး၊ ဝန်ကြီးချုပ် အင်ဒီယာဂန္ဒီ၊ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ဝန်ကြီး ချုပ် မိုဒီ အစရှိသော ခေါင်းဆောင်များ အကြိမ်ကြိမ်လာရောက်ကြခြင်း ဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အားကောင်းခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် က္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် သမနိရှည်ကြာသော သမိုင်းရှိသည့်အလျောက် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး အစဉ်အဆက်တွင်လည်း မြန်မာပြည်သူလူထုဘက်က ရပ်တည်ထောက်ခံကာ အားပေးကူညီခဲ့သော မိတ်ဆွေကောင်းလည်း ဖြစ်ခဲ့ပါသည်။ အကျဉ်းအကျပ်ထဲ အခက်အခဲများကြားထဲတွင် လက်တွဲခဲ့ရသည့်အတွက် အရေးပါသော မိတ်ဆွေများအဖြစ် နီးစပ်ချစ်ကြည်မှုရှိခဲ့သည်ဟု ဆိုရပါမည်။

 

နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံများအကြားက ပြည်သူလူထု အချင်းချင်းဆက်ဆံရေးမှာ လွန်စွာအရေးကြီးပါသည်။ ပြည်သူလူထု အချင်းချင်း အပြန်အလှန်အကျိုးစီးပွားကို ရှေးရှုသည့် စိတ်ဓာတ်နှင့် သဘောထားက နှစ်နိုင်ငံအကြားဆက်ဆံရေးကို ကောင်းမွန်မြင့်မား တိုးတက်စေမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၌ နိုင်ငံရေးအရ ချစ်ကြည်သော အပြန်အလှန် ဆက်ဆံရေးမျိုးရှိသလို အကျိုးတူ စီးပွားရေး ကူးလူးဆက်ဆံနိုင်သည့် အခွင့်အလမ်းကောင်းများလည်း များစွာရှိ၏။ အိမ်နီးချင်းများ ဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်ရေးရှိသကဲ့သို့ မြန်မာနိုင်ငံအတွင်း အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက အကြီးဆုံးရင်းနှီးမြှုပ်နှံသူ ၁၁ ဦး မြောက်လည်း ဖြစ်၏။

 

အချုပ်ဆိုရလျှင် နိုင်ငံရေးခေါင်းဆောင်အဆက်ဆက် ရင်းနှီးဆက်ဆံမှုရှိခဲ့ခြင်း၊ အိန္ဒိယနိုင်ငံ၏ အစဉ် အလာမပျက် မြန်မာနိုင်ငံ ပြည်သူလူထုဘက်က ရပ်တည်အားပေးကူညီခဲ့ခြင်းတို့နှင့်အတူ အကျိုးတူစီးပွားရေး တိုးတက်မြင့်မားလိုသည့် သဘောထားတူမျှခြင်း စသည်တို့က အိန္ဒိယ- မြန်မာနိုင်ငံ ဆက်ဆံရေးကို ပိုမိုကောင်းမွန်ငြိမ်းချမ်းသော အနာဂတ်ကို တည်ဆောက်နိုင်ကြမည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း။

 

မြန်မာ့အလင်း