အိမ်ငှားလုပ်ငန်းဆောင်ရွက်သူများ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး လုပ်ငန်းလိုင်စင် လျှောက်ထားရမည်

မန္တလေး ၉ ဇန်နဝါရီ

 

မန္တလေးမြို့တွင်း အိမ်ငှားရမ်းသည့် လုပ်ငန်းများအနေဖြင့် အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က စတင်ပြီး လိုင်စင်လျှောက်ထား ရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။


မန္တလေးမြို့တော် စည်ပင်သာယာဥပဒေ ပုဒ်မ ၇၆ အရလည်းကောင်း၊ တည်ခိုခန်း၊ ဘော်ဒါဆောင်နှင့် အခန်းလိုက်ငှားရမ်းသော အဆောက်အဦများဆိုင်ရာ စည်ပင်သာယာဥပဒေ ပုဒ်မ ၃ အရလည်းကောင်း အငှားအိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ 


‘၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကစပြီး လုပ်ဖြစ်တာပါ။ လုပ်ငန်းအနေနဲ့ လိုင်စင်က ရှိသင့် တယ်။ ဌားရမ်းတဲ့ စည်ပင်သာယာဥပဒေ ပုဒ်မ ၇၆ အရ အဆောက်အဦတွေ၊ ဌားရမ်းတဲ့ ဘော်ဒါဆောင်တွေ၊ တည်းခိုခန်းတွေ ဌားရင် လိုင်စင်ရှိသင့်တယ်ဆိုတဲ့ ဥပဒေအရ အဌားအိမ်ဌားပိုင်ခွင့်ဆိုတဲ့ လုပ်ငန်းလိုင်စင် ထားရှိရမယ်ဆိုတာ ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်’ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာ ဌာနမှုး ဦးမောင်မောင်မြင့် က ပြောသည်။


မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်းရှိ မြေများကို အုပ်စု A ၊ B ၊ C သတ်မှတ်ထားပြီး အဆိုပါ အုပ်စုအတွင်းရှိ မြေများကို မြေအတန်းစား ထပ်မံခွဲခြားထားကြောင်း သိရသည်။ အုပ်စု A မြေသည် လမ်းမကြီးပေါ်တွင်ရှိလျှင် A1 ၊ လမ်းအကျယ်ပေါ်တွင်ရှိလျှင် A2 ၊ လမ်းအကျဉ်းတွင်ရှိလျှင် A3 စသဖြင့် သတ်မှတ်ထားကြောင်း သိရသည်။


အငှားအိမ်ငှားရမ်း လုပ်ကိုင်သူများ အနေဖြင့် လိုင်စင်ခနှုန်းထားများ သင်တင့်မျှတစေရန် မြေအတန်းအစားပေါ်မူတည်ပြီးလည်းကောင်း၊ အဆောက်အဦအမျိုးအစားအလိုက် စတုရန်းပေ အကျယ်အဝန်းပေါ်မူတည်ပြီးလည်းကောင်း၊ လိုင်စင်ခနှုန်းထားများကို သတ်မှတ်ကောက်ခံသွားမည်ဖြစ်သည်။ 


ပျဉ်ထောင် ၊ နံကပ် ၊ အာဆီ စသည့် အဆောက်အဦနှင့် မြေအတန်းအစားပေါ်မူတည်ပြီး အငှားအိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်နှုန်းထားမှာ အနည်းဆုံး ကျပ်တစ်သောင်းမှ အများဆုံး ကျပ် ၃၅၀၀၀၀ အထိရှိကြောင်း သိရသည်။


အငှားအိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရန်အတွက် ရပ်ကွက်အလိုက် ကွင်းဆင်းကာ အသိပညာပေးများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 


‘ဒီနှစ်မှ စမယ်ဆိုတော့ မြို့နယ်အလိုက် သက်ဆိုင်ရာ ရပ်ကွက်အလိုက်ကို ဇန်နဝါရီလ လဝက်လောက်မှာ ကွင်းဆင်းမယ်။ ပြည်သူလူထုကို ကြိုတင်အသိပေးမယ်။ အခုက သိအောင်အရင်ကြေညာမယ်။ ဘယ်တော့ အပြီးဆောင်ရွက်ပါဆိုပြီး အသိပညာပေးပါမယ်’ ဟု ဦးမောင်မောင်မြင့် ကရှင်းပြသည်။


အသိပညာပေး ကာလကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်ကြာ အသိပညာပေး ဆောင်ရွက်မည်ဖြစ်ပြီး သတ်မှတ်ကာလပြီးလို့ လိုက်နာခြင်းမရှိသည့် အိမ်ငှားလုပ်ငန်းဆောင်ရွက်သူများကို ပြစ်ဒဏ် သတ်မှတ်ခြင်း၊ လုပ်ငန်းရပ်ဆိုင်းသည့် ပြစ်ဒဏ်များ၊ ဒဏ်ကြေးကောက်ခံခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 
အိမို့မို့ခိုင်