အိန္ဒိယ-မြန်မာ ဆက်ဆံရေး အဓွန့်ရှည်ခိုင်မြဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အင်အားကြီးနိုင်ငံကြီး နှစ်နိုင်ငံကြားတွင် တည်ရှိနေသည်မှာ ထူးခြားမှုပင်ဖြစ်သည်။ ယဉ်ကျေးမှု သမိုင်းကြောင်း နောက်ခံမတူကွဲပြားသော နိုင်ငံကြီးနှစ်နိုင်ငံကြားတွင် မြန်မာနိုင်ငံအပေါ်၌ ထိုနိုင်ငံကြီး နှစ်နိုင်ငံ၏ယဉ်ကျေးမှုတို့သည် မျှဝေ စီးဆင်းနေသည်။ မတူကွဲပြားသော ယဉ်ကျေးမှုများနှင့် လူမှုဘဝဆက်ဆံ ရေးနယ်ပယ်များမှာ ငြိမ်းချမ်းမှုများကို ဆောင်ကြဉ်းနိုင်ခဲ့သည်မှာ သေချာ သည်။

ရေမြေသဘာဝအခြေအနေများနှင့် တစ်ဆက်တစ်စပ် တစ်သားတည်းရှိနေ၍လောမသိ။ သုံးနိုင်ငံ ပြည်သူများနှင့် နိုင်ငံအစိုးရများသည် ညီအစ်ကို မောင်ရင်းနှမရင်းသဖွယ် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေထိုင် ကြပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ရှေးအတီတေကာလများကတည်းက ဘာသာရေး၊ ယဉ်ကျေးမှု ဆက်နွှယ်မှုများက အထင်အရှား ရှိနေခဲ့ပါသည်။ ယင်းသည်ပင် ထူးခြားမှုပင်ဖြစ်သည်။

မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် ယဉ်ကျေးမှု၊ သမိုင်းကြောင်း အစဉ်အလာနှင့်ဆက်ဆံနေထိုင်မှုများမှာ တစ်သားတည်းဖြစ်ခဲ့သလို နိုင်ငံ့လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ရာ၌လည်း တူညီမှုများရှိခဲ့သည်။ ဗြိတိသျှကိုလိုနီနယ်ချဲ့လက်အောက်သို့ အတူတကွကျရောက်ခဲ့ရပြီး လွတ်လပ်ရေးကြိုးပမ်းမှုတွင် နိုင်ငံ့ခေါင်းဆောင်များ အတူလက်တွဲ ကူညီကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

မြန်မာနိုင်ငံမှ လွတ်လပ်ရေးကြိုးပမ်းခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ဂျဝါဟာလားနေရူးသည် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သောပုဂ္ဂိုလ်ကြီးဖြစ် သည်။ အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲတွင် ထိပ်တန်းခေါင်းဆောင်၊ လွတ်လပ်သော အိန္ဒိယနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်သည်။ မြန်မာ နှင့်အိန္ဒိယခေါင်းဆောင်တို့သည် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များ၊ တတိယနိုင်ငံဟုခေါ်တွင်သော အာရှ၊ အာဖရိကနိုင်ငံအုပ်စု၏ ရှေ့ဆောင်ပုဂ္ဂိုလ်များဖြစ်ခဲ့သည်။

ထိုကဲ့သို့ သမိုင်းအစဉ်အလာကောင်းများစွာရှိသော အိမ်နီးချင်း နိုင်ငံကြီးများနှင့် ထိတွေ့ဆက်ဆံ ရပ်တည်နေထိုင်ခဲ့သော မြန်မာနိုင်ငံ အတွက် အစစအရာရာတွင် ထူးကဲသာလွန်သော အိန္ဒိယနိုင်ငံကြီးနှင့် ထိတွေ့ဆက်ဆံခွင့်ကို အဓွန့်ရှည်ကြာရရှိခဲ့သည်မှာ ထူးခြားမှုပင်ဖြစ်သည်။ တိုးတက်သောနိုင်ငံကြီးမှ မြန်မာနိုင်ငံအတွက် ရယူစရာများ များစွာရှိနေသည်။ မြန်မာနိုင်ငံအပေါ်တွင်လည်း စိတ်ရင်းစေတနာ ကောင်းတို့ဖြင့် အစဉ်အလာမပျက် ဖေးမကူညီလျက်ရှိသည်။

မြန်မာနိုင်ငံခေါင်းဆောင်များနှင့် အိန္ဒိယနိုင်ငံခေါင်းဆောင်များသည် ဝန်ကြီးချုပ်နေရူးလက်ထက်မှ အစပြု၍ အင်ဒီယာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ၊ မန်မိုဟန်ဆင်း၊ မိုဒီစသည့် ခေါင်းဆောင်များနှင့် အစဉ်အလာမပျက် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံပူးပေါင်းလက်တွဲဆောင်ရွက်နိုင်ခဲ့သည်။ အရပ်သားအစိုးရလက်ထက်တွင်လည်း ထိုအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းနိုင်သည်ဟုဆိုရမည်။ နှစ်နိုင်ငံခေါင်းဆောင်များ ထိတွေ့ဆက်ဆံခဲ့ကြသည်။ ယခုအခါ အိန္ဒိယသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့်ဇနီးတို့ မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်၍ နှစ်နိုင်ငံအကျိုးစီးပွားများကို မြှင့်တင်ဖော်ဆောင်ကြမည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။
နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက် ရေးတို့ကို ဆောင်ရွက်နိုင်လိမ့် မည်ဟု ယုံကြည်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအချင်းချင်းဆက်ဆံ ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်နေချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်လုပ်ဆောင် လာသည်ကို မြင်တွေ့ရသည်။ အိန္ဒိယနိုင်ငံသည် စိုက်ပျိုးရေး၊ နည်းပညာ နှင့်ပညာရေးကဏ္ဍများတွင် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက် နိုင်သဖြင့် ထိုအပိုင်းကဏ္ဍများကို မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းရယူ ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ထို့အပြင် တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးကိစ္စရပ်များ ကိုလည်း ပူးပေါင်းကူညီဆောင်ရွက်နိုင်လိမ့်မည်ဟု ထင်မြင်ပါသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့၏ နှစ်ပေါင်းထောင်ချီ ရှည်လျားစွာတည်ရှိသည့် သမိုင်းကြောင်း အစဉ်အလာများနှင့် ယဉ်ကျေးမှုများမှာ နှစ်နိုင်ငံပြည်သူများအတွက် ဂုဏ်ယူဖွယ်ရာများဖြစ်ခဲ့သလို မျက်မှောက်ကာလတွင်လည်း နှစ်နိုင်ငံခေါင်းဆောင်များနှင့်အတူ နှစ်နိုင်ငံပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များအား ဆက်လက်တိုးမြှင့်ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ပါ ကြောင်း။ ။(ကြေးမုံ)