အိမ်သုံးဝါးထရံများအား တစ်ပိုင်တစ်နိုင် ရက်လုပ်ရောင်းချပြီး မိသားစုဝင်ငွေရရှိ

ကျောက်ထု ၂၃ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ဂုံဘိုရပ်ကွက်တွင် တင်းဝါးအသုံးပြုလျက် ဝါးထရံ ရက်လုပ်ရောင်းချသည့် တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြင့် မိသားစုဝင်ငွေ ရရှိကြောင်း သိရသည်။

 

ထိုသို့ရက်လုပ်ရာတွင် ဒေသတွင်ပေါက်ရောက်သည့် တင်းဝါး၊ မျှင်ဝါး၊ ကသောင်းဝါးနှင့် တိုက်ဝါးတို့ဖြင့် ရက်လုပ်နိုင်သော်လည်း တင်းဝါးဖြင့်ရက်လုပ်သည့် ဝါးထရံများကို အများနှစ်သက်ကြသည်ဟု သိရသည်။

 

“တင်းဝါးတစ်လုံးလျှင် ဒေသပေါက်ဈေး (၅၀၀)ကျပ်နှုန်း ရှိပါတယ်။ ဝါးတစ်လုံးအား လေးခြမ်းခွဲစိတ်လျက် တစ်ခြမ်းလျှင် အလွှာသုံးလွှာဓားဖြင့် ခွဲစိတ်ပြီး ရက်လုပ်ရပါတယ်။ ရက်လုပ်ပြီးလျှင် အလျား (၁၅)ပေ၊ အနံ (၈)ပေ တစ်ချပ်လျှင် ငွေကျပ် ၂၂၀၀၀ နှုန်းဖြင့် ရောင်းရပါတယ်” ဟု ဝါးထရံရက်လုပ်သူ ဦးမိုးအေး က ပြောသည်။

 

အဆိုပါဝါးထရံများ ရက်လုပ်ခြင်း၊ ခွဲခြမ်းပြုလုပ်ကြခြင်းများအတွက် လေ့လာသင်ကြားလိုလျှင်လည်း အခမဲ့ သင်ကြားပေးနေကြောင်း သိရသည်။

 

မောဟေမာန် (ပြန်/ဆက်)