အိမ်သုံးဆား၏ ဆေးဖက်ဝင်အကျိုးကျေးဇူးများ

ကြည်လွင်မြင့်(မုဒြာ) 

 

အိမ်သုံးဆားကိုဈေးပေါသည်ဟူ၍ အထင်မသေးနှင့်။ အငန်အရသာသည် လူတို့၏ သက်စောင့်ဓာတ်တစ်ပါးဖြစ်သည့်အပြင် သုံးတတ်လျှင် ရောဂါဘယများစွာ ပျောက်ကင်းစေနိုင်သော ဆေးဖက်ဝင် အာနိသင်များစွာရှိသည်။ ဆားကိုအသုံးပြုသည့် အိမ်သုံးဆေးနည်းတို(ဆေးမြီးတို) များစွာရှိသည်။ 

 

အရောင်ကျသက်သာ 

 

စာရေးသူငယ်စဉ်က ညဘက်လသာသာတွင် သူငယ်ချင်းများနှင့် ပြေးတန်းလိုက်တန်းဆော့သည်။ အခန့်မသင့်၍ ကစားဖော်တစ်ဦး၏ ဦးခေါင်းနှင့် မျက်နှာချင်းဆိုင်တိုက်မိသည်။ သူကအရပ်နိမ့်သဖြင့် သူ၏ဦးခေါင်းနှင့် စာရေးသူ၏ ညာဘက်မျက်လုံးမှာကွက်တိကျအောင် တိုက်မိသည်။ မျက်စိတွင်ပြာပြီး လဲကျသွားသည်။ အိမ်ပြန်ရောက်သောအခါ စာရေးသူ၏ မျက်လုံးအိမ်နှင့် မျက်ခွံပါဖူးရောင်နေသည်။ စာရေးသူ၏အဘွားသည် နံနက်လင်းသည်အထိ မစောင့်ချက်ချင်းပင် မီးဖိုပြီး ရေနွေးအိုးကို ဆူအောင်တည်သည်။ ဆားကိုအဝတ်ပါးဖြင့်ထုပ်ပြီး ကြပ်ထုပ်ပြုလုပ်သည်။ နှစ်ထုပ်ပြုလုပ်ထားသည်။ ရေနွေးအိုးပေါ်တွင်တင်ပြီး အပူငွေ့ခံသည်။ တစ်ထုပ်အေးလျှင် တစ်ထုပ်ထိုးနိုင်အောင် နှစ်ထုပ်ပြုလုပ်ခြင်းဖြစ်သည်။ 

 

စာရေးသူ၏ ဖူးရောင်နေသောမျက်ခုံးနှင့် မျက်လုံးပေါ်၌ အိမ်တွင်ရှိသာ နှမ်းဆီကိုကြေးဇွန်းတွင်ထည့် မီးအပူပေးပြီး လိမ်းသည်။ ဆားကြပ်ထုပ်ကိုခံနိုင်ရည်ရှိသမျှ ပူပူနွေးနွေးလေး ကပ်ကာထိုးပေးသည်။ တစ်နေ့လျှင် သုံးကြိမ်ခန့် ဆားကြပ်ထုပ်ထိုးပေးခြင်းဖြင့် အရောင်ကျသက်သာသွားသည်ကို မှတ်မိနေပါသည်။

  

ဆားကြပ်ထုပ် 

 

ဆားကိုအသုံးပြုသည့် မြန်မာ့ရိုးရာကုထုံးအများအပြားရှိရာ ဆားကြပ်ထုပ်ထိုးခြင်းသည်လည်း ထိခိုက်ဒဏ်ရာများနှင့် အရိုး၊ အကြော၊ အဆစ်များရောင်ခြင်း၊ တင်းခြင်းတို့ကိုပျောက် ကင်းစေနိုင်သည်။ ကြပ်ထုပ်ပြုလုပ်နည်းများစွာရှိသည်။ ချင်း၊ မိဿလင်၊ ကြောင်ပန်းရွက်၊ တမာရွက်၊ လင်းနေ၊ သက်ရင်းကြီး၊ မြေဇာမြက် စသည် ကြပ်ထုပ်ပြုလုပ်နိုင်သည်။ ဆေးဖက် ဝင်အရွက်၊ အမြစ်များစွာရှိသော်လည်း အလွယ်ကူဆုံးနှင့် အခြေခံအကျဆုံးမှာ ဆားကြပ်ထုပ်ဖြစ်သည်။ 

 

ဆားကြပ်ထုပ်ပြုလုပ်ရသည်မှာ အလွန်ပင်လွယ်ကူသည်။ အခြားကြပ်ထုပ် လုပ်နည်းများကဲ့သို့ ဆေးဖက်ဝင်အပင်အရွက်များ ရှာနေရန်မလို။ အိမ်တိုင်း၏ မီးဖိုချောင်တွင် ဆားရှိသည်။ ဆားနုဖြစ်စေ၊ ဆားကြမ်းဖြစ်စေအကြမ်းပန်းကန်တစ် လုံးစာခန့်ကိုအဝတ်၊ ပိတ်စသို့မဟုတ် ပုဆိုးဟောင်းဖြင့် အထုပ်ပြုလုပ်ရုံသာဖြစ်သည်။ အထုပ်၏ အရွယ်မှာလက်သီးဆုပ်ခန့်ရှိလျှင် ပို၍ကောင်းသည်။ 

ဆားကြပ်ထုပ်သည် ထိခိုက်ဒဏ်ကြောင့် ရောင်ခြင်း၊ နာခြင်းအတွက် အလွန်ပင်အစွမ်းထက်ပါသည်။ နွားကန်ခံရသဖြင့် ခါးနာသောဘကြီးတစ်ဦးမှာ သက်ရင်းကြီးရွက်ကိုဆား နှင့်ရောထောင်း ကြပ်ထုပ်ပြုလုပ်ပြီးရေနွေးငွေ့ဖြင့် အပူပေးကာ ကြပ်ထုပ်ထိုးသဖြင့် သက်သာပျောက်ကင်းသည်ကိုလည်း တွေ့ရဖူးပါသည်။ အလွန်ဒဏ်ကြေသော ဆားကြပ်ထုပ်ဖြစ်ပါသည်။ ရေနွေးငွေ့ခံရာတွင် ဆူပွက်အောင်တည်ထားသော ရေနွေးငွေ့ကို ဒန်အိုးအဖုံးတွင် အပေါက်ငယ်လေးများဖောက်၍ အငွေ့ထွက်အောင်ပြုလုပ်လျှင် ပိုကောင်းသည်။ အချို့ထမင်း ပေါင်းအိုးများတွင် ရေနွေးငွေ့ဖြင့် ထမင်းကို ပြန်နွှေးရန်အတွက် ဆန်ခါပါသည်။ ဆားကြပ်ထုပ်ထိုးရာတွင် မလောင်စေရန် အပူငွေ့ကိုချိန်ဆပြီးတိုးပေးသင့်သည်။ အလွန်ပူလွန်းလျှင် အသားကို လောင်နိုင်သည်ကိုသတိပြုရမည်။ 

 

ဆားဖြင့် ထူးခြားသောရောဂါပျောက်ကင်းမှုများ

  

စာရေးသူ၏ မိတ်ဆွေ အသက် ၅ဝ ကျော် အရာရှိကြီး တစ်ဦးသည် အသက်အရွယ်နှင့် မလိုက်အောင် ထိပ်ပြောင်ပြီး ခေါင်းချွေးလည်း အထွက်များသည်။ အထူးသဖြင့် ပူအိုက်သော ရာသီတွင် ခေါင်းချွေးများစီးကျပြီး လက်ကိုင်ပဝါတစ်ထည်ဖြင့် အမြဲသုတ်နေရသည်။ အဲယားကွန်းဖွင့်ထားသော အခန်းတွင် နေရသည်သာ အဆင်ပြေသည်။ အေးလွန်း၍ ခေါင်းချွေးခြောက်သွားလျှင်လည်း နှာစေးသောရောဂါကို ခံစားရလေ့ရှိသည်။ 

 

ခေါင်းချွေးထွက်ခြင်းသက်သာလာ 

 

ထိုခေါင်းချွေးထွက်သောမိတ်ဆွေနှင့် တလောကတွေ့သောအခါ သူ၏ခေါင်းချွေးထွက်ရောဂါနှင့် နှာစေးရောဂါ သက်သာပျောက်ကင်းနေသည်ကိုတွေ့ရှိရသည်။ သူ၏ ပြောပြချက်အရ မြန်မာဆရာကြီးတစ်ဦး၏ လမ်းညွှန်မှုဖြင့် ညစဉ်အိပ်ရာမဝင်မီ ခြေဖဝါးကိုဆားပွတ်ပြီး အတော်အသင့်ပူလာသောအခါ ဒူးအထက်ပေါင်လယ်ခန့်မှ အောက်သို့ ရေလောင်းခြေဆေးပြီးမှ အိပ်ရာဝင်သည်။ ရေကိုလည်းရေအေးအသုံးပြုပြီး ဖလားဖြင့် ၁ဝ ခွက်ခန့် လောင်းဆေးသည်။ ထိုသို့ဆေးပြီး တစ်ပတ်ခန့်ကြာသည့်အချိန်မှစ၍ ခေါင်းချွေးထွက်ခြင်း သက်သာလာသည်ဟုဆိုသည်။ 

 

မျက်စိအမြင်ကြည်လင် 

 

ထိုသူတွင် ဆားပွတ်ရေလောင်းခါစက နံနက်အိပ်ရာထလျှင် မျက်ဝတ်များထွက်ပြီး မျက်စိကြည့်မကောင်းသလို ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် မျက်ဝတ်မထွက်တော့ဘဲ မျက်စိအမြင်ကြည်လင်ပြီး ပို၍ပင်ကြည့်ကောင်းလာသည်။ တစ်လခန့်ကြာသောအခါ ခေါင်းချွေးထွက်ခြင်း လုံးဝမရှိတော့ ဘဲခေါင်းချွေးဖြင့် အအေးပပ်၍ နှာစေးသောရောဂါပါ ပျောက်ကင်းသွားသည်ဟု ကိုယ်တွေ့ ဖြစ်ရပ်ကိုပြောပြပါသည်။  

 

ခြေဖဝါးဆားပွတ်ခြင်းနည်းဖြင့် အပူအပုပ်ခိုးများအောက် သို့ဆွဲချသောနည်းရှိသကဲ့သို့ ဆားနင်းခြင်းဖြင့်လည်း မျက်စိနှင့် ဦးနှောက်အတွင်းသို့ တက်သောအပူအပုပ်အခိုးများကို ဆွဲယူသောနည်းလည်းရှိသည်။ 

 

ဆားနင်းခြင်းသည်လည်း ရေရှည်လုပ်လျှင်ထိရောက်သော ကျန်းမာရေး နည်းလမ်းကောင်းဖြစ်သည်။ ပင်လယ်ပြင်မှရေကို လယ်ကွက်ကဲ့သို့ ပြန့်ပြူးသော မြေပြင်သို့ သွင်းယူပြီးနောက် နေလှန်းသောအခါ အပူရှိန်ပြင်းသဖြင့် ရေများအငွေ့ပျံသွားသည်။ ဆားတို့သည် ကျန်နေခဲ့သည်။ ထိုသဘာဝနေလှန်းဆားမှာ အဖြူရောင်မဟုတ်၊ ညိုညစ်ညစ်အရောင် ဖြစ်သည်။ သဘာဝဆားကို ချွတ်ဆေးသုံးပြီး ချွတ်လိုက်သောအခါမှသာ ဖြူဖွေးသောဆားကိုရရှိသည်။ တကယ်တမ်းဆေးဖက်အဖြစ် အသုံးပြုမည်ဆိုလျှင် ချွတ်ဆေးမသုံးသော သဘာဝဆားမှာ ပို၍ဆေးဖက်ဝင်မည်ဖြစ်သည်။ 

 

ဆားသည် အပုပ်အစပ်မှန်သမျှ စုဝေးသောချောင်း မြောင်းတို့မှ လာသော်လည်းအပုပ်အစပ်တို့ကို ပြန်လည်ထိန်း ချုပ်ရာတွင် အရေးပါသောပစ္စည်းဖြစ်သည်။ ငါး၊ ပုစွန်စသည်များ ပုပ်သိုးပြီးအနံ့ဆိုးမထွက်စေရန်၊ အကောင်မပျက်စေရန် စီမံရာတွင် ဆားကိုအသုံးပြုသည်။ ဆားသည်အပုပ်အခိုးမှန်သမျှ စုပ်ယူရုံသာမကပျောက်ကွယ်သွားအောင် ချေဖျက်ပစ်နိုင်စွမ်းရှိသည်။ 

 

ပါးစပ်နံခြင်းပျောက်ကင်း 

 

ရှေးကလူကြီးများသည် ဆားနှင့်သွားတိုက်ကြသည်။ ဆားကပါးစပ်အတွင်းမှ အပုပ်အစပ်များကို စုပ်ယူသွားသဖြင့် ပါးစပ်နံခြင်းကိုပျောက်ကင်းစေသည်။ ဆားရည်နှင့် ပလုတ်ကျင်းရုံဖြင့် သွားနာ၊ သွားဖုံးနာ၊ လည်ချောင်းနာ၊ အာခေါင်နာများ ပျောက်ကင်းစေနိုင်သည်ဟု ဆိုသည်။ 

 

ဆားရည်ကို ပလုတ်ကျင်းရုံသာမက မျက်စဉ်းလည်းခတ်နိုင်သည်။ ဓာတုဗေဒဆေးရည်ဖြင့် ပြုလုပ်သောမျက်စဉ်း အမျိုးမျိုးရှိသော်လည်း ဆားရည်သည် မျက်စိနာနှင့်သင့်သည်။ မတည့်၍ ဘေးဒုက္ခပေးခြင်းမရှိပေ။ အဖျားနှင့် ညောင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ကို ဆားရည်မျက်စဉ်း ခတ်ပေးလျှင် သက်သာသည်ဟုရှေးလူကြီးများက ယူဆကြသည်။ 

 

ကြွက်သားများကိုလည်း အားကောင်းစေ 

 

ဆားသည် ကြွက်သားများကိုလည်း အားကောင်းစေသည်။ ချွေးထွက်များလျှင် အားကစားသမားများ ကြွက်တက်တတ်သည်။ ချွေးနှင့်အတူ ဆားဓာတ်ပါသွားသဖြင့် ကြွက်တက်ရခြင်း ဖြစ်သည်။ ကြွက်တက်သည်ကိုဆားရည်ဖျော်ပြီး ချက်ချင်းတိုက်ပေးခြင်းဖြင့် ကြွက်တက်ခြင်းကို ပြေလျော့စေနိုင်သည်။ ဝမ်းသွားဖန်များလျှင်လည်း ရေဓာတ်သာမကဆားဓာတ် ပိုဆုံးရှုံးသွားသဖြင့် ကြွက်တက်တတ်သည်။ ထို့ကြောင့် ဝမ်းသွားသူများကိုအချိုရည်နှင့် ရော၍ဓာတ်ဆားရည်ကိုပါ သွင်းပေး ရသည့် ကုထုံးရှိသည်။

  

ဆေးကျမ်းများ၏ အဆိုအမိန့်များ 

 

ဗင်္ဂလားဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသည့် ဘေသဇ္ဇမဉ္စူသာ ဆေးကျမ်းကြီးတွင် ဆား (လဝဏ) ငန်သော ရသသည် ဝမ်းမီးကို ပြုတတ်၏။ ကိုယ်၏ထိုင်းမှိုင်းခြင်း၊ ကြမ်းတမ်းခြင်းကို ပယ်ဖျောက်တတ်၏။ ချွေးကိုထွက်စေတတ်၏။ နှုတ်ကို မြိန်စေတတ်၏။ ဓာတ်သွားခြင်းကို ပြုတတ်၏။ သွေးလေကို ဖြစ်စေတတ်၏။ လွန်စွာသုံးဆောင်လျှင် ဆံကျွတ်ခြင်းကိုလည်းကောင်း၊ ဆံဖြူခြင်းကိုလည်းကောင်း၊ အရေတွန့်ခြင်းကိုလည်းကောင်း ဖြစ်စေတတ်၏။ 

 

အာယုဗေဒကျမ်းရင်း စရကကျမ်း၌ ငန်သောအရသာသည် အစာကိုကြေစေတတ်၏။ ဝမ်းမီးကိုတောက်စေတတ်၏။ ဝမ်းကို သက်စေတတ်၏။ လေကိုပယ်တတ်၏။ လျှာရည်ယို စေတတ်၏။ ကျင်ကြီး၊ ကျင်ငယ်လမ်းတို့ကို သုတ်သင်ရှင်းလင်းတတ်၏။ ထိုငန်သောရသကို လွန်စွာစားမူသည်းခြေပျက်စေတတ်၏။ သွေးကိုပွားစေတတ်၏။ ရေငတ်စေတတ်၏။ မူးဝေစေတတ်၏ (သွေးတိုးရောဂါ လက္ခဏာနှင့် တူသည်) ဟုဖော်ပြ ထားသည်။ 

 

ဆေးအဘိဓာန်အဖွင့်ကျမ်းတွင် ပကတိဆား၏ဂုဏ်သည် ကားလေကြောင့် ဝမ်းလား သော်လည်းကောင်း၊ လေကြောင့် ဝမ်းချုပ်သော်လည်းကောင်း၊ ဝမ်းပြည့်သော်လည်းကောင်း၊ သလိပ်ခြောက်သွေ့သော်လည်းကောင်း၊ မအိပ်သော်လည်းကောင်း၊ ချွေးမထွက်သော်လည်းကောင်း၊ ခံတွင်းမချမ်းသာသော်လည်းကောင်း ဤသို့အားဖြင့် ခပ်သိမ်းသောအနာတို့၌ သင့်လျော်၏ ဟုဆို၏။ 

 

ဒဗ္ဗဂုဏဆေးကျမ်းတွင် ဆားသည် (သမုဒ္ဒရာမှဖြစ်သော ဆားကိုဆိုလိုသည်) အစာကြေခြင်းကို ပြုတတ်၏။ သွေး၊ လေ၊ သလိပ်တို့ကိုကြေစေတတ်၏။ အသံသာခြင်းကို ဖြစ်စေတတ်၏ ဟုဖော်ပြထားသည်။ 

 

သမားတော်ဆရာကြီးဦးဘသင်၏ ရှုတော်မူဆေး အဘိဓာန်တွင်ဆား(လဝဏ)သည် အစာမကြေသောအနာ၊ ရင်လေးသောအနာ၊ သွေးပူသောအနာ၊ သလိပ်ခြောက်ကပ်သောအနာ၊ ကုတ်ဟီးချောင်းဆိုးနာ၊ လေအားကြီးသောအနာတို့ကိုနိုင်၏။ 

 

အိမ်သုံးဆားဖြင့် ရောဂါပျောက်ကင်းနိုင်သော ဆေးနည်းတိုများ- 

 

၁။ ကလေးများဥတုအကူးတွင် ချွဲပူထပြီးချောင်းဆိုးရင် ကြပ်ရောဂါဖြစ်လျှင် အိမ်သုံးဆားကို ကွမ်းရွက်တွင် ကန်တော့ထိုး၍ အထုပ်ငယ်လေးများပြုလုပ်ကာ သံပြားပေါ်တွင်တင်၍ မီးအပူပေးပြာချပါ။ ထိုကွမ်းရွက် + ဆား ပြာကိုသံပရာရည်ဖြင့် ဖျော်၍ တိုက်ပေး၊ လျက်ပေးလျှင် ချောင်းဆိုးရင်ကျပ်ရောဂါ ပျောက်ကင်းစေနိုင်သည်။ 

 

၂။ လူကြီးများရေချိုးမှားအပူငုပ်၍ ချောင်းဆိုးလျှင် အိမ်သုံးဆားဟင်းစားဇွန်းတစ်ဇွန်းကို ဒယ်အိုးဖြင့် နီအောင်လှော် ပူနေတုန်းသံပရာသီးတစ်လုံး အရည်ညှစ်ချဖျော်ပြီး လျက်ပေးပါ။ အပူငုပ်အသံဝင် ချောင်းဆိုးပျောက်ကင်းနိုင်သည်။ 

 

၃။ ဥတုအကူးအပြောင်းတွင် လေတိုက်အခိုးငုပ်၍ ခန္ဓာကိုယ်အရေပြားတွင် မိတ်ကဲ့သို့ ယားဖုများထွက်လျှင် သနပ်ခါးအမြစ်ကို ဆားဖြင့်ရောသွေးလိမ်းခြင်းဖြင့် သက်သာစေနိုင်သည်။ 

 

၄။ မိတ်အိုင်းကဲ့သို့ ယားဖုကြီးများထွက်လျှင် ခရေပွင့်ခြောက်ကို ဆားအနည်းငယ်ဖြင့် သနပ်ခါးကျောက်ပျဉ်တွင် ရောသွေးလိမ်းလျှင် ပျောက်ကင်းနိုင်သည်။ 

 

၅။ သာမန်မျက်စိနာ မျက်စိနီရဲသူများ ဆားရည်ဖျော်၍ အရည်ကြည်ကိုမျက်စဉ်းခတ်ပေးလျှင် မျက်စိနာခြင်း၊ နီရဲခြင်း၊ မျက်သားယားခြင်းပျောက်ကင်းနိုင်သည်။ 

 

၆။ ရုတ်တရက် ရေနွေးငွေ့ဟပ်မိလျှင် ဆီပူလောင်လျှင် ဆားလက်တစ်ဆုပ်ခန့်ကို ရေအေးတစ်ဖလားတွင်ဖျော်ပြီး စိမ်ပေးလျှင် အပူလောင်ဖုမထွက်ဘဲ ပျောက်ကင်းနိုင်သည်။ 

 

၇။ ဓာတ်ဆီ၊ ရေနံဆီ၊ ဓာတုပစ္စည်းတစ်မျိုးမျိုးပါးစပ်ထဲဝင်လျှင် ဆားရည်ဖျော်၍ မတ်ခွက်တစ်လုံးခန့်သောက်ပြီး အာခေါင်သို့ လက်ထိုးအန်ပစ်လျှင် အဆိပ်သင့်ခြင်းမှ သက်သာစေနိ်ုင်သည်။ 

 

၈။ ခြေဖဝါးအသားမာနှင့် ဂျွတ်တတ်သော ယားနာများကို ရေမချိုးမီမန်ကျည်းမှည့်နှင့် ဆားရော၍ ပွတ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။ 

 

၉။ ပုရွက်ဆိတ်ကိုက်ခြင်း၊ ကြမ်းပိုးကိုက်ခြင်းကြောင့် အရေပြားတွင် အပိမ့်များထလျှင် ဆားနှင့် နနွင်းမှုန့်ကိုရော၍ ရေဖျော်လိမ်းပေးလျှင် သက်သာစေသည်။ 

 

၁ဝ။ လေထိုးလေအောင့်ဖြစ်လျှင် ဆားကိုလှော်ပြီးရှောက် သီးအရည်ဖြင့် အကြမ်းပန်းကန်တစ်လုံးစာ တိုက်ပေးခြင်းဖြင့် ထိုးအောင့်ခြင်းမှ သက်သာစေနိုင်သည်။