အိမ်သစ်တွေမှာ ဆိုလာတပ်ဆင်ဖို့ သတ်မှတ်ခံရတဲ့ အမေရိကန်ရဲ့ ပထမဆုံးပြည်နယ် ကယ်လီဖိုးနီးယားဖြစ်လာ

နယူးယောက်  ၁၀  မေ

 

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးအတွက် ကြိုးစားလုပ်ဆောင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က နေအိမ် အိမ်ရာသစ်တွေအားလုံးမှာ ဆိုလာပြားတွေတပ်ဆင်ဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

 

အဆောက်အအုံသစ်တွေမှာ ဆိုလာပြားတွေကို စံချိန်စံညွှန်းမီတပ်ဆင်သွားကြဖို့နဲ့ စနစ်သစ်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စပြီး အသုံးပြုနိုင်မှာဖြစ်ကြောင်း ကယ်လီဖိုးနီးယား စွမ်းအင်ကော်မရှင်က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

 

“ကျွန်တော်တို့ နောက်ကျမှာမဟုတ်ဘူး။ကျွန်တော်တို့ အဦးဆုံးပဲဖြစ်မှာ” လို့ ကော်မရှင်နာမင်းကြီး ဒေးဗစ် ဟော့စ်ချိုင်း က ပြောပါတယ်။ အစီအစဉ်အတိုင်းဆိုရင် အိမ်ရာမှာ နေထိုင်သူ အိမ်ပိုင်ရှင်တွေဟာ အပေါင်ကြေး ဒေါ်လာ ၄၀ ပိုပေးရဖို့ ရှိနေပေမယ့်လည်း  မီးလင်းခ၊ အပူအအေးခ စတဲ့ အိမ်အသုံးစရိတ်တွေမှာ တစ်လကို ဒေါ်လာ ၈၀ သက်သာမှာဖြစ်ပါတယ်။

 

ဒီလိုမျိုးပုံစံအသစ်ဟာ ကျောက်ဖြစ်ရုပ်ကြွင်းဓာတ်ငွေ့သုံးကားအစီးရေ ၁၁၅၀ဝဝ နဲ့ ညီမျှတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု ကို ဖြတ်တောက်လျှော့ချနိုင်မှာဖြစ်တယ်လို့ ကော်မရှင်က ဆိုထားပါတယ်။

 

လာမယ့်နှစ်တွေမှာ အခြားပြည်နယ်တွေကိုလည်း အလားတူတပ်ဆင်သွားနိုင်ဖို့ ရည်ရွယ်ထားကြောင်း အဖွဲ့ဝင်တွေက ဆိုပါတယ်။ နည်းစနစ်သစ်တွေကြောင့် အဆောက်အအုံတွေဟာ အရင်ထက်ပိုမို ကောင်းမွန်လာမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ ယုံကြည်စိတ်ချရတဲ့ ဆိုလာ လေးထောင့်ပြားတွေကို တပ်ဆင် ပေးသွားမှာဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် အန်ဒရူး မက် အလီစတာက ထုတ်ပြန်ပြောကြားပါတယ်။

 

ကိုယ်တိုင်ထုတ်သန့်စင်စွမ်းအင်တွေ အလုံအလောက်ပါရှိတဲ့ အဆောက်အအုံတွေကို ဝယ်ယူနေထိုင်နိုင်မှာ ဖြစ်တဲ့အတွက် ကယ်လီဖိုးနီးယားပြည်နယ်သားတွေအတွက် အင်မတန်အဆင်ပြေမှာ ဖြစ်တယ်လို့ သူက ထပ်မံပြောပါတယ်။

 

အစီအစဉ်အရ အရိပ်အကာပါရှိတဲ့ အိမ်အပါအဝင် အချို့အိမ်သစ်တွေမှာတော့ ဆိုလာပြားမတပ်ဆင်လျှင်လည်း ဖြစ်တယ်လို့ သိရပါတယ်။အိမ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ပြည်နယ်မှာ အဆောက်အအုံသစ် စီမံကိန်းကြောင့် ဆောက်လုပ်ခတွေ အပါအဝင် ကုန်ကျစရိတ် ဒေါ်လာ တစ်သောင်းနီးပါး တိုးလာမှာဖြစ်တဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

အဆိုပါ ပြည်နယ်မှာ ၂၀၃၀ ခုနှစ်အရောက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်ကနေ လျှပ်စစ်ဓာတ်အား ၅၀ ရာခိုင်နှုန်း ရရှိဖို့ လျာထားတယ်လို့လည်း သိရပါတယ်။

 

(MDN) 

ကိုးကား-AFP