အိမ်မဲတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးခြင်းနှင့် တိုင်းရင်းဆေး ကုသခြင်းတို့ ဆောင်ရွက်

အိမ်မဲ ၁၁  ဇူလိုင် 


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ အလက(ခွဲ)ညောင်ဝိုင်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှု တာဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပြီး တိုင်းရင်းဆေးဖြင့် အခမဲ့ကုသခြင်းလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါဟောပြောပွဲတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ဒုရဲအုပ် ညီညီအောင် က လူကုန်ကူးမှု ၏ဆိုးကျိုးများ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာပေးဟောပြောခဲ့ပြီး သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့၍ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်တင့်ခိုင်စိုးက ကျောင်းသား၊ ကျောင်းသူလေးများအား သွေးလွန်တုပ်ကွေး ရောဂါအကြောင်းနှင့် ကာကွယ်ရန် နည်းလမ်းများကို ရှင်းလင်း အသိပညာပေး ဟောပြောခဲ့ပြီး ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကြောတက်၊ သွေးတိုး၊ နှလုံးရောဂါများရှိသည့် ဆရာမများ၊ ကျောင်းသားကျောင်းသူများအား တိုင်းရင်းဆေးဖြင့် အခမဲ့ဆေး ကုသပေးခဲ့ကြောင်း သိရသည်။


ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ချစ်သက်လယ်(အိမ်မဲ)