အိမ်ခြံမြေဈေးကွက်တွင် အသစ်ဖြစ်နေခြင်း၊ အိမ်ခြံမြေလောကတွင် ကွန်ဒိုကောင်းများ လိုအပ်နေခြင်းကြောင့် ပြည်ပရင်းနှီးမြုပ်နှံသူများ စိတ်ဝင်စားနေ

mdn

ရန်ကုန် ၂၇ သြဂုတ် 

 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အိမ်ခြံမြေဈေးကွက်တွင်အသစ်ဖြစ်နေခြင်းနှင့် အိမ်ခြံမြေလောကတွင်လည်း ကွန်ဒိုကောင်းများ လိုအပ်နေခြင်းတို့ကြောင့် လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်နေခြင်းဖြစ် ကြောင်း Golden Land Real Estate Development Co., Ltd မှ ဈေးကွက်ဒါရိုက်တာဖြစ်သူ Mr. Alex Lee က ပြောကြားသည်။

 

“အရှေ့တောင်အာရှမှာ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်ကအသစ်လဲဖြစ်တယ်။ ပထမ အစိတ်အပိုင်းလည်း ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ လိုအပ်နေပါတယ်။ အိမ်ခြံမြေ လောကမှာလဲ ကွန်ဒိုကောင်းကောင်း လိုအပ်နေတဲ့ အခြေအနေကိုတွေ့ရတဲ့အတွက် ကျွန်တော်တို့ဘက်က လာရောက်ရင်းနှီးမြုပ်နှံတာပါ” ဟု Mr. Alex Lee က ပြောသည်။

 

ထို့ပြင် စီးပွားရေးနှင့်အခြေခံအချက်အလက်များအရ မြန်မာနိုင်ငံသည် အခြားသောနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တည်ငြိမ်မှုရှိသည့်အတွက် လာရောက်ရင်းနှီးမြုပ်နှံခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်သောဒီဇိုင်းပိုင်းဆိုင်ရာများ လိုအပ်နေသည့်အတွက် ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် ပိုမိုစိတ်ဝင်စားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆင့်မြင့်လူနေအိမ်ရာနှင့် စီးပွားရေးဘက်စုံသုံးအထွေထွေစီမံကိန်းတစ်ခုဖြစ်သော Golden City စီမံကိန်းကို ၂၀၁၄ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပထမဆုံးဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ဒို မီနီယံစီမံကိန်းတစ်ခုဖြစ်သည်။ ရန်ကုန်မြို့၏ ရန်ကင်းမြို့နယ်တွင် တည်ရှိသော အဆိုပါစီမံကိန်းသည် စင်္ကာပူနိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံလုပ်ကိုင်ခြင်းဖြစ်သည်။ 

 

အဆိုပါစီမံကိန်းတွင် အထပ်ပေါင်း ၃၃ ထပ်အမြင့်ရှိ အဆင့်မြင့်လူနေအိမ်ခန်းများ၊ စီးပွားရေးစင်တာများ၊ ရှောပင်းမောလ်များ၊ ဟိုတယ်နှင့် ဆားဗစ်အပတ်မင့်များ ပါဝင်မည်ဖြစ်ကာ ပထမအဆင့်တိုက်ခန်း များနှင့် ရုံးခန်းတာဝါများကို ဝယ်ယူသူများထံ အပ်နှံပြီးဖြစ်ကာ စီမံကိန်းတစ်ခုလုံးကို ၂၀၂၀ တွင် အပြီး တည်ဆောက်မည်ဟု သိရသည်။ စီမံကိန်းအတွက် ရင်းနှီးမြုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၉၀ ရင်းနှီးမြုပ်နှံထားကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ထိန်လင်း