အီရတ်နိုင်ငံရှိ အမေရိကန်နိုင်ငံသားများ ချက်ချင်းထွက်ခွာကြရန် အမေရိကန်တိုက်တွန်း

ဘဂ္ဂဒက် ၄ ဇန်နဝါရီ

 

အမေရိကန်၏လေကြောင်းမှ စီးနင်းတိုက်ခိုက်မှုကြောင့် အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီနှင့် အီရတ်ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့မှ ထိပ်တန်းတပ်မှူးတစ်ဦးဖြစ်သူ အဘူမာဒီအယ်လ်ဆူမန်ဒစ်တို့ သေဆုံးခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးမှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ၌ အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံသား အားလုံး ၎င်းနိုင်ငံတွင်းမှ ချက်ချင်းထွက်ခွာသွားကြရန် တိုက်တွန်းခဲ့သည်။

 

အီရတ်နိုင်ငံနှင့် ဒေသတွင်း၌ တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန် နိုင်ငံသားများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း၌ ခရီးသွားလာမှုဆိုင်ရာ အကြံပေးမှုများကို အလေးထားရန်နှင့် အီရတ်နိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံသားအားလုံး ယင်းနိုင်ငံတွင်းမှ ချက်ချင်းထွက်ခွာကြရန် ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ အထူးတပ်ဖွဲ့ ထိပ်တန်းတပ်မှူး ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်း မန်းနီနှင့် ၎င်း၏ရောင်းရင်းများ သွေးမြေကျသေဆုံးရမှုအတွက် ကြမ်းတမ်း သော လက်စားချေမှုကို အသင့်ကြိုလင့်ထားရမည်ဟု အီရန်နိုင်ငံ၏ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီခါမေနီက ဇန်နဝါရီ ၃ ရက်တွင် ပြောကြား ခဲ့မှုကို အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြသည်။

 

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်-ဇော်ဝင်း